ယူနီကုဒ်ဘာလဲ၊ ဘယ်လဲ

မြန်မာ ယူနီကုဒ် စံစနစ် ကူးပြောင်း အသုံးပြုတဲ့ အခမ်းအနားကို နေပြည်တော်မှာကျင်းပ
Image caption မြန်မာ ယူနီကုဒ် စံစနစ် ကူးပြောင်း အသုံးပြုတဲ့ အခမ်းအနားကို နေပြည်တော်မှာကျင်းပ

အောက်တိုဘာ ၁ ရက်နေ့ကနေစပြီး နိုင်ငံတဝန်းလုံး မြန်မာ ယူနီကုဒ်စနစ်ကို ပြောင်းသုံးဖို့ အစိုးရက တိုက်တွန်းနေပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ လုပ်ငန်းတခုဖြစ်တဲ့ မိုဘိုင်းဖုန်းနဲ့ ကွန်ပျူ တာတွေ သုံးစွဲရာမှာ နိုင်ငံတကာ စံချိန် စံညွှန်း တွေနဲ့ ကိုက်ညီပြီး မြန်မာ စာရေးထုံး ရေးနည်းနဲ့ ကိုက်ညီတဲ့ ယူနီကုဒ်စနစ်ကို ပြောင်းသုံးစွဲဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရုပ်သံကနေ တဆင့် ပြည်သူတွေကို နှိုးဆော်နေပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁ရက်နေ့ မြန်မာ ယူနီကုဒ် စံစနစ် ကူးပြောင်း အသုံးပြုတဲ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒီလို ပြောင်းလဲနိုင်ဖို့ ထင်ပေါ်ကျော်ကြား လူသိများတဲ့သူတွေကို သံတမန်အဖြစ် ခန့်အပ်ပြီး ယူနီကုဒ်စနစ်ကို အသုံးပြုဖို့ လှုပ်ရှားမှုတွေရှိခဲ့ပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို)ကလည်း သီချင်းတွေနဲ့ ယူနီကုဒ်စနစ်ပြောင်းလဲ အသုံးပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအတွက် တချို့သတင်းဌာနတွေ၊ မြန်မာနိုင်ငံ အခြေစိုက် တချို့ သံရုံးတချို့ ကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မြန်မာစာရေးသားရာမှာ ယူနီကုဒ် စနစ်ကို အခြေခံတဲ့ ဖောင့်တွေကို ပြောင်းလဲ အသုံးပြုလာနေကြပါတယ်။

Image caption မြန်မာ ယူနီကုဒ် စံစနစ် ကူးပြောင်း အသုံးပြုတဲ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြော

တကယ်တော့ လွန်ခဲ့တဲ့ ၁ဝနှစ်က ကမ္ဘောဒီးယားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ယူနီကုဒ်စံစနစ်ကို ကူးပြောင်းခဲ့ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ယူနီကုဒ်စနစ် မသုံးဘဲ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

အရင်ကတည်းက မြန်မာအစိုးရနဲ့ သက်ဆိုင်တဲ့ အင်တာနက် စာမျက်နှာတွေမှာ ယူနီကုဒ်စနစ်ကို အခြေခံထားတဲ့ ဖောင့်တွေ အသုံးပြုခဲ့ပေမယ့် အခုချိန်မှာ ပြည်သူတွေကိုပါ ယူနီကုဒ်စနစ်ကို အခြေခံတဲ့ ဖောင့်တွေ အသုံးပြုဖို့ တိုက်တွန်းလာတာကလည်း ထူးခြားချက်တစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုတဲ့ ပြည်သူတွေအကြား ယူနီကုဒ်နဲ့ ပတ်သက်ပြီး မေးစရာ တော်တော်များများ ထွက်ပေါ်လာနေပါတယ်။

တချို့ ဖေ့စ်ဘွတ်ခ် အသုံးပြုတဲ့သူတွေကြားထဲမှာလဲ ယူနီကုဒ်စနစ် အသုံးပြုပြီး ရေးသားထားတဲ့ စာတွေကို ဇော်ဂျီဖောင့် အသုံးပြုတဲ့သူတွေက ဖတ်မရသလို တချို့ ကလည်း ယူနီကုဒ်စနစ်ကို အခြေခံတဲ့ ဖောင့်ကို မသုံးနိုင်ဘူးဆိုပြီး တင်းခံနေတဲ့ အသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေကြားထဲမှာလည်း ယူနီကုဒ်စနစ်ကို အခြေခံထားတဲ့ မြန်မာဖောင့် ပြောင်းလဲ အသုံးပြုနည်းတွေ၊ ယူနီကုဒ်စနစ်ကို အခြေခံပြီး စာရိုက်တဲ့ လက်ကွက်တွေ ကွန်ပျူတာနဲ့ ဖုန်းထဲမှာ ထည့်သွင်းတဲ့ နည်းစနစ်တွေကို လူမှု ကွန်ရက်ပေါ်မှာ မျှဝေနေကြပါတယ်။

