သာယာဝတီနယ်က ကြွေးထူနေတဲ့ လယ်သမားတွေ

စပါးဈေး ဓာတ်ပုံ မူပိုင် Getty Images
Image caption စပါးဈေး တင်းတစ်ရာကို သုံး သိန်းခွဲလောက်အထိကျလာနေ

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီနယ်ဘက်မှာ စပါးဈေးတွေကျလို့ လယ်သမားတွေအများစုဟာ စိုက်ပျိုးစရိတ်တောင်မရဘဲ အကြွေးတွေတင်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

စပါးဈေးဟာ အခုရက်ပိုင်း တင်းတစ်ရာကို သုံးသိန်းခွဲလောက်အထိ ကျလာနေတာဖြစ်ပြီးတော့ ဆန်စက်ပိုင်ရှင်နဲ့ ကုန်သည်တွေဟာ အစိုးရသတ်မှတ်ခဲတဲ့ ကြမ်းခင်းဈေးထက်ကို အောက်နှိမ့်ပြီးဝယ်နေကြတာကြောင့် အောက်တိုဘာလ ၁ရက်နေ့ ကလယ်သမားတွေထောင်နဲ့ချီပြီး ဆန္ဒ ပြခဲ့ကြပါတယ်။

လယ်သမားတွေ အပြောအရ စပါးတစ်ဧကကို စိုက်ပျိုးစရိတ်က သုံးသိန်းလောက်ကုန်ကျပြီး တော့ တစ်ဧက ကို စပါးတင်း ၆၀ လောက် ပဲ အများဆုံးထွက်တာ ကြောင့် စပါးတစ်တင်းကို လုပ်အားခမပါ ကျပ်၅၀၀၀ လောက် အရင်းရှိနေပါတယ်။

ကုန်သည်တွေက စပါးတစ်တင်းကို ကျပ်၃၅၀၀ လောက်ပဲပေးနေတာကြောင့် လယ်သမားဟာ အရင်းမရ တဲ့အပြင် လုပ်အားခပါ ရှုံးနေရတယ်လို့လည်း ဆန္ဒပြလယ်သမားတွေက ပြောပါတယ်။

"အခုကဗျာ လယ်သမားက ရာသီဥတု ဖျက်တာလည်းခံရတယ်။ ပိုးမွှားတွေဖျက်တာလည်း ခံရတယ်၊ တကယ်တမ်း စပါးထွက်လာတော့လည်း ဈေးက အရင်းမရတဲ့အပြင် ကုန်သည်တွေ ပေးတဲ့ဈေးကိုပဲ တောင်းတောင်းပန်ပန်နဲ့ ရောင်းနေရတော့ အစိုးရ အနေနဲ့ တခုခု လုပ်ပေးဖို့ တောင်းဆိုတာပါ "လို့အောက်တိုဘာလ ၁ ရက်က ဆန္ဒပြခဲ့တဲ့ ခေါင်းဆောင် လယ်သမား ဦးဝင်းဇော်ထွန်းက ပြောပါတယ် ။

ဓာတ်ပုံ မူပိုင် Ba Thar Chaw
Image caption အစိုးရက အချိန်မီ ၀ယ်ပေးဖို့ လယ်သမားတွေကတောင်းဆို

လယ်သမားတွေဖြစ်ချင်တဲ့ စပါးဈေးက ဘယ်လောက်လဲ

စပါးဈေးအပြင် အချင်အတွယ် တွေကို လည်း ကုန်သည်တွေ က အစိုးရ သတ်မှတ် တဲ့ စပါးတစ်တင်း ကို ၄၆ ပေါင် အစား ၅၂ ပေါင် နဲ့ ဝယ်နေတာကြောင့် နစ်နာရတယ်လို့လည်း လယ်သမားတွေက ပြောပါတယ် ။

သာယာဝတီနယ်ထဲမှာ ရွာတိုင်း မှာ ကြွေးတွေများပြီး မပေးနိုင်လို့ ထွက်ပြေးနေရတဲ့ လယ်သမားမိသားစုတွေ ရှိတယ်လို့ လည်း ဦးဝင်းဇော်ဦးကပြောပါတယ်။

ဒီလိုဖြစ်နေတာဟာ မနှစ်က မိုးစပါးပေါ်ချိန်ကစနေတာဖြစ်ပြီးတော့ ဒီအခက်အခဲကို အစိုးရ အနေနဲ့ ဖြေရှင်းပေးဖို့ လယ်သမားတွေက ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

"ဘယ်ဈေးရယ်လို့လည်း လယ်သမားတွေ က မတောင်းပါဘူး။ ထုတ်လုပ်မှုကုန်ကျစရိတ် ကို ၃၀ ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်း လောက်ကာမိရင် လယ်သမားတွေက လိုချင်တာပါ" လို့လည်း သာယာဝတီက လယ်သမားတွေကပြောပါတယ် ။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အပါအဝင် ဆန်စပါးအသင်းအဖွဲ့ဘက်က လူတွေကတော့ အခုပြောနေကြတဲ့ ဧည့်မထ မိုးစပါးကို စပါးတစ်ရာကို ၄ သိန်း ၈သောင်း ကနေ ၅ သိန်း ၃ သောင်း ကြား အခြေခံဈေးသတ်မှတ်ပေးဖို့ နေပြည်တော်မှာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်ကစပါးဝယ်ဖို့ ကမ်းလှမ်းထား

