နစ်နာသူတွေအတွက် အကျိုးနည်းမယ့် ဖောက်စွပ်၊ ဖြတ်ဆက်ကား ဖြေရှင်းချက်

၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၁၈ (င)မှာတော့ ခွင့်ပြုချက်မရှိဘဲကားကို အမျိုးအမည်၊ နှစ်၊ ခွင့်ပြုချက်မရဘဲ ပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းတာကိုတွေ့ရှိရင် မှတ်ပုံတင်ဖျက်သိမ်းနိုင်ပါတယ်။ ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption ၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၁၈ (င)မှာတော့ ခွင့်ပြုချက်မရှိဘဲကားကို အမျိုးအမည်၊ နှစ်၊ ခွင့်ပြုချက်မရဘဲ ပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းတာကိုတွေ့ရှိရင် မှတ်ပုံတင်ဖျက်သိမ်းနိုင်ပါတယ်။

ရန်ကုန်လိုင်စင်နံပါတ်ရမယ့် ကားတွေအောက်တိုဘာကစပြီးပြန်တင်သွင်းခွင့်ရဖို့ အခွင့်အရေးရှိလာပါပြီ။ ဒါပေမယ့် ဖောက်စွပ်၊ ဖြတ်ဆက်လုပ်ထားလို့ သိမ်းခံထားတဲ့ ကားတွေအတွက်သာဖြစ်ပါတယ်။

ဒါက ဦးဖြိုးမင်းသိန်းရန်ကုန်ဝန်ကြီးချုပ်အဖြစ် တက်လာပြီးနောက်ပိုင်း ရန်ကုန်မှာ ကားတင်သွင်းခွင့် ပိတ်ခဲ့ပြီးကတည်းက ရန်ကုန်လိုင်စင်နဲ့ ကားတွေတင်သွင်းခွင့်စလစ်ပြန်ထုတ်ပေးတဲ့ ပထမ ဆုံးလုပ်ဆောင်ချက် လည်းဖြစ်ပါတယ်။

အစိတ်အပိုင်း မမှန်တဲ့ Body Coach ပြောင်း ဖောက်စွပ် ဖြတ်ဆက် ကားတွေကို ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းတဲ့ ပုံစံ (ဃ) စလစ်ထုတ်ပေးမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်နေ့မှာတရားဝင်ထုတ်ပြန်ခဲ့တာပါ။ အဲဒီထဲမှာမှ ရန်ကုန်လိုင်စင်နဲ့ ကားတွေလည်း ပါနေတာဖြစ်ပါတယ်။

စက်တင်ဘာလနောက်ဆုံးအပတ်ထိစာရင်းအရ မြန်မာနိုင်ငံထဲမှာ ဖောက်စွပ်၊ ဖြတ်ဆက်လုပ်ထားတဲ့ ကားအစီးအရေအတွက် ၃၆၂ စီး ရှိလို့ သိမ်းဆည်းထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရဲ့ အချက်လက်အရသိရပါတယ်။

အဲဒီ ၃၆၂စီးက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပါ ပုဒ်မ ၁၈အရ မော်တော်ယာဉ်မှတ်ပုံတင်ဖျက်သိမ်းထားလို့ သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ ၁၀၄ စီး၊ ကညနရုံးတွေမှာ ၃၈စီးနဲ့ နေရာအခက်အခဲကြောင့် ပိုင်ရှင်တွေ လက်ထဲမှာပဲ ရှိနေတာက ၂၂၀စီး တို့ရှိနေပါတယ်။

၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၁၈ (င)မှာတော့ ခွင့်ပြုချက်မရှိဘဲကားကို အမျိုးအမည်၊ နှစ်၊ ခွင့်ပြုချက်မရဘဲ ပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းတာကိုတွေ့ရှိရင် မှတ်ပုံတင်ဖျက်သိမ်းနိုင်ပါတယ်။

အဲဒီဖျက်သိမ်းမယ့် ဖောက်စွပ်၊ ဖြတ်ဆက်ကား ၃၆၂ စီးထဲကမှ ၃၂၃ စီးက ရန်ကုန်လိုင်စင်ရထားတဲ့ ကားတွေဖြစ်လို့ ရန်ကုန်မှာ ကားအစီးရေ ၃၂၃စီးကို အောက်တိုဘာ ၁ရက်နေ့က စပြီး ပြန်တင်သွင်းနိုင် မှာပါ။

