ချမှတ်ခံရတဲ့ ထောင်ဒဏ်ထက် ပိုချုပ်ခံရတဲ့ နော်အုန်းလှ နစ်နာသလား

နော်အုန်းလှနဲ့ ကရင်လူငယ် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း
Image caption နော်အုန်းလှနဲ့ ကရင်လူငယ် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း

ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ နော်အုန်းလှနဲ့ ကရင်လူငယ်တွေ ဖြစ်တဲ့ စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့ကို ငြိမ်း၊စု၊စီဥပဒေနဲ့ ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ပါတယ်။

သူတို့သုံးဦးတို့ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကရင့်အာဇာနည်နေ့ ကျင်းပခဲ့တုန်းက ခွင့်ပြုချက် မရဘဲ ဆိုင်းဘုတ် ကိုင်ဆောင်တယ်ဆိုပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်း၊စု၊စီ ပုဒ်မ ၂၀ နဲ့ သြဂုတ်လ ၁၂ ရက်နေ့မှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ထောင်ဒဏ် ချမှတ်လိုက်ပေမယ့် ချုပ်ရက်တွေကို ထုတ်နုတ် ခံစားခွင့်ပြုလို့ နော်အုံးလှအပါအဝင် သုံးဦးစလုံး အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လွတ်ခဲ့ပါတယ်။

ဒီလို ပြန်လွတ်လာခဲ့ပေမယ့် နော်အုန်းလှက ၂၂ ရက် အချုပ်ခံခဲ့ရတာကြောင့် ၇ ရက် ပိုအချုပ် ခံခဲ့ရပြီး လူငယ် ၂ ဦးကတော့ ၁၇ ရက် အချုပ်ခံခဲ့ ရတာကြောင့် ၂ ရက်ပို အချုပ်ခံခဲ့ရပါတယ်။

ဒီလို ချုပ်ရက် ပိုချုပ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စီရင်ချက် ချအပြီး တရားသူကြီးကို မေးခွန်းထုတ်ခဲ့တယ်လို့ နော်အုန်းလှက ဘီဘီစီကို အခုလို ပြောပါတယ်။

"ထောင်ချတာက ၁၅ ရက်၊ နေရတာက ရက် ၂ဝ ကျော်တဲ့ အခါကျတော့ ကျွန်မတို့မှာ နစ်နာ တယ်လို့ ပြောရင်တောင်မှ အဲဒီဟာကို တာဝန် ယူမယ့်သူ တစ်ယောက်မှ မရှိပါဘူး၊ ကျွန်မဆို တရားသူကြီးကို မေးတယ်၊ တရားသူကြီး ကျွန်မ ထောင်ထဲမှာ ၂၂ ရက် နေရပါတယ်၊ ကျွန်မက ထောင်ချတာ ၁၅ ရက် ရပါတယ်၊ အဲဒီအစား ကျွန်မက ဘယ်သူကို သွားပြောရမှာလဲ၊ နစ်နာမှု အတွက် ဘယ်သူက ဘာလုပ်ပေးမှာလဲ ဆိုတော့ ဘာမှ မပြောနိုင်ဘူး၊ ကျွန်မကို ရယ်ပြတယ်" လို့ နော်အုန်းလှက ပြောပါတယ်။

နော်အုန်းလှအနေနဲ့ အခုလို ချမှတ်လိုက်တဲ့ အမိန့်ကို လက်မခံဘဲ ခရိုင်ကို အယူခံ တက်သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချုပ်ရက် ခုနစ်ရက် ပိုချုပ်ခံခဲ့ရတဲ့ နော်အုန်းလှ အတွက် နစ်နာသလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

Image caption နော်အုန်းလှ ရုံးထုတ် လာရောက် ဝန်းရံသူများ

ဥပဒေကြောင်းအရ ဘယ်လို ရှိသလဲ

နော်အုန်းလှ ရက်ပို ချုပ်ခံရတဲ့ ကိစ္စကို ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ထောင်ဒဏ် ချမှတ်ခံရတဲ့ရက်ထက် ပိုချုပ်ထားတယ်လို့ ပြောလို့ မရဘူးလို့ ပြည်ထောင်စု ရှေ့နေများနဲ့ ဥပဒေ အထောက်အကူ ပြုသူများအဖွဲ့ရဲ့ ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ရှင်းပြပါတယ်။

