မုံးစီးနယ်မြေစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွား

ဓာတ်ပုံ မူပိုင် Tin Myo Oo
Image caption မုံးစီးစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးဖမ်းခံရ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်မောကျေးရွာအုပ်စု၊ နမ့်ဆာကျေးရွာကို ရောက်ရှိနေတဲ့ မုံးစီးနယ်မြေစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ဦးဟာ စက်တင်ဘာ ၂၉ ရက်နေ့ နေ့လယ် ၁နာရီဝန်းကျင်လောက်မှာ နမ့်ဆာကျေးရွာအထွက်တံတားနားရောက်ရှိစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ခေါ်ဆောင်သွားတာကို ရွာသားအချို့ကတွေ့မြင်ခဲ့ရတယ်လို့ မုံးစီးကျေးရွာအုပ်ချုပ်ရေးမှူးက ဘီဘီစီကိုပြောပါတယ်။

'' မုံးစီးစခန်းမှူးရယ်၊ ဒုရဲအုပ်တစ်ယောက်ရယ် ဂတ်စာရေးရယ် စာရေးတပ်သားတစ်ယောက်ရယ် ပါသွား တယ်လို့ သိရတယ်။ သူတို့က မုံးစီးရွာဘက်သွားတဲ့ နမ့်ဆာကျေးရွာအထွက်တံတားနားမှာ အဖွဲ့အစည်း တွေသွားလာတာနဲ့ သူတို့နဲ့ထိပ်တိုက်ကြုံလို့ ဖြစ်မှာ။''လို့ မုံးစီးကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရွာခံလူထုအနေနဲ့လည်း ပြန်လည်ပြီးတော့ ပြန်ထုတ်ပေးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ သူမကပြောပါတယ်။

သူမ အုပ်ချုပ်တဲ့ မုံးစီးနယ်မြေအနီးတဝိုက်မှာတော့ လတ်တလော တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလို အခုလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခေါ်ဆောင်တာမျိုးလည်း မကြားခဲ့ရဖူးဘူးလို့ ပြောပြပါတယ်။

' ' အခုက တမင်သက်သက်ခေါ်သွားတာလို့တော့မဟုတ်လောက်ဘူး။ သူတို့ရဲ့လမ်းကြောင်းခရီးစဉ်မှာ သွားရင်းလာရင်းနဲ့သတင်းပေါက်ကြားသွားမှာစိုးလို့ ခေါ်သွားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မတို့လည်း အတည်မပြောနိုင်ပါဘူး ။မှန်းဆကြည့်တာပါ။ ဘယ်ကိုခေါ်သွားတာလည်းလို့လည်း အခုထိတော့ မသိရသေးဘူး '' လို့လည်း မုံးစီးကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

အခုလို ရဲတပ်ဖွဲ့ဝင်အချို့ကို ခေါ်ဆောင်သွားစဉ်မှာတွေ့မြင်လိုက်ရသူအချို့ရဲ့ ပြောကြားချက်အရ ခေါ်သွားသူတွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ကလို့ ပြောဆိုတာတွေလည်း ရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဆက်သွယ်မေးကြည့်ရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့ ပြန်လည်ပြောဆိုပါတယ်။

'' သတင်းတွေမှာတွေ့လို့ မေးကြည့်နေတုံးပဲ။ အဲဒီကို ဆက်သွယ်မေးနေတုံးပဲ။ ဟုတ်လားမဟုတ်လား ဘာမှ မသိရသေးဘူး။ ဆက်သွယ်လို့မရသေးဘူး။''လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။

အခုလပိုင်းတွေအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ဆန် မြို့အနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။

လက်ရှိမှာမြန်မာ့တပ်မတော်ဘက်ကလည်း ရှမ်းမြောက်အပါအဝင် စစ်တိုင်း ၅ တိုင်းမှာ တစ်ဘက်သတ် ယာယီအပစ်ရပ်တာကို စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး သက်တမ်းမတိုးဘဲ ရပ်ဆိုင်းလိုက်တဲ့ အခြေအနေ လည်းဖြစ်ပါတယ်။