TNLA နဲ့ တိုက်ခိုက်မှု တပ်မတော် အကျအဆုံးရှိ၊ အရပ်သား ၇ ယောက် ဒဏ်ရာရ

TNLA ဓာတ်ပုံ မူပိုင် Getty Images
Image caption စစ်ကားကို RPG နဲ့ ပစ်ပြီး တိုက်ပွဲဖော်

မြို့ပေါ်မှာ တိုက်ပွဲမဖော်ပဲ၊ သတ္တိရှိရင် တပ်မတော် စခန်းတွေကို လာတိုက်လှည့် ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တအာင်းလက်နက်ကိုင် TNLA ကို ရည်ရွယ်ပြီး ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်း ၆ နာရီ ဝန်းကျင်မှာ၊ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့တွင်း ဖြတ်သန်းမောင်းနှင်လာတဲ့ တပ်မတော် ယာဉ်တန်း TNLA ရဲ့ တိုက်ခိုက်တာ ခံလိုက်ရတဲ့နောက် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

တပ်မတော်စစ်ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် အရာရှိနဲ့ စစ်သည်တချို့ ကျဆုံး ဒဏ်ရာရရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုပါတယ်။ အရေအတွက် အတိအကျကိုတော့ ထုတ်ပြန် မပေးသေးပါဘူး။

သိန္နီမြို့တွင်း တိုက်ပွဲမှာ လက်နက်ကြီး ဒဏ်ကြောင့် အရပ်သား ၇ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားတာမှာ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ငါးယောက် ဖြစ်တယ်လို့ ဒေသခံ လွှတ်တော်အမတ် နန်းခင်ထားရီက ဘီဘီစီကို ပြောပါတယ်။

TNLA ကို ထိုးစစ်ဆင်ဖို့ သိန္နီတပ်ကနေ ထွက်လာတဲ့ စစ်ကားတွေကို ကြိုတင် ခုခံတဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်ဆိုပြီး TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် PSLF/TNLA News
Image caption သိန္နီမြို့မစျေးနား တိုက်ပွဲဖြစ်

သိန္နီမြို့တွင်းတိုက်ပွဲနဲ့ ထိခိုက်သေဆုံးမှု အခြေအနေ

ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်း ၆ နာရီခွဲနဲ့ ၆ နာရီ မိနစ် ၄ဝ ကြား၊ သိန္နီမှာ တပ်မတော်က လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်နေတဲ့ ကား ၄ စင်းပါတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

သန္နီမြို့တွင်းတိုက်ပွဲ ဖော်ဆောင်လာတဲ့ TNLA တပ်ဖွဲ့မှာ အင်အား အယောက် ၅ဝ ဝန်းကျင် ပါဝင်တယ်လို့ ဆိုပါတယ်။

တပ်မတော် ယာဉ်တန်းရဲ့ ရှေ့ဆုံးကားကို ပုခုံးထမ်းလောင်ချာ RPG နဲ့ ပစ်ခတ်ပြီး တိုက်ပွဲ စတင် လာခဲ့ပြီးတဲ့နောက်၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁ဝ မိနစ်ကနေ ၁၅ မိနစ် ဝန်းကျင်ထိ TNLA တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

အဲဒီနောက်မှာတော့ TNLA လက်နက်ကိုင်တွေဟာ သိန္နီမြို့ရဲ့ မြောက်ပိုင်းကို ဆုတ်ခွာ သွားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Khun Zaw Oo
Image caption လက်နက်ကြီးကျည်သင့်တဲ့ လူနေအိမ်
ဓာတ်ပုံ မူပိုင် Khun Zaw Oo
Image caption လူနေအိမ်နား တိုက်ပွဲဖော်တဲ့အပေါ် တပ်မတော် ဝေဖန်

TNLA တွေက လူနေအဆောက်အအုံတွေကို အကာအကွယ်ယူ ပစ်ခတ်ခဲ့တာကြောင့်၊ အဆောက်အအုံတချို့ ပျက်စီးမှုတွေ ရှိခဲ့သလို အရပ်သား ထိခိုက် ဒဏ်ရာရတာတွေလည်း ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာ သိန္နီစျေး အနီး မြို့လယ်ခေါင် လမ်းတလျှောက်မှာ ဖြစ်တယ်လို့ ဒေသခံ အမတ် နန်းခင်ထားရီက ဆိုပါတယ်။

တပ်မတော်ဘက်က ၃ ဦးကျဆုံးကြောင်း ကြားသိထားရတယ်လို့ နန်းခင်ထားရီက ပြောပါတယ်။ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုထားနိုင်ခြင်း မရှိသေးပါဘူး။

အရပ်သား ၇ ယောက်လည်း လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာမှာ စိုးရိမ်ရတဲ့ ၂ ယောက်ကို လားရှိုး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ နန်းခင်ထားရီက ပြောပါတယ်။