ကျန်တဲ့ ၃၉စီးကိုတော့ မန္တလေးနဲ့ အခြားပြည်နယ်နဲ့တိုင်းလိုင်စင်တွေနဲ့ တင်သွင်းခွင့်ပြုမှာဖြစ်ပါတယ်။

ပြန်လည်တင်သွင်းရင်လည်း လက်ရှိချမှတ်ထားတဲ့ ကားမူဝါဒတွေအတိုင်း ထုတ်လုပ်တဲ့နှစ် ၂၀၁၆ ခုနှစ်ထုတ်မော်ဒယ် ကနေ စပြီး ဘယ်မောင်းတွေကို တင်သွင်းရမှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption စစ်အစိုးရခေတ်က ခွင့်ပြုခဲ့တဲ့ အကြီးစားပြင်ဆင်ခွင့်လိုင်စင်ကို ၂၀၁၈ ခုနှစ် အစောပိုင်း ကစပြီး ပိတ်သိမ်းခဲ့

ဖောက်စွပ်၊ ဖြတ်ဆက်သမိုင်း

မှတ်ပုံတင်ရှိပြီးသား ကားတစ်စင်းရဲ့ ဘော်ဒီတန်းတစ်စုံလုံးကိုယူပြီး အခြားမှတ်ပုံတင်မဲ့ ကားအစိတ်အပိုင်း တွေကိုတပ်ဆင်တာကို ဖောက်စွပ်လို့ပြောကြပါတယ်။ အဲဒီလိုအပြင် မှတ်ပုံတင်ရှိထားတဲ့ ကားတစ်စင်းမှာ အခြားမှတ်ပုံမတင်ထားတဲ့ ကားရဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်ထားတာကိုလည်း ဖောက်စွပ်လို့ခေါ် ပါတယ်။

ဖြတ်ဆက်ကတော့ ကားတိုက်တာကြောင့်ပဲဖြစ်ဖြစ်၊ အကြောင်းတခုခုကြောင့် မှတ်ပုံတင်ရှိထားတဲ့ ကားရဲ့ အစိပ်အပိုင်းတစ်ခုနဲ့ မှတ်ပုံတင်မဲ့ကားရဲ့ ဘယ်လိုအစိတ်အပိုင်းမျိုးကိုမဆို ဆက်စပ်အသုံးပြုတာကို ဖြတ်ဆက်လို့ ယေဘုယျ သတ်မှတ်ပြောဆိုကြပါတယ်။

စစ်အစိုးရခေတ်က နိုင်ငံအတွင်းက တရားမဝင်ကားတွေကို ဖျက်သိမ်းပြီး၊ သိမ်းဆည်းခဲ့ပါတယ်။ ကားလောကသားတွေကတော့ အဲဒီလိုလုပ်ခဲ့တဲ့အချိန်က ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်လောက်ကလို့ ဆိုကြပါတယ်။

အဲဒီလိုသိမ်းဆည်းလိုက်တဲ့ ကားတွေကို စစ်အစိုးရနဲ့ နီးစပ်သူတွေဆီကို အကြီးစားပြင်ဆင်ခွင့် လိုင်စင်ဆိုပြီး ပြန်ခွင့်ပြုရာကာ ပရာဒိုလို၊ ဆာ့ဖ် တို့လို ဇိမ်ခံအိမ်စီးကားတွေ အပါအဝင်ကို ဖောက်စွပ်၊ ဖြတ်ဆက်တဲ့ ကားတွေ ဈေးကွက်အတွင်းကိုရောက်လာကြတယ်လို့ ကားလောကသားတွေက ပြောကြပါတယ်။

အဲဒီကားတွေရဲ့ လိုင်စင်အက္ခရာအများစုကလည်း (၃ဂ၊ ၄ဂ/….) တွေ အများစုဖြစ်တယ်လို့ ဆိုကြပါတယ် ။ အဲဒီအချိန်က ဖောက်စွပ်၊ ဖြတ်ဆက်ကားတွေရဲ့ ဈေးက သိန်းထောင်ချီတန်ဖိုးရှိခဲ့ပါတယ်။

