ဒီဂျစ်တယ်ခေတ်မှာ ဆိုက်ဘာ လုံခြုံရေး ဘယ်လောက် အရေးကြီးလဲ

ကမ္ဘာတဝန်းမှာ ဆိုက်ဘာတိုက်ခိုက်မှုကြုံတွေနေရပြီး ဒီတိုက်ခိုက်မှုတွေကြောင့် နှစ်စဉ် ဒေါ်လာ သန်းထောင်နဲ့ ချီ ဆုံးရှုံးနေရတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု က ပြုလုပ်ခဲ့တဲ့ လေ့လာချက် တခုမှာ တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံ မူပိုင် US ICT Council for Myanmar
Image caption ကမ္ဘာတဝန်းမှာ ဆိုက်ဘာ တိုက်ခိုက်မှု ကြုံတွေနေရပြီး ဒီတိုက်ခိုက်မှုတွေကြောင့် နှစ်စဉ် ဒေါ်လာ သန်းထောင်နဲ့ ချီ ဆုံးရှုံးနေရတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု က ပြုလုပ်ခဲ့တဲ့ လေ့လာချက် တခုမှာ တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာလကို ပထမဆုံး မြန်မာ ဆိုက်ဘာ လုံခြုံရေးလ Myanmar Cybersecurity Month 2019 (MCM) အဖြစ် သတ်မှတ်ပြီး ဆိုက်ဘာ လုံခြုံရေး အကြောင်းအသိပညာပေးတာတွေကို တစ်လကြာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဦးစီးဌာန လက်အောက်ရှိ ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာ သတင်းအချက်အလက် လုံခြုံရေး အဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ US ICT တို့က ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ် သမ္မတဟောင်း ဦးသိန်စိန် အစိုးရလက်ထက်မှာ ဆင်းမ်ကဒ် စျေးနှုန်း တွေကို လျှော့ချခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြုမှု မြင့်တက် လာပါတယ်။

ဒီလိုအသုံးပြုမှုမြင့်လာတာနဲ့ အမျှ စမတ်ဖုန်းကို အသုံးပြုပြီး ဒစ်ဂျစ်တယ် အပလီကေးရှင်းတွေ၊ လူမှုကွန်ရက် မီဒီယာ အသုံးပြုတဲ့သူတွေ ပိုမို များပြား လာခဲ့ ပါတယ်။ တချို့ဆိုရင် အချိန်အတော်များများကို အွန်လိုင်းပေါ်မှာ အသုံးပြုလာပါ တယ်။

ဒါကြောင့် မိမိသုံးနေတဲ့ မိုဘိုင်းဖုန်းအပါအဝင် ကိုယ့်ရဲ့ အချက်အလက်တွေကို မပေါက်ကြားစေနိုင်အောင် ထိန်းသိမ်းဖို့ အများပြည်သူ အကြား ဆိုက်ဘာ လုံခြုံရေးက အရေးကြီးတဲ့ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာပါတယ်။

ဓာတ်ပုံ မူပိုင် SAI AUNG MAIN/AFP
Image caption စမတ်ဖုန်းကို အသုံးပြုပြီး ဒစ်ဂျစ်တယ် အပလီကေးရှင်းတွေ လူမှုကွန်ရက် မီဒီယာ အသုံးပြုတဲ့သူတွေ ပိုမို များပြား လာခဲ့ ပါတယ်။

ဆိုက်ဘာလုံခြုံရေးလမှာ ဘာတွေ လုပ်သွားမှာလဲ။

ဆိုက်ဘာလုံခြုံရေးဆိုပြီး သတ်မှတ်ထားတဲ့လမှာ မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်းတွေ၊ အသေးစားလုပ်ငန်းတွေအတွက် Cyber Ready Challengeလို့ အမည်ပေးထားတဲ့ လှုပ်ရှားမှု တခု လုပ်သွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ US ICT က ပြောပါတယ်။