ဒီတော့ ယူနီကုဒ်စနစ်ကို ဘာကြောင့် ပြောင်းလဲရတာလဲ၊ ယူနီကုဒ်ဆိုတာ ဘာလဲ၊ ယူနီကုဒ်ကို အသုံးပြုခြင်းအားဖြင့် ဘာအားသာချက်တွေ ရှိမလဲ၊ ဘာ အားနည်းချက်တွေ ရှိမလဲ၊ ယူနီကုဒ် ပြောင်းလဲ အသုံးပြု နေတဲ့သူတွေကရော ဘာအခက်အခဲတွေ ရင်ဆိုင်နေရသလဲ၊ ဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ နည်းပညာ ကျွမ်းကျင်သူ တချို့ကို မေးမြန်းပြီး ဒီဆောင်းပါးမှာ အကျဉ်းချုပ် တင်ပြလိုက်ပါတယ်။

ယူနီကုဒ် စနစ်ကို ဘာကြောင့် ပြောင်းလဲရတာလဲ။

e-government အဖြစ် ပြောင်းလဲရာမှာ ဌာန အချင်းချင်းနဲ့ အရပ်ဘက် ပြည်သူတွေနဲ့ ဆက်သွယ်ရာမှာ ဘုံအသုံးပြုတဲ့ စနစ် တစ်ခု မရှိတာကြောင့် အခက်အခဲ ရှိနေပြီး ဒီအခက်အခဲကို ပြေလည်ဖို့ ယူနီကုဒ်စံ စနစ်ကို ပြောင်းလဲ အသုံးပြုရတာ ဖြစ်တယ်လို့ ကျွမ်းကျင်တဲ့ နည်းပညာရှင်တွေက ရှင်းပြပါတယ်။

e-governmentပြောင်းလဲဖို့ လူတွေရဲ့ အချက်အလက် ဒေတာတွေကို မြန်မာလို သိုမှီး သိမ်းဆည်း တည်ဆောက်တာ၊ ဒါ့အပြင် ပြန်လည် ရှာဖွေရာမှာ စနစ်တခု အတည်တကျ မရှိတာကြောင့် ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ယူနီကုဒ်စံစနစ်ကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။

ယူနီကုဒ်စနစ်ကို အစိုးရပိုင်းသာမက ပြည်သူတွေကပါ အသုံးပြုရင် အဆင်ပြေ မယ်ဆိုပြီး ယုံကြည်တာကြောင့် အစိုးရပိုင်းကနေ ဦးဆောင် တိုက်တွန်းရတာလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

Image caption မြန်မာ ယူနီကုဒ် စံစနစ် ကူးပြောင်း အသုံးပြုတဲ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြော

ယူနီကုဒ်စနစ်ဆိုတာ ဘာလဲ

ယူနီကုဒ်စနစ်ဆိုတာ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ အတွက် လုပ်ထားတဲ့ ဘာသာစကားနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တခုလို့ အတိုချုပ် အားဖြင့် နားလည်အောင် ပြောလို့ရတယ်လို့ ဖန်တီးရာအဖွဲ့က နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဒေါက်တာငြိမ်းချမ်းကိုကိုက ရှင်းပြပါတယ်။

"ဥပမာအနေနဲ့ ပြောရရင် တစ်ပေမှာ ၁၂ လက်မရှိတယ်၊ တစ်ကီလိုမီတာမှာ ၁ဝဝဝ မီတာရှိတယ် ဆိုတဲ့ အရာမျိုးတွေပေါ့၊ အဲဒါကို ၁ဝဝ၁၊ ၁ဝဝ၂ ဆိုတာမျိုးတွေ ကျွန်တော်တို့ ပြောင်းလဲ သတ်မှတ်လို့ မရဘူးပေါ့၊ ခုကျွန်တော်တို့မှာ ဖြစ်ပျက်နေတဲ့ ဥစ္စာနဲ့ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့ စံကို မလိုက်နာဘဲနဲ့ ကိုယ့်စတိုင်နဲ့ကိုယ် သွားနေတဲ့ ပုံစံမျိုးဖြစ်နေတယ် " လို့ သူက ရှင်းပြပါတယ်။

