ဟိန္ဒူလေးရာကျော် ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ကို မြန်မာအစိုးရ တောင်းဆို

ဟိန္ဒူအယောက် ၄၄၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတယ်လို့ ဟိန္ဒူအရေးလှုပ်ရှားတဲ့အဖွဲ့တွေပြော
Image caption ဟိန္ဒူအယောက် ၄၄၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတယ်လို့ ဟိန္ဒူအရေးလှုပ်ရှားတဲ့အဖွဲ့တွေပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်နေတဲ့အထဲက မိမိဆန္ဒအလျောက် ပြန်လိုတယ်လို့ ပြောကြားထားတဲ့သူတွေကို ပြန်ခွင့်ပြုဖို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ဘက်ကို တောင်းဆိုလိုက်ပြီး အဲဒီထဲမှာ ဟိန္ဒူအယောက် လေးရာကျော် ပါဝင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂညီလာခံမှာ စက်တင်ဘာ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဟိန္ဒူတွေနေရပ်ပြန်ရေးပြောနေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဟိန္ဒူတွေဆီ နှစ်ဖက်အစိုးရအနေနဲ့ တရားဝင် လူဦးရေစာရင်း လာကောက်တာမရှိဘူးလို့ ရခိုင်ပြည်နယ် ဒေသခံ ဟိန္ဒူအသိုင်းအဝိုင်းရဲ့ရပ်မိရပ်ဖခေါင်းဆောင် ဦးနီမော်က ပြောပါတယ်။

"ပြန်လာချင်တယ်ဆိုရင် စာရင်းကောက်ရတယ်။ သဘောထားယူရတယ်။ အခု နှစ်နှစ်ရှိပြီ။ ဘင်္ဂလားဒေ့ရှ်က camp တွေထဲရောက်နေတဲ့ ဟိန္ဒူတွေရဲ့ ဆက်သွယ်ပြောကြားချက်တွေအရ သူတို့ကို အဲဒီလိုစာရင်းလာ ကောက်တာလည်းမရှိဘူး။ သဘောထားရယူတာလည်း မရှိဘူးလို့ ကျွန်တော်တို့ သိရတယ်။ သူတို့တွေ ပြန်လာခွင့်ရဖို့ မြန်မာအစိုးရကိုရော ဘင်္ဂလားဒေ့ရှ် အစိုးရကိုရော တောင်းဆိုပါတယ်" လို့ သူက ပြောပါတယ်။

ဟိန္ဒူတွေကို စာရင်းကောက်ခံတာ၊ နေရပ်ပြန်လိုစိတ်ရှိမရှိ သဘောထားရယူတာမရှိဘူးဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးကော်မတီ(UEHRD) ဒုဥက္ကဌ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဘီဘီစီက အောက်တိုဘာ ၁ ရက်မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒါ့အပြင် ဒုက္ခသည်စခန်းက ဟိန္ဒူတွေရဲ့ ပြောကြားချက်အရ မွတ်စလင်တွေ မပြန်နိုင်သေးခင် ဟိန္ဒူတွေ ပြန်ရင် အန္တရာယ်ရှိမယ်လို့ ကြားက ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်လို့ ဦးနီမော်က ဆက်ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်မှာ မောင်တောမြို့နယ်ထဲက ရဲကင်းနဲ့ လုံခြုံရေးအခြေစိုက်စခန်း ၃၀ ကို အာဆာလက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မောင်တောမြို့နယ်မြောက်ပိုင်း၊ ရဲဘော်ကျကျေးရွာ အနီးမှာ ဟိန္ဒူဘာသာဝင်အယောက် တစ်ရာကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒီနောက် ဘင်္ဂလားဒေ့ရှ်ကို ဖမ်းခေါ်သွားခံရတယ်ဆိုတဲ့ ဟိန္ဒူတွေရှိပြီး သူတို့တွေ မြန်မာနိုင်ငံကို ပြန်လာဖို့ စောင့်ဆိုင်းနေတာ နှစ်နှစ်ကျော်နေပြီဖြစ်လို့ သူတို့ကို နေရပ်ပြန်ခွင့်ပြုဖို့ ဟိန္ဒူအရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့တွေက နှစ်ဘက်အစိုးရကို တိုက်တွန်းတောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလလယ်က အာဆာအဖွဲ့ရဲ့ သတ်ဖြတ်တာခံရတဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် ရည်စူးဆုတောင်းတဲ့အခမ်းအနားကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပြီး ဒီကိစ္စကို နိုင်ငံတကာကအသိအမှတ်ပြုပေးဖို့ ဟိန္ဒူအသိုင်းအဝိုင်းက တောင်းဆိုထားပါတယ်။