ဒါ့အပြင် အင်တာနက်ကနေတဆင့် စာတမ်းဖတ်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဖို့ရှိပြီး ဆိုက်ဘာ ခြိမ်းခြောက်မှုတွေအတွက် ဘယ်လို ပြင်ဆင်ရမလဲ၊ ဘာတွေ လုပ်ဆောင်ရမလဲဆိုပြီး ကမ္ဘာတဝန်းမှာ ဆောင်ရွက်နေတဲ့ Stop.Think.Connect လှုပ်ရှားမှုက မျှဝေနေတဲ့ မက်ဆေ့ချ်တွေကို အများပြည်သူ နားလည်အောင် ဘာသာပြန်ပြီး မျှဝေသွားမှာ ဖြစ်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းမှာ ငွေလွှဲ စျေးဝယ်တာတွေ လုံခြုံ စိတ်ချစွာနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ US ICTက ဘီဘီစီကို ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေးဆိုတာ ဘာလဲ

အခြေခံအားဖြင့် Hardware၊ Softwareနဲ့ အီလက်ထရောနစ် အချက် အလက်တွေ အခိုးမခံရအောင်၊ မပျက်စီးသွားအောင် ကွန်ပျူတာ စနစ်ကို ကာကွယ်တာ ဖြစ်ပြီး အွန်လိုင်းမှာ လုံခြုံအောင် နေတာက ဆိုက်ဘာ လုံခြုံရေးရဲ့ အခြေခံ ဖြစ်တယ်လို့ နည်းပညာ ကျွမ်းကျင်တဲ့ ပညာရှင်တွေက ရှင်းပြပါတယ်။

"ကျွန်တော်တို့ နိုင်ငံက ကွန်ပျူတာထက် မိုဘိုင်းဖုန်းသုံးတာ များတဲ့နိုင်ငံ ဖြစ်တဲ့ အခါမှာ မိုဘိုင်းဖုန်းမှာ ကျွန်တော်တို့ အားလုံးက နိစ္စဓူဝ သုံးတဲ့ ဝန်ဆောင်မှုတွေ အများဆုံးရှိပါတယ်၊ အဲဒီထဲမှာ ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်၊ အရင်က ဘဏ်ကို သွားတယ်၊ အခုက သွားစရာမလိုတော့ဘူး၊ ဖုန်းထဲကနေ အားလုံး ကြည့်လို့ရပါတယ်၊ ဒီအတွက် ကိုယ့်ရဲ့ဖုန်းတွေ ကိုယ့်ရဲ့ ကွန်ပျူတာတွေ အရေးကြီးပါတယ်၊ အဲဒီအခါမှာလည်း လုံခြုံရေးဆိုတာလည်း အရေးကြီးတယ်၊ ကိုယ့်ရဲ့ Passwordတွေ၊ ကိုယ်ရဲ့ လိုအပ်တဲ့ အချက် အလက် တွေ မပေါက်ကြားအောင် အရေးကြီးတယ်"လို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်က ရှင်းပြပါတယ်။

အင်တာနက်၊ ကွန်ပျူတာတွေ၊ လူမှုကွန်ရက်တွေ အသုံးပြုတဲ့အခါ အသုံးပြုတဲ့ သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို အွန်လိုင်းကနေ တဆင့် ခိုးယူမခံရ အောင် ကာကွယ်နိုင်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်တဲ့ အသိပညာတွေက အရေးကြီးပါတယ်။