ယူနီကုဒ်နဲ့ ဇော်ဂျီက ဘာကွာလဲ

နှစ်ခုစလုံးက ကွန်ပျူတာမှာ မြန်မာစာကို ဖော်ပြတဲ့ စနစ်တွေ ဖြစ်ပါတယ်။

ဇော်ဂျီကတော့ အင်တာနက်ပေါ်မှာ မြန်မာလို သုံးမရသေးတဲ့ ၂ဝဝ၅ ခုနှစ် နောက်ပိုင်းက စတင် ပေါ်လာပြီး အင်တာနက်မှာ မြန်မာလို သုံးလို့ရတဲ့ ခေတ်ကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယူနီကုဒ် (ယူနီကုဒ်စံစနစ်ကို လိုက်နာထားတဲ့ ဖောင့်တွေ)ကတော့ တီထွင်တဲ့ အချိန်ကြာမြင့်ပြီး နောက်ပိုင်းမှ အသုံးပြုသူတွေ လက်ထဲ ရောက်လာတာ ဖြစ်ပါတယ်။

ဇော်ဂျီမှာ တိုင်းရင်းသား ဘာသာစကားတွေ မပါပေမယ့် ယူနီကုဒ်မှာ တိုင်းရင်းသား စာတွေလည်း ပါဝင်ပြီး အစိုးရက အသိအမှတ် ပြုထားတဲ့ ယူနီကုဒ်စနစ်ကို အခြေခံ ရေးသားထားတဲ့ ပြည်ထောင်စုဖောင့်မှာဆိုရင် တိုင်းရင်းသား စာပေတွေ ပါတယ်လို့ ဒေါက်တာ ငြိမ်းချမ်းကိုကိုက ဆိုပါတယ်။

"နောက်တခုက နည်းပညာပိုင်းကို ပြောမယ်ဆိုရင် ဇော်ဂျီဖောင့်က မြန်မာစာ ရေးထုံးကို လိုက်နာထားတဲ့ဟာ မဟုတ်တဲ့ အတွက်ကြောင့် ဥပမာ ယရစ်မှာဆိုရင် လည်း အများကြီးရှိတယ်၊ ယရစ်မှာ ခေါင်းရှိတဲ့ ယရစ်ရှိတယ်၊ နောက်ပြီး ယရစ် အကြီး အသေးတွေရော ယရစ်အောက်မှာ ဝဆွဲတပ်တဲ့ဟာတွေရော အများကြီး ထားထားပေးတယ်၊ တကယ့်တကယ် ရေးထုံး ရေးနည်းအရရော ယူနီကုဒ် စံစနစ် အရရော အဲလိုမျိုးတွေက မရှိရဘူးဆိုတဲ့ သတ်မှတ်ချက် ရှိတယ်၊ အဲဒီ သတ်မှတ်ချက် အားလုံးကို ယူနီကုဒ်က လိုက်နာထားတယ်" လို့ ဒေါက်တာ ငြိမ်းချမ်းကိုကိုက ပြောပါတယ်။

စာတွေ ရေးသားပြီး ပြန်ရှာတဲ့အခါမှာ ဇော်ဂျီက ပြန်တွေ့ဖို့ အခွင့်အရေး နည်းပေမယ့် စံသတ်မှတ်ချက်ရှိတဲ့ ယူနီကုဒ်နဲ့ ပြန်ရှာ ပါက ပြန်တွေ့ဖို့ အခွင့်အရေး ပိုများတယ်လို့လည်း သူက ရှင်းပြပါတယ်။

ယူနီကုဒ် စနစ်ကို အခြေခံထားတဲ့ မြန်မာဖောင့် ၁ဝဝ ကျော် လောက် ရှိပြီး အစိုးရက Myanmar 3 ကိုအသုံးများတယ်လို့ ဆိုပါတယ်။

ယူနီကုဒ်ကို အသုံးပြုရင် ဘယ်လို အကျိုးကျေးဇူးတွေခံစားရမလဲ။

ဒစ်ဂျစ်တယ် လူအဖွဲ့အစည်း ဖြစ်ဖို့ ဒေတာ အချက်အလက်တွေကို သိုမှီး သိမ်းဆည်းရာမှာ စံသတ်မှတ်ချက်နဲ့ ညီဖို့လိုပြီး ဒါမှ ဒီလို အချက်အလက် တွေကို ပြန်ရှာရင်လွယ်ကူမှာ ဖြစ်ပါတယ်။

