ကျောက်တော်မှာ လက်နက်ကြီးကျလို့ ကျောင်းထိုင်ဆရာတော်၊ကိုရင်တစ်ပါးအပါဝင် လူ၅ ဦးဒဏ်ရာရ

အောက်တိုဘာ ၁ရက် နေ့လယ်ပိုင်းမှာစစ်တွေဆေးရုံကြီးကို ထပ်မံလွှဲပြောင်း
Image caption အောက်တိုဘာ ၁ရက် နေ့လယ်ပိုင်းမှာစစ်တွေဆေးရုံကြီးကို ထပ်မံလွှဲပြောင်း

အောက်တိုဘာ ၁ ရက် မနက် ၁ နာရီ ကျော်လောက်က ကျောက်တော်မြို့နယ်က မီးဝ ဘုန်းတော်ကြီးကျောင်းကို အမြောက်ကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ လို့ ကျောင်းထိုင် ရခိုင်ပြည်နယ် သံဃနာယကအဖွဲ့ အကျိုးဆောင် အတွင်းရေးမှူးဆရာတော် လက်နက်ကြီးမှန် ပြီးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ် ။

မီးဝ ဘုန်းတော်ကြီးကျောင်းကို အမြောက်ကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ ပြီး သက်တော် ၆၀ ကျော် ကျောင်းထိုင်ဆရာတော် နဲ့ အသက် ၁၃ နှစ်အရွယ် ကိုရင်လေးတစ်ပါးအပါဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီထိခိုက်ဒဏ်ရာသူတွေထဲက ဆရာတော် အဂ္ဂမဟာ သတ္တဓမ္မဇောတိကဓဇ ဦးက္ကန္ဒကနဲ့ ကိုရင်လေး အဂ္ဂသမာဓိ တို့နှစ်ဦး ဒဏ်ရာပြင်းထန်တဲ့အတွက် အောက်တိုဘာ ၁ရက် နေ့လယ်ပိုင်းမှာ ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကြီးကို ထပ်မံလွှဲပြောင်းခဲ့တယ်လို့လည်း အကူညီပေးနေသူတွေထံက သိရပါတယ်။

Image caption ကိုရင်လေးကတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများအပြားရ

အဲ့ဒီကျေးရွာအနီးက အုပ်ချုပ်မှုလုပ်ငန်းဆောင်ရွက်နေတဲ့ တပ်မတော်ရေတပ်သင်္ဘော ရက္ခိုင့်တပ်မတော် ကို အေအေဘက်နေ ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ တပ်မတော်ဘက်က ဘီဘီစီကို အတည်ပြုပြောဆိုထားပါတယ်။

မီးဝဘုန်းတော်ကြီးကျောင်းဟာ အစိုရအသိအမှတ်ပြု ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်းဖြစ်ပြီး အဲ့ဒီကျောင်းမှာ ကျောင်းသား တစ်ရာကျော်ပညာသင်ကြားနေကြတာဖြစ်ပါတယ်။ မနေ့ကဖြစ်စဉ်မှာ ကျောင်းသားငယ်နှစ်ယောက်နဲ့ ဆရာမလေးတစ်ယောက်တို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။

စက်တင်ဘာ၃၀ ရက်နေ့ ညက တပ်မတော် ရေတပ်သင်္ဘော တစ်စီးဟာ ကုလားတန်မြစ်အထက်ပိုင်းကို တက်လာပြီး အဲ့ဒီမီးဝကျေးရွာအနီးတဝိုက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာကနေ ဘုန်းတော်ကြီးကျောင်းအတွင်း အမြောက်ကျည်ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

"အဲ့ဒီမီးဝရွာက ကျွန်တော်တို့ကို ခဏခဏ ပစ်တယ်ဗျ။ တိုက်ပွဲနယ်မြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်ကျည်ကြောင့် မှန်တယ်ဆိုတာကို ဘယ်သူမှလဲမပြောနိုင်ဘူး။ ဒေသခံတွေကလည်း ကျွန်တော်တို့ တပ်မတော်က ပစ်ပါတယ်ဆိုတာကို ဘာနဲ့ အထောက်အထားပြမှာလဲ။"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည်မကျခင် တစ်နာရီလောက်က ရွာအောက်ဘက်ကနေ ပစ်ခတ်သံ သုံးချက်ကြားလိုက် ရတဲ့အတွက် ရွာသားတွေက ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခိုလုံနေခဲ့ကြတာလို့ပြောပါတယ်။