"သူတို့က အာမခံ ယူလို့ရတဲ့ ပုဒ်မဖြစ်လို့ အာမခံယူရင် ရတယ် ဆိုတော့ သူတို့က အာမခံယူဖို့ ငြင်းဆန်တယ်၊ ဒါအဓိပ္ပာယ် မရှိဘူးဆိုပြီး ငြင်းဆန်တယ်၊ ငြင်းဆန်တဲ့အခါမှာ ချုပ်ရက်တွေနဲ့ ထောင်ထဲမှာ ရောက်နေတာပေါ့၊ ရောက်နေတဲ့ အခါမှာ တရားရုံးက ချမှတ်လိုက်တဲ့ အခါမှာ တရားရုံးမှာ ချမှတ်တဲ့ အမိန့်က ရက်က နည်းနေတာပေါ့၊ ပိုချတယ်ဆိုရင်တော့ သူတို့ ဒီနေပဲ အင်းစိန်ထောင်ထဲ ပြန်သွားရမှာ၊ ထောင်ထဲမှာ ရောက်နေတဲ့ ရက်က ပိုနေတဲ့အတွက်ကြောင့် သူတို့က ထပ်မသွားရတော့ဘဲနဲ့ ဒီနေ့ပဲ လွှတ်လိုက်တာပေါ့၊ အဲဒါကို ဥပဒေအရ ပိုချုပ်တယ်လို့ မခေါ်ဘူး"လို့ သူက ပြောပါတယ်။

"ဒေါ်နော်အုန်းလှတို့ အမှုကျတော့ တရားရုံးက အာမခံပေးတာ၊ မပေးတာမဟုတ်ဘူး၊ သူက မယူတာ၊ ပြီးတော့ သူ့ကို လွှတ်လိုက်တာလည်း မဟုတ်ဘူး၊ ပြစ်ဒဏ် ပေးလိုက်တာ ဖြစ်တဲ့အတွက်၊ သူ့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်တဲ့ အတွက်၊ ပိုတဲ့ဟာကလည်း တရားရုံးက ပေးတာ မဟုတ်ဘူး၊ သူဘာသာသူ ဖြစ်တဲ့အတွက် ဘာမှ သူလုပ်လို့ မရဘူး၊ ဒီအမိန့်ကို မကျေနပ်ရင် အပေါ်တက်ရုံပဲပေါ့"လို့ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က ရှင်းပြပါတယ်။

ယေဘုယျအားဖြင့်ဆိုရင် အမှုတွေမှာ များသောအားဖြင့် ၃ နှစ်အထက် ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ စွဲဆိုထားတဲ့ အမှုမျိုးဆိုရင် အာမခံ ပေးမရဘူးလို့ သတ်မှတ်ထားပြီး ၃ နှစ်အောက်ဆိုရင် အာမခံ ပေးလို့ရတဲ့ ပုဒ်မတွေလို့ အကြမ်းဖျဉ်း ပြောလို့ရတယ်လို့လည်း သူက ပြောပါတယ်။

အာမခံပေးလို့ မရတဲ့ ပုဒ်မ ဖြစ်ပေမယ့် အမှုကို စစ်လိုက်တဲ့အခါမှာ တရားခံအဖြစ် သိပ်မပေါ်ပေါက်ဘူးဆိုရင်တော့ အာမခံပေးလို့ ရနိုင်တယ်လို့ ရာဇဝတ်မှု ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆နဲ့ ၄၉၇မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ အချက်အလက်တွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အာမခံ ပေးနိုင်တဲ့ အမှုကို မပေးဘဲ ချုပ်ထားရင်တော့ ဥပဒေကြောင်းအရ ပုံစံတမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Image caption နော်အုန်းလှ ရုံးထုတ် လာရောက်ဝန်းရံသူများ

ဘယ်လိုဟာမျိုးကို ဥပဒေအရ ပိုချုပ်တယ်လို့ ခေါ်လဲ

သတ်မှတ်ထားတဲ့ ရက်ထက် ပိုချုပ်တယ်ဆိုတာက ၂၄ နာရီအတွင်းကို တရားရုံး တင်ဖို့လိုပြီး ရမန်ယူ တရားသူကြီးဆီ ပို့ဖို့ လိုပေမယ့် အကြောင်း ခိုင်ခိုင်လုံလုံမရှိဘဲ တရားသူကြီးဆီ မပို့၊ ဆက်ချုပ်ထားရင် ဥပဒေအရ ပိုချုပ်နှောင်ထားတယ်လို့ သတ်မှတ်တယ်လို့ ဆိုပါတယ်။