ယူနီကုဒ်စနစ်ကို တချို့တဝက်ပဲ ပြောင်းရင် အားလုံးကို မြင်နိုင်မှာ မဟုတ်လို့ အားလုံး ပြောင်းလဲ အသုံးပြုမှသာ ယူနီကုဒ်ရဲ့ အကျိုးကျေးဇူးကို အားလုံး ခံစားနိုင်မယ်လို့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ရှင်းပြပါတယ်။

ယူနီကုဒ်စနစ်နဲ့ဆိုရင် မြန်မာစာနဲ့ တိုင်းရင်းသားစာအားလုံးကို ပြည်သူတွေ အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနီကုဒ်စနစ်ကို အခြေခံ ရေးသားထားတဲ့ ဆော့ဖ်ဝဲတွေ အများအပြား ရှိတာကြောင့် ရေရှည်မှာ ဒီစနစ်ကို အသုံးပြုတဲ့ သူတွေက အကျိုးကျေးဇူးတွေ ပိုရနိုင်တယ်လို့လည်း ယုံကြည်နေတာ ဖြစ်ပါတယ်။

ယူနီကုဒ်စနစ်ကို မြန်မာနိုင်ငံက အသုံးမပြုဘဲ ကျန်နေလို့ အခြေခံအားဖြင့် ပြောရရင် နောက်ဆုံးပေါ် နည်းပညာတွေ ဖြစ်တဲ့ ဘာသာပြန်တဲ့ စနစ်တွေ၊ အသံနဲ့ စာရိုက်တဲ့ စနစ်တွေကို အလွယ်တကူ သုံးလို့ မရခဲ့ဘူးလို့ ဒေါက်တာငြိမ်းချမ်းကိုကိုက ရှင်းပြပါတယ်။

"နောက်ထပ်ပေါ်လာတဲ့ နည်းပညာတွေကို တန်းပြီး အသုံးပြုဖို့ဆိုရင် ကျွန်တော်တို့က ယူနီကုဒ်ကို အသုံးပြုမှ ဖြစ်လိမ့်မယ်၊ အဲဒီလိုတွေ ကြိုမြင်တာ ကြောင့် အစိုးရကိုယ်တိုင်က ယူနီကုဒ်ကို အသုံးပြုဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်"လို့ ဒေါက်တာ ငြိမ်းချမ်းကိုကိုက ပြောပါတယ်။

ဂူဂဲလ်ရဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ ဘာသာပြန်ပေးတာတွေ၊ မြေပုံတွေ၊ စကားပြောတာကို မြန်မာလို ရိုက်ပေးတာတွေကို ယူနီကုဒ်ကို သုံးရင် ရနိုင်တယ် လို့လည်း သူက ပြောပါတယ်။

ယူနီကုဒ်မှာ ဘာအားနည်းချက်တွေရှိလဲ

ယူနီကုဒ်ကို အသုံးပြုလိုက်တာနဲ့ ကွန်ပျူတာမှာ သုံးတဲ့ စက်ကနေတဆင့် လေ့လာနိုင်တဲ့ အသိဉာဏ်တု (AI)က နားလည်နိုင်မယ်ဆိုပြီး လူအတော်များများက နားလည်ထားတယ်လို့ ဒေါက်တာ ငြိမ်းချမ်းကိုကိုက ရှင်းပြပါတယ်။

"အဲဒါလည်း မှန်သင့်သလောက်မှန်ပါတယ်၊ ကျွန်တော်တို့ ရေးထားတဲ့ အရာတွေကို ကွန်ပျူတာကနေ သဘောပေါက်တော့မယ်၊ အဲလို သိခြင်း အားဖြင့် သတင်းတုတွေ၊ အမုန်းစကားတွေကို ကြိုပြီး တားဆီးလို့ရမယ်၊ တချို့တွေ အတွက်က သဘောမကျဘူး ဖြစ်ပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

နောက်အားနည်းချက်တခုက ယူနီကုဒ်ကို အသုံးပြုဖို့ ကြားကာလ တခုမှာ ရှိနေတာကြောင့် တချို့ဆော့ဖ်ဝဲတွေက မြန်မာစာ အတွက် အသင့် မဖြစ်သေးပေမယ့် အချိန်ကြာလာရင်တော့ ရလာနိုင်တယ်လို့လည်း ဒေါက်တာ ငြိမ်းချမ်းကိုကိုက ပြောပါတယ်။

