ပုဏ္ဏားကျွန်းမြို့နယ်ထဲ တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒေသခံတွေပြော

ရခိုင်မြောက်ပိုင်းက လူနေ ကျေးရွာတွေ အနီးအနားမှာ ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေ နေ့စဉ်လိုလို ဖြစ်နေလို့ ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေ
Image caption ရခိုင်မြောက်ပိုင်းက လူနေ ကျေးရွာတွေ အနီးအနားမှာ ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေ နေ့စဉ်လိုလို ဖြစ်နေလို့ ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မြန်မာ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အောင်ဆိပ်ကျေးရွာဘက်ကနေ ထွက်လာခဲ့တာဖြစ်ပြီး ယိုးချောင်းကိုဖြတ်လာခဲ့တဲ့အချိန် ယိုးတရုပ် ကျေးရွာဘက်ကမ်းကိုအရောက် ကူးတို့ဆိပ်မှာ ပေါက်ကွဲခဲ့တာလို့ အနီးနားဝန်းကျင်က ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် နေပြည်တော် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံပြောဆိုခြင်း မရှိသေးပါဘူး။

"မနက်ပိုင်းကတော့ ကျွန်တော်တို့ရွာနားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်လို့သိရတယ်၊ လောလောဆယ်မှာတော့ ကျွန်တော်က ပုဏ္ဏားကျွန်းကိုရောက်နေတဲ့အတွက် အသေးစိတ်ကိုတော့မပြောနိုင်ဘူး၊ ပေါက်ကွဲမှုဖြစ်တာတော့ သေချာပါတယ်" လို့ ယိုးတရုပ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းကတော့ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

အစိုးရတပ်စစ်ကြောင်းဟာ အောင်ဆိပ်ကျေးရွာဘက်ကနေပြီးတော့ ကူးတို့နဲ့ကူးလာတဲ့အချိန် ယိုးတရုပ် ဘက်ကမ်းကို အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရတယ်လို့ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကူးတို့ဆိပ်က ယိုးတရုပ်ရွာ အဆုံး နေရာမှာရှိနေတာဖြစ်ပြီး ရန်ကုန်-စစ်တွေကားလမ်းမနဲ့ဆိုရင် တစ်မိုင်သာသာဝေးကြောင်း သူက ဆက်လက်ရှင်းပြပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်ကြောင်းဘက်က ထိခိုက်သေဆုံးမှုမရှိမရှိကို မသိရပေမယ့် အရပ်သားထိခိုက်မှုတော့မရှိဘူးလို့ သူက ဆိုပါတယ်။

"ဖြစ်တာက အောင်ဆိပ်ကနေ ယိုးတရုပ်ကို ကူးလာတဲ့အချိန်မှာ ကူးတို့ဆိပ်နားမှာ ပေါက်တယ်လို့သိရတယ်၊ စစ်ကြောင်းဘက်က ထိခိုက်မှုကိုတော့ မသိရဘူး၊ ရွာသားတွေတော့ ထိခိုက်မှုမရှိဘူးလို့သိရတယ်၊ ပေါက်ကွဲမှုဖြစ်ပြီးတာနဲ့ လက်နက်ငယ်အသံတွေတော့ ကြားလိုက်ရတယ်လို့ ရွာသားတွေကပြောပါတယ်" လို့ ဦးခင်မောင်လတ်ကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာအနီးဝန်းကျင်ကို တပ်မတော်ဘက်က ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြပေမယ့် ဒေသခံတွေအပေါ် ထိခိုက်မှုတွေမရှိခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ အဲ့ဒီအနီးဝန်းကျင်က ကျေးရွာသားတွေဟာ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးခဲ့ကြသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ၂ ရက် နေ့ကလည်း ကျောက်တော် မြို့နယ်အတွင်းမှာ အရပ်သားတစ်ဦး ပစ်ခတ်ခံလိုက်ရပြီး သေဆုံးခဲ့ရတဲ့အတွက် ဒေသခံတွေက စိုးရိမ်နေကြသလို ဒီကနေ့မှာလည်း အခုလို ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ကျေးရွာအနီး တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ယိုးတရုတ်ကျေးရွာမှာ ဈေးဆိုင်တွေကိုလည်းပိတ်ထားကြပြီး စိုးရိမ်တဲ့တချို့ မိသားစုတွေဆိုရင် တခြားနေရာတွေကို ရှောင်နေကြရတယ်လို့ ဒေသခံတွေက တဆင့် သိရပါတယ်။

လက်ရှိမှာ ပုဏ္ဏားကျွန်း မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေဟာ အရင်ကတထက် စာရင် နည်းပါးသွားခဲ့ပြီဖြစ်ပေမယ့် အခုလိုမျိုး စစ်ကြောင်းသွားလာတဲ့အချိန်မှာ မိုင်းပေါက်ကွဲမှုတွေရှိနေပြီး ပစ်ခတ်မှုတွေကလည်း နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလောက် ဖြစ်ပွားတာတွေရှိနေသေးတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း