ကျောက်တော်မှာ ပစ်ခတ်လို့ သေဆုံးခဲ့သူက အေအေနဲ့ ဆက်စပ်လို့ တပ်မတော်ပြော

ပစ်ခတ်သေဆုံးမှုတွေကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေရှိလာနေသလို လုံခြုံရေးလည်း စိုးရိမ်နေရ
Image caption ပစ်ခတ်သေဆုံးမှုတွေကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေရှိလာနေသလို လုံခြုံရေးလည်း စိုးရိမ်နေရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အောက်တိုဘာ ၂ ရက် နေ့ မနက်ပိုင်း လင်းအားကြီး အချိန်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အပေါက်ဝ ကျေးရွာကနေ ကျောက်တော်ကားဂိတ်ကို အလုပ်လုပ်ဖို့ ဆိုင်ကယ် စီးသွားတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ သက်ဆိုင်ရာက ဘီဘီစီကို အတည်ပြုပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူဟာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာနေထိုင်တဲ့ ဦးစိုးနိုင် အသက် ၄၀ နှစ်ခန့် ဖြစ်ပြီး သူဟာ ကျောက်တော်မြို့ အဝေးပြေးကားဂိတ်မှာ ကုန်တင်ကုန်ချ အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ကာ မနက်ပိုင်း ၅ နာရီလောက်မှာ ရွာကနေ အလုပ်ကိုဆိုင်ကယ်နဲ့သွားစဉ် ကာဒီကျေးရွာနားမှာ အခုလိုပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်ဟာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့နယ်မြေဖြစ်ပြီး သူဟာ မနက် ၄ နာရီလောက်မှာ သွားလာနေတာကိုတွေ့ရကြောင်း သူပုန်နဲ့အရပ်သားခွဲမရတဲ့အတွက် ပစ်ခတ်လိုက်ရတာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို အတည်ပြု ပြောဆိုထားပါတယ်။

"သူတို့ ၄ နာရီမှာ ဆိုင်ကယ်နဲ့လာတယ်၊ လာစရာအကြောင်းမရှိဘူး။ ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်လို့ ရပ်တန့်ခိုင်းတဲ့အခါ မရပ်လို့ ခြောက်လှန့်ပစ်လိုက်လို့ မှန်သွားတာ" လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

အဲ့ဒီနယ်မြေဟာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နယ်မြေဖြစ်ပြီး အပေါက်ဝ၊ စမ္ပယ်လှ၊ သင်္ဂနက်စတဲ့ကျေးရွာတွေကနေ ရေလမ်းကြောင်းအုပ်ချုပ်မှုလုပ်နေတဲ့ တပ်မတော်ရေယာဉ်တွေကို ခဏခဏအပစ်ခတ်တာတွေရှိနေပြီး ဒီနေ့မနက်ပိုင်း ကလည်း မသင်္ကာလို့ ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီပစ်ခတ်ခံရသူ ဦးစိုးနိုင်ဆီကနေ မိုင်းနဲ့ဆက်စပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ဒီတိုနီတာတွေ၊ ၉ ဘို့ ဘတ္ထရီတွေကို လည်း တွေ့ရှိခဲ့တယ်ဆိုပြီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ဦးစိုးနိုင်မှာ ကားဂိတ်တွင်အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး အခုလိုမျိုး ပစ်ခတ်မှုတွေကြောင့် သေဆုံးနေရတာတွေဖြစ်လာနေတော့ ဒေသခံတွေအတွက် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေရှိလာနေသလို လုံခြုံမှုအနေအထားတွေကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ကျွန်တော်ကတော့ မနက် ၅ နာရီလောက်မှာ ပစ်ခတ်သံကိုကြားလိုက်ရတယ်၊ ဘာဖြစ်တယ်ဆိုတာကိုမသိဘူး၊ မနက်လင်းမှပဲ အပေါက်ဝရွာက ကိုစိုးနိုင်ဆိုတဲ့လူ သေနတ်ပစ်ခံရပြီး သေဆုံးနေတယ်လို့ ကြားသိရပါတယ်" လို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာရှိတဲ့ အမည်မဖော်လိုတဲ့ ကာဒီ ကျေးရွာသားတစ်ဦးက ပြောဆိုပါတယ်။