ဒါ့အပြင် အရင်က ရိုက်ခဲ့တဲ့ စာတွေကို ဖတ်မရတာ ပြန်ရှာမရတာတွေက အားနည်းချက်တခုလို့ ပြောလို့ရတယ်လို့လည်း ဆိုပါတယ်။

ယူနီကုဒ်ပြောင်းအသုံးပြုတဲ့သူတွေ ဘာအခက်အခဲတွေ ရှိလဲ

လက်ရှိ ဇော်ဂျီကို အသုံးပြုနေတဲ့သူတွေကို ယူနီကုဒ်ကို အသုံးပြုတဲ့သူတွေက မက်ဆေ့ချ်တွေပို့ရင် ဖတ်မရလို့ ဆက်သွယ်ရ ခက်တဲ့ အခြေအနေတွေကို ရင်ဆိုင်နေ ရတယ်လို့လည်း ဆိုပါတယ်။

ယူနီကုဒ်ပြောင်းလဲ အသုံးပြုသူတွေအနေနဲ့ ကီးဘုတ် ပြောင်းလဲ အသုံးပြုတဲ့ အခါ လက်ကွက်နဲ့ မရင်းနှီးသေးလို့ တချို့ စာလုံးတွေကို ရိုက်ရာမှာ အခက်အခဲ ရှိတယ်လို့လည်း ဆိုပါတယ်။

တခြားရင်ဆိုင်နေရတဲ့ စိုးရိမ်မှုတခုက အရင်ဇော်ဂျီနဲ့ ရေးသားထားပြီး ဖုန်းထဲ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ မှတ်တမ်းတွေကို ယူနီကုဒ် ပြောင်း အသုံးပြုတဲ့အခါ ဖတ်မရတော့တဲ့ အခြေအနေကို ရင်ဆိုင်ရမှာ စိုးရိမ်နေတယ်လို့ ဒေါက်တာ ငြိမ်းချမ်းကိုကိုက ပြောပါတယ်။

ယူနီကုဒ်သုံးလို့ ကြုံလာတဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းမလဲ

ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ဆော့ဖ်ဝဲတွေ အပလီကေးရှင်း တွေရှိပြီး လွယ်လင့်တကူ ပြောင်းလဲလို့ ရတယ်လို့ လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်အနေနဲ့လည်း ယူနီကုဒ် ပြောင်းလဲ အသုံးပြုဖို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကူညီဖို့ ဆက်သွယ်ရမယ့် အရေးပေါ် ဖုန်းလိုင်းတခုကို ထားရှိပြီး ယူနီကုဒ်အသုံးပြုနည်းနဲ့ ပတ်သက်တဲ့ မက်ဆေ့ချ် တွေကို ပို့ပေးတယ်လို့လည်း အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်က ပြောပါတယ်။

ယူနီကုဒ်ပြောင်းပြီးတဲ့ ဖုန်းမှာ ဇော်ဂျီနဲ့ ရေးထားတဲ့ SMSတွေ ရောက်လာရင် ဖတ်ရှုနိုင်မယ့် Myanmar SMS အပလီကေးရှင်းကို ကွန်ပျူတာ အသင်းချုပ် ဝက်ဆိုဒ်မှာ ရယူနိုင်မှာ ဖြစ်ပါ တယ်။

ကွန်ပျူတာမှာဆိုရင် ဘရောက်ဇာမှာ ယူနီကုဒ်ဖောင့်ကို ရွေးထားပေမယ့် ဇော်ဂျီနဲ့ရေးထားတာတွေကို ဖတ်ရှူနိုင်မယ့် Plug-in တွေရှိပြီး ဒီအထဲမှာ MUA Web Unicode Converter က လူသုံးများတယ်လို့လည်း သူက ရှင်းပြပါတယ်။

ယူနီကုဒ်ဘယ်လဲ

ယူနီကုဒ်စနစ်ကို ပြောင်းလဲဖို့ လုပ်ဆောင်ခဲ့ပြီး တလကနေ သုံးလအတွင်းမှာ အများစုက ယူနီကုဒ်ကို အသုံးပြုဖို့ အစိုးရက ရည်မှန်းထားပါတယ်။

အသုံးနည်းတဲ့သူတွေကိုလည်း ဒီစနစ်ကို အသုံးပြုဖို့ ပံ့ပိုးကူညီပေးပြီး တနှစ်အတွင်း ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုမယ် ဆိုပြီး အစိုးရက ရည်ရွယ်နေတယ်လို့လည်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