ရွာသားတွေက ဘုန်းတော်ကြီးကျောင်းအနောက်ဘက်က အဆောင်တွေမှာပုန်းနေခဲ့ကြတာဖြစ်ကြောင်းနဲ့ ရေတပ်သင်္ဘော ပြန်ဆင်းလာတဲ့အချိန် ၁ နာရီ ၁၅ လောက်မှာ ကျေးရွာပတ်လည်က ပစ်ခတ်သံတွေ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့တယ်လို့ မီးဝရွာသား ဦးစောလှမောင်ကပြောပါတယ်။

"အခုဒဏ်ရာရတဲ့ဆရာတော်ကလည်း ပြည်နယ်သံဃနာယက အကျိုးတော်ဆောင်တစ်ပါးပါ။ တမင်တကာဖြစ်တာတော့ မဟုတ်ဘူး။ မတော်တဆကျတာပါ။ ဒါပေမယ့် ဒီလိုမကျသင့်ဘူး။ စိတ်မကောင်းဘူး။ သူတို့က သူပုန်လည်းမဟုတ်ဘူး။ သာသနာတော်ကို တမင်တကာ စော်ကားတာပါ။"လို့ အရှင် ဘဒ္ဒန္တစရဏကပြောပါတယ်။

အဲ့ဒီမီးဝကျေးရွာဟ ရက္ခိုင့်တပ်မတော် အေအေနဲ့ ဆက်စပ်နေတဲ့ရွာတစ်ရွာဖြစ်ပြီး အုပ်ချုပ်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ကမ်းထိုးယာဉ်ကို အေအေဘက်က ပစ်ခတ်ခဲ့တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကလည်း မီးဝကျေးရွာအနီးကို ရေတပ်သင်္ဘောက ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ကျေးရွာသားတချို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပြီး အဲ့ဒီထဲက ကျောကုန်ကျည်သုံးချက်ထိမှန်ပြီးတော့ ဒဏ်ရာပြင်းထန်ရရှိခဲ့သူတစ်ဦးကို စစ်တွေဆေးရုံကြီးကို ပို့ဆောင်ထားရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းကနေ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရနေကြရတာဖြစ်ပါတယ်။

ကျေးရွာတွေအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သား ၁၃၀ ခန့်၊ သေဆုံးသူ ၈၀ ကျော်ခန့်ရှိနေပြီဖြစ်ကာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ တိုင်းရင်းသားမျိုးနွယ်စု စစ်ဘေးဒုက္ခသည်ပေါင်း ၇ သောင်းလောက်ထိ မြင့်တက်လာနေခဲ့တာဖြစ်ပါတယ်။

ဆရာတော်ကို ညာဘက်ရင်အုပ်ကနေ ဖောက်ဝင်သွားတဲ့ အမြောက်ဆံဟာ အဆုတ်ထဲမှာ နစ်ဝင်နေတဲ့အတွက် စိုးရိမ်ရတဲ့အနေအထားရှိနေပြီး ကိုရင်လေးကတော့ ခန္ဓာကိုယ်အပြင်ဘက်မှာ ဒဏ်ရာတွေအများအပြားရရှိခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်ဘက်ကတော့ အေအေဘက်ကနေ စတင်ပစ်ခတ်ခဲ့တဲ့အတွက် ကျည်လာတဲ့လမ်းဘက်ကို ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ အချိန်မှာ ဘယ်ဘက်က ကျည်ကျရောက်ခဲ့တယ်ဆိုတာကို ပြောဖို့ခက်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ဟာ ဆေးရုံကို လာရောက် ကြည့်ရှုခဲ့ကြပါတယ်။

ဒီဖြစ်စဉ်အပေါ်မှာ မီဒီယာတွေက မေးမြန်းခဲ့ရာမှာတော့ ဝန်ကြီးချုပ်က သူ့အနေနဲ့ ဆရာတော်ကို အကောင်းဆုံး ဆေးဝါးကုသမှု ပြုလုပ်ပေးဖို့ ပြောဆိုထားခဲ့ပြီး အခုလိုမျိုး အရပ်သားတွေ ဖြစ်ရတဲ့အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။