တပ်မတော်က ပြောဆိုထားတဲ့ သေဆုံးသူကိုစိုးနိုင်မှာ မိုင်းနဲ့ဆက်စပ်တဲ့ပစ္စည်းတွေသိမ်းဆည်းရမိတယ်ဆိုပြီး ပြောဆိုချက်နဲ့ ပတ်သက်လို့ မိသားစုတွေရဲ့တုံ့ပြပန်ချက်ကိုရရှိဖို့ ဆက်သွယ်ခဲ့ရာမှာတော့ အခုလောလောဆယ် အထိ ဘီဘီစီက ဆက်သွယ်လို့ မရသေးပါဘူး။

တပ်မတော်က ပြောတဲ့ ပစ်ခတ်မှု ဖြစ်ပွားချိန်နဲ့ ဒေသခံ ရွာသားတွေ ပြောတဲ့ ပစ်ခတ်သံ ကြားရချိန်ကလည်း ၁ နာရီ လောက် ကွာဟ နေပြီး ဘီဘီစီ က သီးခြား အတည်ပြုလို့ မရသေးပါဘူး။

အခင်း ဖြစ်ပွားခဲ့တဲ့ သက်ဆိုင်ရာ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကို တော့ ဘီဘီစီက ဆက်သွယ် နိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်မှာ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသခံတွေဆီကနေ အကြောင်းကြားလာခဲ့တဲ့အတွက် သက်ဆိုင်ရာတွေနဲ့ သွားရောက်ပြီးတော့ အလောင်းကိုသွားရောက်ယူခဲ့ပြီး မိသားစုတွေရဲ့လက်ထဲကို အပ်နှံပေးခဲ့တယ်လို့ လွှတ်တော် အမတ် ဦးဦးထွန်းဝင်းက ပြောပါတယ်။ သူဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ အခြေခံ အလုပ်သမားတစ်ဦးဖြစ်ပြီး တခြားဘယ်အဖွဲ့အစည်းတွေနဲ့မှ ဆက်စပ်တာတွေမရှိကြောင်း ဒေသခံတွေကပြောတယ်လို့လည်း သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

သေဆုံးသူ ဦးစိုးနိုင်ဟာ သူအလုပ်လုပ်နေတဲ့ ကျောက်တော်ကားဂိတ်ကို မနက် ၆ နာရီလောက်ကိုအရောက်သွား ရတာဖြစ်တဲ့အတွက် အိမ်ကနေ ၅ နာရီလောက်မှာ ထွက်သွားခဲ့တာလို့ မိသားစုတွေကပြောဆိုကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

"ကျွန်တော်တို့ သိရသလောက်ကတော့ ကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့လည်း တွေ့တယ်၊ သူက အမှန်တက်ကယ် ရိုးရိုးသားသားနဲ့ လုပ်စားနေတဲ့လူတစ်ယောက်ပေါ့၊ မနက်ပိုင်းဆိုရင် ကားဂိတ်မှာ ကားထွက်ချိန် ၆ နာရီလာက်ဆိုရင် အရောက်လာရတယ်၊ ကုန်တင်ကုန်ချတွေလုပ်တယ်၊ ကလေးလေးယောက်ရှိတယ်လို့သိရတယ်။ မိသားစုတွေကိုလုပ်ကျွေးနေသူ တစ်ယောက်ဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်၊ တခြားဟာတွေကတော့ ဆပ်စပ်တယ်ဆိုတဲ့ဟာမျိုးတွေတော့ ပြောတာဆိုတာမကြားမိဘူး" လို့ ဦးဦးထွန်းဝင်းကပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း ကျောက်တော်မြို့နယ်အတွင်းမှာ ကျောက်တော်ဈေးကို ဈေးလာရောင်းသူ အမျိုးသားတစ်ဦးကို တပ်မတော်က ပစ်ခတ်လိုက်တဲ့အတွက် အခုလိုမျိုး အဲ့ဒီလမ်းမပေါ်မှာ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ ညမထွက်ရအမိန့် ၁၄၄ ကို ထုတ်ပြန်ထားရှိတဲ့ ကာလအတွင်းမှာ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်ကတော့ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာက ၁ ယောက်နဲ့ အခု ကျောက်တော်မြို့နယ် အပေါက်ဝရွာက ၁ ယောက်၊ စုစုပေါင်း ၂ ယောက် ရှိပြီလို့ ရခိုင် ပြည်နယ် အခြေစိုက် ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