စပါးဈေး အခုလိုကျသွားတာ ကဘာကြောင့်လဲ

စပါးဈေး ကျသွားတဲ့ အကြောင်းအရင်းထဲကတစ်ခု ကတော့ တရုတ်ဘက်က စပါးလာဝယ်တာကို ကန့်သတ်လိုက်လို့ ဖြစ်ပါတယ်။

သာယာဝတီ၊ မင်းလှဘက်မှာ ၂၀၁၇ တုန်း က တရုတ်က စပါးတွေ လာဝယ်တုန်းက စပါးတင်းတစ်ရာကို ၇ သိန်းလောက် ပေါက်ခဲ့တယ်လို့လည်း သာယာဝတီနယ်က လယ်သမားတွေက ပြောပါတယ်။

အဲဒီနောက် တရုတ်စပါးဝယ်တာကို ဆန်စက်ပိုင်ရှင်နဲ့ ကုန်သည်တွေ ကတားမြစ်ဖို့ တင်ပြတာရှိပြီးတော့ အစိုးရ က အဲဒီနောက် တရုတ်ကစပါးဝယ်တာကို ပိတ်လိုက်ပါတယ်။

"ဈေးက အဲဒီနောက်ပိုင်းတအိအိနဲ့ ကျတာဗျာ ၊တက်ကို မလာတော့ဘူး၊ကျွန်တော်တို့ ကလည်းအဲဒါကြောင့် စပါးကို နိုင်ငံခြားတိုက်ရိုက်တင်ပို့ ရောင်းချခွင့် ပြန်ခွင့်ပြုဖို့ ကိုလည်းတောင်းဆိုတာပါ" လို့ ဦးဝင်းဇော်ဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စပါးနိုင်ငံခြားပို့ဖို့ အစိုးရဘက်ကို တင်ပြပြီးထား

စပါးကို နိုင်ငံခြားတင်ပို့ခွင့်ပြုမှာလား

အရင်ကတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့စပါးကို တရားဝင် ပြည်ပကို တင်ပိုခွင့် မပြုခဲ့ပါဘူး။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သုံး နှစ်လောက်ကစလို့ တရုတ်နိုင်ငံက ဝယ်ယူတဲ့အတွက် မြန်မာနိုင်ငံက စပါးတွေ တရုတ်နိုင်ငံထဲ တရားမဝင် တင်ပို့တာတွေ ရှိခဲ့ပါတယ်။

စပါးကို ပြည်ပကို တင်ပို့ခွင့်ပြုဖို့ နေပြည်တော် ဆန်အသင်းအဖွဲ့တွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံမှု အပြီးမှာ ကော်မတီအစည်းအဝေးမှာ သဘောတူခဲ့ပေမယ့် အခုအထိတော့ တင်ပို့တယ်ဆိုတာမျိုး မတွေ့ရသေးပါဘူး။

အစိုးရဘက်ကို တင်ပြပြီး အတည်ပြုဖို့ လိုသေးတယ်၊ တန်ချိန်ပမာဏတစ်ခု သတ်မှတ်မလား ကာလတစ်ခု သတ်မှတ်မလားတော့ မသိဘူးလို့ ဆန်စပါးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

"အစိုးရက စပါးဈေးသတ်မှတ်ဖို့ နေ့ရွှေ့ ညရွှေ့လုပ်နေတာ။ ဒါကြောင့် ကျွန်တော်တို့က ဆန္ဒပြ တောင်းဆို တာပါ"လို့လည်း သာယာဝတီက ဆန္ဒပြလယ်သမားတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ba Thar Chaw
Image caption သာယာဝတီနယ်မှာ လယ်သမားတွေ အောက်တိုဘာ ၁ရက်က ဆန္ဒပြ

တောင်သူလယ်သမားတွေအတွက် ဝန်ကြီးဌာန

သာယာဝတီက လယ်သမားတွေကတော့ စပါးဈေး တက်လာအောင် လုပ်ဖို့အပြင် တောင်သူလယ်သမားတွေအတွက် ဂရုစိုက်ဆောင်ရွက်ပေးမယ့် ဝန်ကြီးဌာန တစ်ခုကို ဖွဲ့ပေးဖို့လည်း တောင်းဆိုကြပါတယ်။

မိုးစပါးနဲ့ ပတ်သက်လို့ အခြေခံဈေးနှုန်း သတ်မှတ်ဖို့ အစိုးရတာဝန်ရှိသူတွေဟာ စက်တင်ဘာလ ၂၄ ရက်မှာ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလိုဆွေးနွေးပြီးတဲ့အခါမှာတော့ဒုတိယသမ္မတဦးဆောင်တဲ့အဖွဲ့ကနေဈေးနှုန်းသတ်မှတ်ပေးပြီးကြေငြာပေးမှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့အနေနဲ့တော့ မိုးစပါးအခြေခံဈေးနှုန်း သတ်မှတ်ချက်ကို အောက်တိုဘာလ ၁၅ ရက်မှာ ထုတ်ပြန်ပေးမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မီဒီယာတွေကို ပြောထားပါတယ်။

အခုအတိုင်းစပါးဈေးကကျနေရင်တော့ အစိုးရက ဦးဆောင်ပြီး သတ်မှတ်တဲ့ဈေးတစ်ခုရောက်အောင် ဝယ်ပေးလေ့ရှိပါတယ်။

" ပြည်သူ့အစိုးရလက်ထက်မှာ ကျွန်တော်တို့ လယ်ပြုတ် ယာပြုတ် မဖြစ်ချင်ဘူး" လို့ သာယာဝတီနယ်က လယ်သမားတစ်ဦးကပြောပါတယ်။