"နောက်တခု ကျွန်တော်တို့က ဆိုရှယ်မီဒီယာပေါ့၊ လူမှုကွန်ရက်တွေမှာ သုံးတဲ့ အခါမှာလည်း ကိုယ့်ရဲ့ Identityကို ခိုးကူးသွားလို့ရှိရင် မဖြစ်သင့်တဲ့ ရာဇဝတ်မှု တွေ ဖြစ်တယ်၊ ဒါကြောင့် ဘာပဲသုံးသုံး လုံခြုံရေးက ရှိဖို့လိုတယ်၊ ဒီအတွက် ဆိုက်ဘာ လုံခြုံရေးဆိုတာ ဒါမျိုးတွေကို နားလည်အောင်လုပ်ဖို့ ပြောတာ ဖြစ်ပါတယ်" လို့ ဒေါက်တာ ထွန်းသူရသက်က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ဆိုက်ဘာတိုက်ခိုက်မှုကြုံတွေနေရပြီး ဒီတိုက်ခိုက်မှုတွေကြောင့် နှစ်စဉ် ဒေါ်လာ သန်းထောင်နဲ့ ချီ ဆုံးရှုံးနေရတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု က ပြုလုပ်ခဲ့တဲ့ လေ့လာချက် တခုမှာ တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SAI AUNG MAIN/AFP
Image caption မိမိသုံးနေတဲ့ မိုဘိုင်းဖုန်းအပါအဝင် ကိုယ့်ရဲ့ အချက်အလက်တွေကို မပေါက်ကြားစေနိုင်အောင် ထိန်းသိမ်းဖို့ အများပြည်သူ အကြား ဆိုက်ဘာ လုံခြုံရေးက အရေးကြီးတဲ့ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာပါတယ်။

မြန်မာနဲ့ဆိုက်ဘာ လုံခြုံရေး

လူမှုကွန်ရက်အကောင့်တွေ၊ အစိုးရ ဝက်ဘ်ဆိုဒ်တွေကို တိုက်ခိုက်ပြီး အချက် အလက် ခိုးယူတဲ့ ဆိုက်ဘာပြစ်မှုတွေ မြန်မာမှာ တိုးပွားနေ တယ်လို့ မြန်မာ သတင်း အချက်အလက် လုံခြုံရေး အဖွဲ့အစည်းအတွင်းရေးမှူး ဦးဖုန်းမြင့်က Myanmar Cybersecurity Month 2019နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ဆိုက်ဘာ လုံခြုံရေးနဲ့ပတ်သက်ရင်တော့ လူထုတွေ အကြားထဲမှာ အသိပညာအတော် နည်းပါးနေတာကို တွေ့ရပေမယ့် လူမှု စီးပွားရေးအလွှာ အမျိုးမျိုးက လူတွေကတော့ စမတ်ဖုန်းသုံးတာ လူမှုကွန်ရက် အသုံးပြုတာကို အလျင်အမြန် လေ့လာနိုင်တာကြောင့် ပြည်သူတွေရဲ့ အသိပညာက အလျင်အမြန် သိရှိနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ US ICTက ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေးရှိစေဖို့ ဖုန်းအသစ် ဝယ်တဲ့အခါ အသစ်ဖြစ်ဖို့က အစ သတိထားဖို့ လိုတယ်လို့ ဒေါက်တာ ထွန်းသူရသက်က သတိပေး ပါတယ်။

"အခုမှာက ဝန်ဆောင်မှုကောင်းအောင်ဆိုပြီး ဖုန်းမှာပါတဲ့ Resourcesတွေ အားလုံးထည့်ထားပြီးပြီ၊ တချို့ဆိုရင် ဖေ့ဘွတ်ခ်တွေ၊ အီးမေလ်းတွေတောင်ပါ တယ်၊ တကယ်တမ်းကျတော့ ဒါတွေ အားလုံးက အန္တရာယ်အရမ်းရှိတယ်၊ ကိုယ့်ဖုန်းထဲမှာ မဟုတ်တာတွေ ပါနေရင် ဘယ်လိုလုပ်မလဲ" လို့ သူက ထောက်ပြ ပါတယ်။

ဒီအတွက် ဒစ်ဂျစ်တယ်နဲ့ ပတ်သက်တဲ့ အသိပညာတွေ လူထုတွေ ကျယ်ကျယ်ပြန့် ပြန့်နားလည်ဖို့လိုတယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာမှာ မြန်မာ သတင်း အချက်အလက် လုံခြုံရေး အဖွဲ့အစည်းတွေ အဖွဲ့တွေဖွဲ့ပြီး နိုင်ငံထဲက ကွန်ပျူတာ ကျွမ်းကျင်သူတွေက ဆိုင်ဘာလုံခြုံရေးကို အာရုံစိုက်လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ US ICTက ပြောပါတယ်။ ဒါ့အပြင် Cyber Byakinလို ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လှုပ်ရှားမှုတွေ စတင်ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရလား

မြန်မာနိုင်ငံမှာတော့ Cyberwarfareလို ကြီးကြီးမားမား တိုက်ခိုက်မှု ကြုံရတာ မရှိသေး ဘူးလို့ ဒေါက်တာ ထွန်းသူရသက်က ပြောပါတယ်။

"ဝက်ဆိုဒ်မှာ ဖျက်ပြီးတော့ ရေးတာ၊ သူများ ဝက်ဆိုဒ်ကို ထိန်းချုပ်တာ အဲဒီလိုမျိုး ဟာတော့ ရှိကြတာပေါ့၊ ဒါပေမဲ့ တကယ့်ကြီးမားတဲ့ တိုက်ခိုက်မှုတော့ မရှိသေးဘူး၊ ဒီမှာလည်း ကျွမ်းကျင်တဲ့သူတွေက သူတို့က လူဆိုးတွေ မဟုတ်ဘူး၊ အကုန်လုံး လူကောင်းတွေ ဖြစ်နေကြတာက ကာကွယ်တဲ့ အပိုင်းကို လုပ်နေကြတာရှိတယ်၊ အသေးအဖွဲတွေတော့ ရှိတယ်" လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆိုက်ဘာနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေက စနေပြီ ဖြစ်ပေမယ့် အရမ်း အဆင့်မြင့်တဲ့ ရာဇဝတ်မှုတွေတော့ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။

ဆိုက်ဘာ လုံခြုံရေးနဲ့ မြန်မာနိုင်ငံ အလားအလာ

ဒစ်ဂျစ်တယ် စီးပွားရေး၊ ဒစ်ဂျစ်တယ်အစိုးရ၊ ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်းတွေမှာ ဆိုက်ဘာ လုံခြုံရေးက အခြေခံအဆောက်အဦ ဖြစ်ပြီး မရှိမဖြစ် လိုအပ်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါကြောင့် ဒစ်ဂျစ်တယ် အကြောင်း တတ်သိနားလည်ဖို့ကလည်း အရေးပါလာပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ လျှို့ဝှက်နံပါတ်ဖန်တီးတာ၊ နည်းလမ်း ၂ခု အသုံးပြုပြီး စစ်မှန်ကြောင်း အတည်ပြုတာ စတဲ့ အသိပညာတွေနည်းပြီး ဖုန်းဆိုင်တွေကပဲ Password တွေ ဖန်တီးနေတာတွေက ဆိုက်ဘာ ခြိမ်းခြောက်မှုအတွက် စိန်ခေါ်မှုလို့ မြန်မာနိုင်ငံဆိုင်ရာ US ICTက ပြောပါတယ်။

ဆိုက်ဘာအနိုင်ကျင့်မှုတွေ အမုန်းစကားတွေ အပြင် အွန်လိုင်းကနေ စျေးရောင်းစျေးဝယ်တွေလုပ်ရင်လည်း အလိမ်ခံရတာတွေရှိ တာကြောင့် ဒါက စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ ဒီအဖွဲ့က ထောက်ပြပါတယ်။

ဒါပေမဲ့ ဆိုက်ဘာလုံခြုံရေးကို နားလည်နိုင်မယ့် လှုပ်ရှားမှုတွေ အွန်လိုင်းအသုံးပြုတဲ့ အပြုအမှုတွေအကြောင်း ဆွေးနွေးမှုတွေ အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆိုက်ဘာလုံခြုံရေးကို အလေးထား ဦးစားပေးတာတွေက အနာဂတ် ဆိုင်ဘာလုံခြုံရေး အတွက် တောက်ပတဲ့ အလားအလာလို့လည်း မြန်မာနိုင်ငံဆိုင်ရာ US ICTက ပြောပါတယ်။