ဒီလိုချုပ်ထားပါက လူတစ်ဦးတစ်ယောက်ကို ပိုမို ချုပ်နှောင်ထားတာ ဖြစ်တာကြောင့် လိုအပ်ရင် တရားပြန်စွဲလို့ ရတယ်လို့လည်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ဒီလိုအခြေအနေမျိုးတွေက ရဲစခန်းနဲ့ တရားရုံးနဲ့ ဝေးတဲ့နေရာတွေမှာ ဖြစ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

"အဲလို ဖြစ်ရင် တကယ်ရဲစခန်းနဲ့ တရားရုံးသွားရမယ့် ရက်တွေ ကာလတွေကို နုတ်လို့ရတယ်၊ နုတ်လို့ရတဲ့ ရက်ထက်ပိုရင် မတရား ချုပ်နှောင်မှု မြောက်တယ်" လို့ ဦးကြီးမြင့်က ပြောပါ တယ်။

ဒါ့အပြင် တရားရုံးက ချမှတ်တဲ့ အမိန့်အရ ကျခံရမယ့် ထောင်ဒဏ်ကို ကျခံအပြီး သတ်မှတ်ရက်ထက် ကျော်ပြီး မလွှတ်ပေးခဲ့ရင်လည်း ထောင်ကို တရားစွဲလို့ရပြီး မတရား ချုပ်နှောင်ထားတာလို့ သတ်မှတ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

"ထောင်ကနေ လွတ်ရမယ့် ရက်ကိုတော့ အဲဒါကတော့ ခွင့်လွှတ်လို့ မရဘူး၊ ၃ လနဲ့ လွှတ်ဆို လွှတ်၊ ၁နှစ်နဲ့ လွှတ်ဆို လွှတ်ပဲ၊ ဘာအကြောင်းနဲ့မှ သတ်မှတ်ထားတဲ့ ထောင်ချတဲ့ ရက်ထက် ပိုပြီး ချုပ်နှောင်ခွင့် ထောင်မှာ မရှိဘူး"လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ရက်ပိုချုပ်ခံရတာ လူ့အခွင့်အရေးအရ ဘယ်လို ရှိလဲ

အာမခံ ယူခွင့်ရှိသလို အာမခံ မယူတာက ဥပဒေမှာ ပါဝင်ပတ်သက်တဲ့ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက် အခွင့်အရေး ဖြစ်ပြီး ဥပဒေကြောင်း အရ ဖြစ်တဲ့ အမှုတွေကို အမှုပေါ်မှာ မူတည်ပြီး လျင်လျင်မြန်မြန်နဲ့ အရေးယူ ဆောင်ရွက်နိုင်မှု အားနည်းနေတဲ့ အချက်ကိုလည်း ထည့်တွက်ဖို့ လိုတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ပြောပါတယ်။

"ထောင်ထဲမှာနေရတဲ့ ရက်ပိုလို့ ရှိရင် ဒါဘယ်လိုပဲ ဖြစ်ဖြစ် လူတယောက်ရဲ့ လွတ်လပ်မှုကို ထိခိုက်တာ ဖြစ်တယ်၊ နောက်တခါ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တာ ဖြစ်တယ်၊ နောက်တခု ပိုဆိုးတာက ကျွန်တော်တို့ဆီမှာက ဒါမျိုးကိစ္စနဲ့ ပတ်သက်လို့ ရက်ပိုသွားလို့ ဆိုပြီးတော့ နစ်နာကြေး၊ လျော်ကြေး ပုံစံ မရှိဘူး၊ ဒါလေးတွေက လူတစ်ယောက်အတွက် မဖြစ်သင့် မဖြစ်သင့်သော အခြေခံကျတဲ့ လူ့အခွင့်အရေး ထိခိုက်မှုလို့ ကျွန်တော်ပြောချင်တယ်" လို့ လူ့အခွင့်အရေးအဖွဲ့ ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

တချို့နိုင်ငံတွေမှာ ကျခဲ့တဲ့ ထောင်ဒဏ်နဲ့ သူ့ရဲ့လုပ်ဆောင်ချက် မကိုက်ညီဘူးဆိုရင် ပြန်ပြီး လျော်ကြေးပေးတာတွေ ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလို မရှိသေးဘူးလို့လည်း သူက ထောက်ပြပါတယ်။