အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေကို ရပ်မိရပ်ဖတွေက ရွေးချယ်မယ်

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးတဲ့ ရှမ်းတောင်သူတွေနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဘိန်းအစားထိုးသီးနှံစိုက်ပျိုးတဲ့ ရှမ်းတောင်သူတွေနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

အန်အယ်လ်ဒီပါတီက ရှမ်းပြည်နယ် အစိုးရ၊ လွှတ်တော်နဲ့ ပါတီ သုံးပွင့်ဆိုင် တွေ့ဆုံပွဲကို အောက်တိုဘာ ၃ ရက်က တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့ပြီး ပါတီဒုဥက္ကဋ္ဌဒေါက်တာဇော်မြင့်မောင် တက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ သုံးပွင့်ဆိုင် ညီညွတ်တဲ့အဖွဲ့အစည်းဖြစ်ဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရဖို့ ပါတီက ကြိုးစားနေတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒီမိုကရေစီစနစ်ခိုင်မာဖို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ ပါတီဗဟိုကော်မတီက ချမှတ်ခဲ့တဲ့ တိုင်းရင်းသားရေးရာကော်မတီတွေဖွဲ့ဖို့ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နီးလာလို့ လူထုနဲ့ များများထိတွေ့ဖို့ ပါတီခေါင်းဆောင်ပိုင်းက တိုက်တွန်းခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ညောင်ရွှေ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အပေါ် အငြင်းပွားတာတွေရှိခဲ့တဲ့အတွက် ဒီတစ်ခေါက်တော့ ရပ်မိရပ်ဖတွေရဲ့ ထောက်ခံမှုနဲ့ ရွေးချယ်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

'ကိုယ်စားလှယ်လောင်းတွေကို အရင်က မြို့နယ်ပါတီအလုပ်အမှုဆောင်တွေက သတင်းပေးပို့ရတာ။ အခုက ရပ်မိရပ်ဖတွေရဲ့ သဘောထားကိုတောင်းမှာဗျ။ အရင်ကတော့ ပါတီကိုပဲကြည့်တယ်။ လူကို မကြည့်ဘူးပေါ့ဗျာ။ အခုတော့ ပြည်သူက အသိအမြင်ပွင့်လင်းလာတော့ ပါတီရောလူရောကြည့်မှာဗျ။ ဒါကြောင့် မြို့နယ်မှာ အစဉ်အဆက်ရှိခဲ့တဲ့ ရပ်မိရပ်ဖတွေအသံကို သူတို့ (ပါတီတာဝန်ရှိသူများ) နားထောင်မယ်လို့ ပြောတယ်ဗျ'

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေတဲ့ ရှမ်းပြည်နယ်ဒေသခံတွေ

ရှမ်းပြည်နယ် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ကို ၂၀၁၆ ခုနှစ်က ပါတီဗဟိုအတွင်းရေးမှူး ဦးဝင်းထိန်က ရာထူးက ထုတ်ပယ်တာ၊ ဖယ်ရှားခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။ ပါတီတွင်းသဘောထားကွဲလွဲမှုတွေကို အဲဒီတုန်းက အတိအကျထုတ်ပြန်တာမရှိခဲ့ပေမယ့် ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုး(ယခုကွယ်လွန်) ကတော့ ကိုယ်စားလှယ်လောင်းရွေးတဲ့ပြဿနာပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းရွေးမှု အငြင်းပွားတာက ဒီတစ်နေရာတည်းမဟုတ်ဘဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအပါအဝင် ထင်ရှားတဲ့နိုင်ငံရေးသမားတွေကို ပါတီကိုယ်စားပြုဝင်ပြိုင်ဖို့ ငြင်းပယ်ခဲ့တာတွေကိုလည်း နိုင်ငံရေးအသိုင်းအဝိုင်းက အံ့အားသင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကိုမကြည့်ဘဲ ပါတီကိုပဲကြည့်ပါ ဆိုတဲ့ မဲဆွယ်စကားနဲ့ အန်အယ်လ်ဒီက ပြည်လုံးကျွတ်အနိုင်ရခဲ့ပါတယ်။