'စာရင်းတွေမကောက်သေးတာတော့ အမှန်ပဲ။ ဟိုဘက်က ဟိန္ဒူတွေက ပြန်ချင်တယ် မပြောရဲဘူး။ ကျွန် တော်တို့ကိုပဲ လှမ်းဆက်သွယ်ပြီးကူညီပေးဖို့ပြောတာ။ ကျွန်တော်တို့ ဇူလိုင်လကုန်မှာ အဲဒီ camp တွေဆီ ရောက်တော့လည်း ဘယ်တော့ခေါ်မလဲပဲမေးနေတာ။ ကျွန်တော်တို့က သြဂုတ် ၂၂ ရက်ပြန် ခေါ်ဖို့ရှိတယ်။ အဲဒီမှာ ပါဖု့ိကြိုးစားပေးမယ်ပြောခဲ့တယ်။ ဒါပေမဲ့ ပါမလာဘူးပေါ့နော်။ အဓိကက ဟိုဘက်က တာဝန်ရှိသူ တွေ ဘာမှမလုပ်ပေးလို့ ဖြစ်နေတာပါ ' ရခိုင်ပြည်နယ် ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ ရန်ကုန်က ဦးဆောင် တာဝန်ခံ ရာဂူးနေမြင့်က ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ဟိန္ဒူတွေ စုစုပေါင်း ၄၄၄ ယောက်ရှိတယ်လို့သိရပြီး သူတို့ နေရပ်ပြန်ဖို့ နှစ်နိုင်ငံအစိုးရအနေနဲ့ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ အင်ကြင်းမေဟိန္ဒူအမျိုးသမီးကွန်ရက်တည်ထောင် သူ ဒေါ်ကက်သလင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

သူဟာ မနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာပြည်ခရီးစဉ်အတွင်း ဟိန္ဒူတွေနေရပ်ပြန်ရေးအတွက် တွေ့ဆုံတောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။

'ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခွင့်ရတော့ ဟိန္ဒူတွေ ဘယ်လောက်လုံခြုံမှုရှိလဲ။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လောက် သူ သိထားလဲမေးတော့ ဟိန္ဒူတွေ ကောင်းကောင်းမွန်မွန်ရှိပါတယ်။ ပြီးရင် ငါတို့ ပြန်ပို့ပေးပါမယ်လို့ ပြောလာတာ တစ်နှစ်ကျော်လာပြီ။ ပြန်ပို့ပေးဖို့ ဘာတွေ ခက်ခဲနေတာလဲလို့ သိချင်တယ်။ တကယ် တမ်းပြန်ပို့ချင်ရင် အုပ်စုလိုက်လေးတွေစီစဉ်ပြီးလာလို့ လုပ် ပေးဖို့ရတာပဲလေ။ အဲဒီလောက်ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီဘက်က ဟိန္ဒူတွေက ပံ့ပိုးကူညီဖို့ အဆင်သင့်ဖြစ်နေသလို နိုင်ငံတော်ကလည်း ပံ့ပိုးပေးဖို့ အဆင်သင့်ရှိတယ်' လို့ သူက ဆိုပါတယ်။

ဒုက္ခသည်ပြန်လက်ခံရေး မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးထားပေမယ့် ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်မှာတော့ နှစ်ဖက်စိစစ်ထားတဲ့ ရိုဟင်ဂျာ ၃,၀၀၀ ကျော်အနက် တစ်ဦးမှ ပြန်လည်ဝင်ရောက်လာခြင်းမရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