စစ်အစိုးရခေတ်ကတည်းက ခွင့်ပြုခဲ့တဲ့ အကြီးစားပြင်ဆင်ခွင့်လိုင်စင်ကို ၂၀၁၈ခုနှစ် အစောပိုင်း ကစပြီး ပိတ်သိမ်းလိုက်ပြီး ဖောက်စွပ်၊ ဖြတ်ဆက်ကားတွေကို သိမ်းဆည်းလိုက်တာပါ။

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption အစားထိုးတင်သွင်းခွင့်ထက် အရင် ရှိပြီးသားအကြီးစား ပြင်ဆင်ခွင့်နဲ့ ဖောက်စွပ်၊ ဖြတ်ဆက်တွေကို ခွင့်ပြုပေးသင့်လို့ ပြောကြသူတွေလည်း ရှိ

ဘယ်သူတွေနစ်နာမလဲ

အခုလိုကားအစားထိုးတင်သွင်းခွင့်ပြုတဲ့အတွက်ဖောက်စွပ်၊ ဖြတ်ဆက်ထားတဲ့ ကားပိုင်ရှင်တွေက စလစ်ကို တရားဝင်ရကြမှာပါ။

အဲဒီစလစ်နဲ့ ကားကိုပြန်သွင်းမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ နှုန်းထားတွေဖြစ်တဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်တွေအပါအဝင် ပေးချေရမယ့်အခွန်တွေကြောင့် သိန်း ၂၀၀ကျော်ကနေ ၃၀၀ အတွင်းမှာ ကုန်ကျမယ်လို့ ကားဝယ်ရောင်းတွေက တွက်ချက်ပြကြပါတယ်။ အဲဒီကုန်ကျမယ့်ငွေထဲမှာ စလစ်တန်ဖိုးမပါသေးပါဘူး။

ဂျပန်ကားဟောင်းတွေကိုသာပြန်ဝယ်စီးမယ်ဆိုရင်တော့ စလစ်တန်းဖိုးအပါအဝင် သိန်း ၁၀၀ ကနေ ၁၅၀ အထိရှိနိုင်ပါတယ်။

တကယ်လို့ ကားမဝယ်ဘဲ ရတဲ့တင်သွင်းခွင့် စလစ်ကိုသာ ပြန်ရောင်းမယ်ဆိုရင်တော့ သိန်း ၁၀၀ အောက် သာ ပြန်ရမယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့် ကားစီးချင်တဲ့သာမန်လူတန်စားတစ်ဦးက မသိရှိဘဲ ဖောက်စွပ်၊ ဖြတ်ဆက်ကားတစီးကို ဝယ်မိထားတယ်ဆိုရင်တော့ နစ်နာမှုသာရရှိမှာဖြစ်ပါတယ်။

"အခုကားပြန်တင်ခွင့် ပေးမယ်ဆိုတာက အရင်တုန်းကလုံးဝအရှုံးကနေ၊ အခုတော့ စလစ်ဈေးလောက် ပြန်ရမယ်ဆိုတဲ့ အခြေအနေပါပဲ။ အချို့ဖောက်စွပ်၊ ဖြတ်စက်ကား တွေဆိုရင် သိန်း ၅၀၀ ကျော်တန်တွေ ပါတယ်" လို့ သာကေတမြို့နေ ကားရောင်းဝယ်ရေးလုပ်သူ ကိုဘလှိုင်က ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့် ကိုဘလှိုင်ကတော့ အခုလို အစားထိုးတင်သွင်းခွင့်ပေးတာထက် အရင်ရှိပြီးသားအကြီးစား ပြင်ဆင်ခွင့်နဲ့ ဖောက်စွပ်၊ ဖြတ်ဆက်တွေကို ခွင့်ပြုပေးသင့်တယ်လို့ သူကယူဆပါတယ်။

ဒါကလည်း မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံ မှာ တစ်ပတ်ရစ်ကားတွေကိုသာ အများဆုံးသုံးနိုင်တဲ့ နိုင်ငံသားတွေအတွက် အဆင်ပြေမယ်လို့ ကိုဘလှိုင်က ယူဆပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption "ကားတွေအားလုံးရဲ့မှတ်တမ်းက ဌာနမှာ အားလုံးရှိပါတယ်။ စလစ်လိုချင်လို့ လုပ်လာမယ်ဆိုရင်လည်း သူမှာရှိတဲ့ မူလကားတစီးလုံးဆုံးရှုံးမှာပါ