ဒီလိုပြဿနာတွေရှိခဲ့တာကြောင့် ရှမ်းပြည်နယ်မှာ နိုင်ပြီးသားနေရာတွေ ပြန်မရှုံးဖို့၊ အထူးသဖြင့် ၂၀၁၅ တုန်းက မဲသိပ်မကွာဘဲ ရှုံးခဲ့တဲ့နယ်မြေတွေကို အဓိက ကြိုးစားကြဖို့ ဒီသုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ပါတီခေါင်းဆောင်တွေက မှာကြားခဲ့တယ်လို့ ဦးဝင်းမြင့်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ လူထုထောက်ခံမှုရထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေ ရှိလို့ လာမယ့်ရွေးကောက်ပွဲမှာ စိန်ခေါ်မှုပြင်းထန်တဲ့ မဲဆန္ဒနယ် ဖြစ်လိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ရှမ်းပြည်နယ်မှာ အန်အယ်လ်ဒီနိုင်ပြီးသားနေရာတွေ ပြန်နိုင်ဖို့၊ မဲသိပ်မကွာဘဲ ရှုံးခဲ့တဲ့နေရာတွေ နိုင်ဖို့ အရေးကြီး

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်အတွင်းက ကျေးသီးအပါအဝင် မဲဆန္ဒနယ်တချို့ နယ်မြေ မတည်ငြိမ်တဲ့အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိတာလည်းရှိခဲ့ပါတယ်။ လာမယ့် ၂၀၂၀ မှာရော ဒီလိုပြဿနာကြုံနိုင်လားဆိုတာနဲ့ပတ်သက်လို့တော့ ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တာ မရှိဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်က ပြည်သူ့စစ်အားကောင်းတဲ့နယ်မြေတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နိုင်ခဲ့တာရှိပြီး ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အောင်ပွဲခံထားတာလည်း ရှိနေပါတယ်။

'ရှမ်းပြည်နယ်မှာတော့ အပြည့် မဖြစ်နိုင်ဘူးဗျ။ တိုင်းရင်းသားတွေကို ဒီမိုကရက်တစ်အင်အားစုတွေအနေနဲ့ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ကလည်း ပြည်ထောင်စုပါတီပါ။ ဒီတွေ့ဆုံပွဲကိုလာ တက်ကြတဲ့အထဲ ၀ တိုင်းရင်းသားပါတီဝင်တွေလည်းပါတယ်။ ပလောင်ဝ်တွေလည်း ပါတယ်။ ဒီမိုကရေစီနည်းလမ်းအရသာ ကျွန်တော်တို့က ဝင်ပြိုင်မှာလေ။ နိုင်မှာကတော့ ဒီမိုကရက်တစ်တိုင်းရင်းသားတွေက နိုင်မှာပဲ' လို့ ဦးဝင်းမြင့်ဦးက မှတ်ချက်ပြုပါတယ်။

အန်အယ်လ်ဒီဗဟိုကော်မတီအစည်းအဝေးက ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ထဲမှာ တိုင်းရင်းသားရေးရာကော်မတီတွေ ဖွဲ့ဖို့ပါပါတယ်။ တိုင်းရင်းသားအရေး လုပ်ချင်သူတွေ ပါတီထဲဝင်လာပြီး ဒီကော်မတီကနေ ဆောင်ရွက်ဖို့ အန်အယ်လ်ဒီက ဖိတ်ခေါ်ထားပါတယ်။

ဒါပေမဲ့ လက်တွေ့အခြေအနေမှာတော့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်စုဖွဲ့ဆောင်ရွက်တာ၊ ဆက်ဆံ ရေးတည်ထောင်ထားတာက အားရကျေနပ်စရာမဟုတ်ဘဲ ပြည်နယ်တွင်း အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေအပေါ်မှာ ဗဟိုအဆင့် အစိုးရနဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ပိုင်းက ပူးပေါင်းလက်တွဲ ခေါ်ယူမှုမရှိဘူးလို့ တိုင်းရင်းသားပါတီတွေဘက်က တုံ့ပြန်ခဲ့ကြပါတယ်။

အထူးသဖြင့် ညွန့်ပေါင်းအစိုးရ မလိုလားဘူးလို့ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ပြောကြားချက်အပေါ်မှာ တိုင်းရင်းသားပါတီတွေနဲ့ အတိုက်အခံပါတီတချို့က ဝေဖန်နေကြတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