ရခိုင် -မြောက်ဦးကိုယူနက်စကိုအသိအမှတ်ပြုဖို့ အဆိုပြုလွှာ တင်

သမိုင်းဝင်ရှေးဟောင်း ဓာတ်ပုံ မူပိုင် Getty Images
Image caption အဆိုပြုလွှာမူကြမ်းမှာ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ် အမျိုးအစားပေါင်း ၂၇ မျိုးကိုထည့်သွင်းရေးဆွဲထားတာဖြစ်

ရခိုင်ပြည်နယ်က ရှေးဟောင်းသမိုင်းဝင် အဆောက်အုံတွေ အများအပြားရှိနေတဲ့ မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာဖို့ ယူနက်စ်ကိုအသိအမှတ်ပြုရေး အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလ ၂၄ ရက်နေ့က တင်သွင်းလိုက်ပြီလို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။

အဲ့ဒီအဆိုပြုလွှာမူကြမ်းမှာ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ် အမျိုးအစားပေါင်း ၂၇ မျိုးကိုထည့်သွင်းရေးဆွဲထားတာဖြစ်ပြီး နန်းတော်ကုန်း၊ တံတိုင်း၊ ကျုံး၊ ပိဋကတ်တိုက်၊ စဉ့်ထည်၊ စဉ့်ဖို၊ ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေနဲ့ စပါးကျီတွေ စတဲ့အမွေအနှစ်တွေပါဝင်တယ်လို့ သူကပြောပါတယ်။

ဒီအဆိုပြုလွှာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ စတင်ပြုစုခဲ့တာဖြစ်ပြီး နှစ်နှစ်တာကာလအတွင်းပြုစုခဲ့ရတဲ့အချိန်မှာ ဒေသမတည်ငြိမ်မှုတွေကြောင့် အခက်အခဲတွေလည်းရှိခဲ့တယ်လို့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။

" ယူနက်စကိုက လည်းဇန်နဝါရီလောက် နောက်ဆုံးထားပြီး မေးမှာတွေရှိတယ် သူတို့လိုအပ်တာတွေကိုအချိန်နဲတပြေးညီ ပြန်ဖြေရမှာပါ"လို့ ဒေါ်ခင်သန်းကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမိုင်းဝင်အမွေအနှစ်တွေကို ထိန်းသိမ်းမှုအားနည်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်တွေ အများပြားစုစည်းတည်ရှိနေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီသမိုင်းဝင်အမွေအနှစ်တွေဟာ ထိန်းသိမ်းမှုအားနည်းပြီး၊ သဘာဝဘေး ဒဏ်တွေကြောင့် မကြာခဏ ပြိုပျက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

မကြာသေးခင်ရက်ပိုင်း စက်တင်ဘာ ၈ ရက်နေ့ ကလည်း မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ လက်ကောက်ဈေး ရပ်ကွက်အတွင်းမှာရှိတဲ့ မြို့အဝင် မောက်တော်တံခါးဟာ မိုးကြီးပြီးပြိုပျက်သွားခဲ့ပါတယ်။ အဲ့ဒီပြိုပျက်မှုကြောင့် တံခါးရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ပျက်စီးသွားခဲ့တယ်လို့ကော်မတီကပြောပါတယ်။

လက်ရှိမှာလည်း မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာဖို့ ယူနက်စကို အသိအမှတ်ပြုခံရရေးအတွက် ကြိုးစား ဆောင်ရွက်နေကြတာဖြစ်ပြီး အခုလိုဆောင်ရွက်နေတဲ့အချိန်မှာ ယဉ်ကျေးမှုအမွေအနှစ်တွေ ပြိုကျပျက်စီးမှုတွေရှိနေ ပေမယ့် ထိခိုက်မှုမရှိနိုင်ဘူးလို့ မြောက်ဦး ရှေးဟောင်းသုတေသဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းက နှစ်ပေါင်း ၅၀၀ ကျော် ၆၀၀ နီးပါးကြာမြင့်နေတဲ့ သဘာဝဘေးဒဏ်ခံ အမွေအနှစ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ငွေကြေးအင်အားမလုံလောက်မှု၊ ဝန်ထမ်းမလုံလောက်မှုတွေကြောင့် အခုလို ထိခိုက်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဒေါက်တာသန်းထိုက်ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြုပြင်ထိန်းသိမ်းဖို့အတွက် ကျွမ်းကျင်ပညာ ရှင်တွေအပိုင်းက ပိုအရေးကြီး

ယူနက်စကို အသိမှတ်ပြုပုဂံမှာ ဝန်ထမ်းအင်အား ၅၀၀ ကျော်ရှိပြီး မြောက်ဦးမှာ ၃၆ ယောက်သာရှိတဲ့အတွက် ဝန်အားနဲ့ လူအင်အားမျှတာတွေလည်းရှိနေပြီး မြောက်ဦးမှာ လာရောက် တာဝန်ထမ်းဆောင်နေကြတဲ့ ရှေးဟောင်းသုတေသန တာဝန်ခံတွေအနေနဲ့လည်း ရခိုင်သမိုင်းကို နားမလည်တာကြောင့် ထိန်းသိမ်းမှုလုပ်ငန်းတွေမှာ လိုအပ်ချက်တွေရှိနေရတာဖြစ်တယ်လို့ ဒေါ်ခင်သန်းက ထောက်ပြခဲ့ပါတယ်။

ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ငွေကြေးတွေကို ရရှိလာပေမယ့် ပြုပြင်ထိန်းသိမ်းဖို့အတွက် ကျွမ်းကျင်ပညာ ရှင်တွေအပိုင်းက ပိုမိုအရေးကြီးပြီး မပြုပြင်နိုင်တဲ့အတွက် မြေပြင်ပေါ်မှာ ပေးဆပ်လိုက်ရတဲ့ အမွေအနှစ်တွေ အများကြီး ရှိနေတယ်လို့ ဒေါ်ခင်သန်းက ပြောကြားခဲ့ပါတယ်။

"ဒေသဖွံ့ဖြိုးရေးဆိုတဲ့ စီမံကိန်းတွေကိုရေးဆွဲပြီးတော့ မြောက်ဦးမှာ ကွန်ကရစ်လမ်းတွေခင်းလာတယ်။ ဒီလမ်းတွေကိစ္စကို ကျွန်မတို့ဘယ်လိုဖြေရှင်းကြမလဲဒါတွေနဲ့ပတ်သက်လို့စီမံခန့်ခွဲမှုစီမံကိန်းတွေရေးဆွဲထားတာမရှိတော့မြောက်ဦးကိုဘယ်လိုထိန်းမလဲ။ လူတွေနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေ သဟဇာတဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအမံတွေမရှိတဲ့အတွက် စိတ်ပူမိပါတယ်။"လို့ ဒေါ်ခင်သန်းကပြောပါတယ်။

ဒါ့အပြင် အခုတင်သွင်းလိုက်တဲ့ အဆိုပြုလွှာမှုကြမ်းဟာ ပထမပိုင်းသာဖြစ်ပြီး နောက်ကျန်ရှိနေသေးတဲ့ အမွေအနှစ်တွေနဲ့ပတ်သက်လို့လည်း ထပ်မံပြီးတင်သွင်းသွားဖို့ရှိနေသေးတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးတွေ ကြောင့် ရှေးဟောင်းအဆောက်အအုံချို့မှာ ထိခိုက်အက်ကွဲမှုတွေ ဖြစ်ပွားနေ

ဒါ့အပြင် တချို့နေရာတွေမှာလည်း ပျက်စီးမှုတွေရှိနေပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးတွေနဲ့ အမြောက်တွေပစ်ခတ်နေတဲ့အတွက် ပြင်းအားများတဲ့တုန်ခါမှုတွေကြောင့် ရှေးဟောင်းအဆောက်အအုံချို့မှာ ထိခိုက်အက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး အမြောက်တွေနဲ့ လက်နက်ကြီးတွေပစ်ခတ်မှုတွေကြောင့် မြောက်ဦးမြို့ရဲ့ အရှေ့ဘက်၊ အရှေ့တောင်ဘက်၊ အရှေ့မြောက်ဘက် အရပ်တွေမှာရှိနေတဲ့ ရှေးဟောင်းအဆောက်အအုံတွေဟာ အတွင်းကြေပြီး ထိခိုက်မှုတွေရှိနေတယ်လို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။

အဲ့ဒီထိခိုက်သွားခဲ့တဲ့ အမွေအနှစ်တွေနဲ့ပတ်သက်လို့ လုံခြုံရေးနဲ့ မိုင်းအန္တရာယ်ကို စိုးရိမ်နေရတဲ့အတွက် သွားရောက်ပြီး စာရင်းကောက်ယူမှုတွေ ပြုလုပ်ဖို့ အခက်အခဲတွေလည်းရှိနေတယ်လို့ သူကဆိုပါတယ်။

မြောက်ဦးရဲ့ လက်ရှိအခြေအနေတွေကြောင့် ယူနက်စကိုအသိအမှတ်ပြုခံရဖို့အတွက် ပုဂံလို အလွယ်တကူနဲ့ အသိအမှတ်ပြုခံရမလား။ ခက်ခဲမလားဆိုတာကို ပြောဖို့အတွက် အခဲအခက်တွေရှိနေတယ်လို့လည်းဆိုပါတယ်။

"ကျွန်မကတော့ သမိုင်းအထောက်အထားရှာဖွေရေး ဥက္ကဋ္ဌ တာဝန်ယူထားတဲ့အတွက် ကျွန်မအနေနဲ့ တတ်နိုင်တဲ့ အထောက်အထားတွေကို ပေးနိုင်ပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှုအပိုင်းနဲ့ စစ်ပွဲရပ်တန့်ခြင်း၊ မရပ်တန့်ခြင်းက မပြောနိုင်တဲ့အတွက် စောင့်ကြည့်ရမယ့်ကိစ္စဖြစ်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဖွဲ့က ဘယ်လိုသဘောထားရှိလဲ၊အစိုးရဘယ်လိုသဘောထားရှိလဲဆိုတာ ကျွန်မအနေနဲ့ မပြောနိုင်သေးတဲ့အတွက်ကြောင့် သုံးသပ်ဖို့ခက်ပါတယ်။"လို့ဒေါ်ခင်သန်းကပြောပါတယ်။