စာရင်းရှိဖောက်စွပ်၊ ဖြတ်ဆက်ကားတွေပဲ ကားပြန်သွင်းခွင့် စလစ်ပေးမှာလား

ကညန (ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန) စာရင်းအရတော့ တစ်နိုင်ငံလုံးမှာ ၃၆၂ စီးသာရှိပေမယ့်၊ စာရင်းပြင်ပမှာ ဘယ်လောက်အရေအတွက် ရှိနေသေးတယ်ဆိုတာကိုတော့ ကညန ကမသိရဘူးလို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က ဘီဘီစီကိုပြောပါတယ်။

ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတော့ နောက်နောင် ဖောက်စွပ်၊ ဖြတ်ဆက်ကားတွေကို တွေ့ရှိခဲ့ရင်လည်း နစ်နာမှုမရှိအောင် စလစ်ထုတ်ပေးသွာမယ်လို့ တရားဝင်ပါရှိပါတယ်။

"ကားတွေအားလုံးရဲ့မှတ်တမ်းက ဌာနမှာ အားလုံးရှိပါတယ်။ စလစ်လိုချင်လို့ လုပ်လာမယ်ဆိုရင်လည်း သူ့မှာရှိတဲ့ မူလကား တစ်စီးလုံးဆုံးရှုံးမှာပါ" လို့ ဦးသိန်းထွဋ်ကပြောပါတယ်။

ကားတင်သွင်းခွင့်လိုချင်လို့ စလစ်ဈေးအောက်ကားတွေကို ဖောက်စွပ်၊ ဖြတ်ဆက်ဖန်တီးလုပ်လာမယ်ဆိုရင်လည်း ဌာနမှာရှိတဲ့ မှတ်တမ်းတွေအရ တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်မှာဖြစ်လို့ မူလကားပါ ဆုံးရှုံးနိုင်သလို၊ ဥပဒေအရလည်း အရေးယူခံရနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း အရင်ကားတင်သွင်းခွင့်တွေပေးခဲ့တုန်းကလည်း စလစ်ရအောင် ဖန်တီးလုပ်ခဲ့တာတွေ ရှိခဲ့လို့ အခုလည်း စလစ်ပေါက်ဈေးအောက်တန်ဖိုးရှိတဲ့ ကားတွေကိုသုံးပြီး စလစ်တွေရအောင် လုပ်နိုင်ကြ တယ်လို့ မန္တလေးက ကားအရောင်းအဝယ်လုပ်ငန်းလုပ်တဲ့ ကိုကျော်ကြီးက ဘီဘီစီကို ပြောပါတယ်။

"ဒီသတင်းကို တလလောက် ကြိုသိထားတဲ့သူတွေဆိုရင် တန်ဖိုးနည်းတဲ့ကားတွေကို လိုက်ဝယ်ထားတာ တောင်ရှိတယ်။ တိုက်ကြေကားစလစ်ဆိုလည်း ရအောင် ဖျက်ဆီးပြီး အပ်တယ်၊ စလစ်ရအောင်လုပ်တယ်။ အခုလည်း လုပ်ကြမှာပဲ" လို့ သူကဆိုပါတယ်။

စစ်အစိုးရလက်ထက်က ဖန်တီးခဲ့တဲ့ ဖောက်စွပ်၊ ဖြတ်ဆက်ကားပြဿနာကြောင့် အခုလို ကားပြန်တင်ခွင့် ပေးပေမယ့်လည်း ကားအဟောင်းတွေသာစီးနိုင်ကြတဲ့ အခြေခံလူတန်းစာတွေအတွက်တော့ ပြောင်းလဲမှု ၊ သက်ရောက်မှုမရှိသလို၊ မသိလိုက်လို့ ဖောက်စွပ်၊ ဖြတ်ဆက်ကားတွေကို ဝယ်ခဲ့မိသူတွေအတွက်တော့ နစ်နာမှုတွေ ဆက်ရှိနေတာအပြင်၊ ဥပဒေမဲ့ စလစ်ရယူဖို့ကြိုးစားလုပ်ဆောင်မှာတွေကလည်း ရှိနေပါတယ်။