ရခိုင် ပြည်နယ် သံဃနာယက အတွင်းရေးမှူးဆရာတော်ရဲ့ လက်နက်ကြီး ကျည်သင့် ဒဏ်ရာ စိုးရိမ်ရတဲ့အတွက် ရန်ကုန်ကို အရေးပေါ်ပို့

ဆရာတော်ရဲ့ ညာဘက် ရင်အုပ်မှာ လက်နက်ကြီး ကျည်စ ဖောက်ဝင်သွားခဲ့
Image caption ဆရာတော်ရဲ့ ညာဘက် ရင်အုပ်မှာ လက်နက်ကြီး ကျည်စ ဖောက်ဝင်သွားခဲ့

ကျောက်တော် မြို့နယ် မီးဝရွာ တိုက်ပွဲမှာ လက်နက်ကြီး ကျည်ဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် အတွင်းရေးမှူး ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဦးက္ကန္ဒက ဟာ ဒဏ်ရာ စိုးရိမ် ရတဲ့ အတွက် စစ်တွေဆေးရုံကနေ ရန်ကုန်ကို အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းမှာ လေယာဉ်နဲ့ အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ ဆရာတော်ရဲ့ ဒကာ ဖြစ်သူက ဘီဘီစီကို အတည်ပြုပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းမှာရှိတဲ့ မီးဝ ကျေးရွာ အနီးမှာ အောက်တိုဘာ ၁ ရက် နေ့ အကူး နံနက် ၁ နာရီ ၁၅ အချိန်လောက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် မီးဝဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ မီးဝဆရာတော်နဲ့ ကိုရင်လေး တစ်ပါး အပါအဝင် စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဆရာတော်ဟာ ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို အောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရတဲ့အနေအထားရှိတာကြောင့် ရန်ကုန်ကို ပို့ဆောင်ဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ ဒကာ ဖြစ်သူ ဦးကျော်ဇောဝေကပြောပါတယ်။

"အခုပဲ ဆရာတော်ကို ရန်ကုန်ကိုပို့ဆောင်ဖို့အတွက် လေဆိပ်ကိုဆင်းနေတာ၊ ဒဏ်ရာအခြေအနေက ပို့ဖို့လိုတယ်" လို့ ဦးကျော်ဇောဝေက ပြောပါတယ်။

ဆရာတော်မှာ ညာဘက် ရင်အုပ်ကနေ ဖောက်ဝင်သွားတဲ့ အမြောက်ကျည်ဆန်ဟာ အဆုတ်ထဲမှာ နစ်ဝင်နေတဲ့အတွက် စိုးရိမ်ရတဲ့အနေအထားရှိနေပြီး အဲ့ဒီကျည်စကိုထုတ်ဖို့အတွက် ခွဲစိတ် ကုသရမှာဖြစ်တဲ့အတွက် စစ်တွေဆေးရုံကနေ ရန်ကုန်ကိုပို့ဆောင် ကုသပေးဖို့အတွက် ဆေးရုံက ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ဆရာတော်နဲ့အတူ ဒဏ်ရာရခဲ့တဲ့ ကျည်စတွေ တစ်ကိုယ်လုံး ထိမှန်ခဲ့သူ အသက် ၁၃ နှစ်အရွယ် ကိုယ်ရင်ငယ် အဂ္ဂသမာဓိ ကိုတော့ စစ်တွေဆေးရုံမှာပဲ ဆက်လက်ကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ဒါ့အပြင် ဒီ ဖြစ်ရပ်မှာ ဆရာတော်နဲ့ ကိုယ်ရင်ငယ် အပါအဝင် ကျောင်းဆရာမတစ်ဦးနဲ့ ကျောင်းသား နှစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ကျောင်းဆရာမနဲ့ ကျောင်းသားတွေကိုတော့ ကျောက်တော်ဆေးရုံမှာ ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

မီးဝ ဆရာတော်ကို အောက်တိုဘာ ၁ ရက်နေ့ စစ်တွေဆေးရုံကို ပြောင်းရွှေ့ ကုသ ခဲ့ရာမှာတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကဆေး ရုံ မှာ လာရောက် တွေ့ဆုံခဲ့ကြပါတယ်။

တိုက်ပွဲ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် ကတော့ စက်တင်ဘာ ၃၀ ည ပိုင်းမှာ ကုလားတန်မြစ်အထက်ပိုင်းကိုတက်လာတဲ့ အစိုးရတပ်ရေယာဉ်ကနေ မီးဝကျေးရွာအနီးကို စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာပတ်ဝန်းကျင်နဲ့ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ တပ်မတော်တပ်စခန်းတွေကပါ ပစ်ခတ်ခဲ့ကြတာ ဖြစ်တယ်လို့ မျက်မြင်ကိုယ်တွေ့ကြုံရသူ ဒေသခံ ရွာသားတွေကပြောပါတယ်။

ဒါပေမယ့် တပ်မတော်ဘက်ကတော့ သူတို့ ရေယာဉ်ကို ရက္ခိုင့်တပ်မတော် ဘက်ကနေ စတင်ပစ်ခတ်ခဲ့တဲ့အတွက် ကျည်လာတဲ့လမ်းဘက်ကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တဲ့အချိန်မှာ ဘယ် ဘက်က ကျည်ကျရောက်ခဲ့တယ်ဆိုတာကို ပြောဖို့ခက်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

မီးဝ တိုက်ပွဲ ဖြစ်စဉ် အပေါ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေ ဒေသခံ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ ဝန်ကြီးချုပ်က သူ့အနေနဲ့ ဆရာတော်ကို အကောင်းဆုံးဆေးဝါးကုသမှုပြုလုပ်ပေးဖို့ ပြောဆိုထားခဲ့ပြီး အခုလိုမျိုး အရပ်သားတွေ ထိခိုက်ရတဲ့ အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကလည်း မီးဝကျေးရွာအနီးကို ရေတပ်သင်္ဘောက ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ကျေးရွာသားတချို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပြီး အဲ့ဒီထဲက ကျောကုန်းမှာ ကျည်သုံးချက်ထိမှန်ခဲ့တဲ့ ဒဏ်ရာ ပြင်းထန်သူ တစ်ဦးဟာလည်း စ်တွေဆေးရုံကြီးမှာ ကုသမှု ခံယူနေရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းကနေ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရမှု အရေအတွက်ကလည်း တိုးလာနေပါတယ်။

ကျေးရွာတွေအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၈၀ ကျော်ခန့်ရှိနေပြီ ဖြစ်သလို ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား အရေအတွက်ကလည်း ၁၃၀ ဝန်းကျင် အထိ ဖြစ်လာနေပြီလို့ ရခိုင် ပြည်နယ် အခြေစိုက် လူမှုရေး အဖွဲ့တွေနဲ့ ကူညီဆောင်ရွက်နေသူတွေရဲ့ စာရင်းပြုစုချက် အရ သိရပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ တိုင်းရင်းသားမျိုးနွယ်စု စစ်ဘေးဒုက္ခသည်ပေါင်း ကလည်း ၇ သောင်းလောက်ထိ ရှိနေပြီလို့ လေ့လာမှု စာရင်းဇယားတွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

ဒီသတင်းနဲ့ပတ်သက်သမျှ