အဲဒီ ဒဏ်ရာရသူတွေထဲက တချို့ဟာ အိမ်ပေါ်ကို ဗုံးကျလို့ ဒဏ်ရာရသွားခဲ့ကြတာ ဖြစ်ပြီး၊ တချို့လည်း ဗုံးစတွေ လာစင်ပြီး ထိမှန်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာ ရခဲ့သူတွေထဲ တိုက်ပွဲဖြစ်ရာ အနီး အိမ်ငှား နေထိုင်တဲ့ သိန္နီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးက ဝန်ထမ်း အမျိုးသမီးနဲ့ သူ့ရဲ့ ခင်ပွန်းသည်တို့ ပါဝင်တယ် ဆိုပြီး အစိုးရ ပြန်ကြားရေး ဌာနက ထုတ်ပြန်ပါတယ်။

သိန္နီ ပြန်ဆက်ရုံး ဝန်ထမ်း ဒေါ်ခင်နန်းစိုးရဲ့ ဝဲဘက်ပေါင်မှာ လက်နက်ငယ်ဒဏ်ရာ နှစ်ချက် ရရှိခဲ့သလို၊ ခင်ပွန်းသည်ရဲ့ ကျောပြင်မှာလည်း လက်နက်ငယ် ဒဏ်ရာ တစ်ချက် ရခဲ့တယ်လို့ ဆိုပါတယ်။

လူနေအိမ်တွေ ရှိရာမှာ တိုက်ပွဲပေါ်ပေါက်ခဲ့တာ ဖြစ်တာကြောင့် အရပ်သားတွေ ထိခိုက် ဒဏ်ရာ ရရှိစေခဲ့တဲ့ လက်နက်ကြီးကျည်တွေကို ဘယ်တပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့တာလည်း ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption ခုခံစစ် ကြိုတင်လုပ်ရတာလို့ TNLA ပြော

TNLA ရဲ့ ထုတ်ပြန်ချက်

သိန္နီမြို့မဈေးအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တပ်မတော်ယာဉ်တန်းကို မိနစ် ၄ဝ ဝန်းကျင် တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တပ်မတော် ယာဉ်တန်းမှာ စစ်ကား ၇ စီးပါတယ်လို့ ဖော်ပြထားပါတယ်။

ထိုးစစ်ဆင်လာမယ့် တပ်မတော်ရဲ့ ခလရ ၆၉/၂၄၀ ပူးပေါင်း စစ်ကြောင်းကို ကြိုတင် ဟန့်တားတဲ့ အနေနဲ့ လက်ဦးမှုယူ တိုက်ခိုက်ခဲ့တဲ့ သဘော TNLA က ပြောပါတယ်။

တိုက်ပွဲမှာ တပ်မတော် စစ်ကား ၂ စီး ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

သိန္နီမြို့ပေါ်ကနေ TNLA တပ်ဖွဲ့ ဆုတ်ခွာခဲ့တဲ့နောက်မှာလည်း တပ်မတော်ဘက်က ဆက်လက် ပစ်ခတ်ပြီး ကျန်ရစ်ခဲ့တယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption "သတ္တိရှိရင် တပ်မတော်စခန်းတွေကို လာတိုက်" - ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

တပ်မတော်ရဲ့ တုံ့ပြန်မှု

မြို့လယ် လူနေအဆောက်အအုံ အနီးမှာ TNLA က တိုက်ပွဲဖော်တဲ့ အတွက် အရပ်သားတွေပါ ထိခိုက် ဒဏ်ရာရတာတွေ ဖြစ်နေရတယ်ဆိုပြီး သိန္နီ တိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်က တုံ့ပြန်ပါတယ်။

"သတ္တိရှိရင် တပ်မတော်စခန်းတွေကို လာတိုက်၊ မြို့လယ်ခေါင် လူနေအိမ်တွေကို အကာအကွယ်ယူ တိုက်တာ နယ်မြေခံတွေကို ထိခိုက်တယ်" ဆိုပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အခုလို မြို့လယ်ခေါင် တိုက်ပွဲဖော်တာဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အကျိုးမဲ့စေတဲ့၊ အပေါင်းလက္ခဏာ မဆောင်တဲ့ လုပ်ရပ် အဖြစ်လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုပါတယ်။

တအာင်း TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ အမည်အောက်မှာ စုစည်းထားတဲ့ လက်နက်ကိုင်တွေဟာ အပစ်ရပ်ကာလကို အခုနှစ် ၂ဝ၁၉ ကုန်ထိ တိုးမြှင့် ကြေညာထားပါတယ်။

အပစ်ရပ်တိုးမြှင့်ကြောင်း ကြေညာတဲ့ နေ့မှာပဲ နာရီပိုင်း အတွင်း တပ်ဌာနချုပ် တစ်ခုကို သူတို့ လာပစ်ခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ညီနောင်မဟာမိတ် အဖွဲ့ဝင် ရခိုင် အေအေ တပ်ဖွဲ့က ရခိုင်ပြည်နယ်ထဲ ပြုလုပ်ခဲ့တာကို ရည်ညွှန်းပြောဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
NLD လက်ထက် ငြိမ်းချမ်းရေး တိုးတက်မှုမရှိတာ ဘာကြောင့်လဲ

"ဗလောင်းဗလဲ လုပ်နေတဲ့ အဖွဲ့အစည်းကို ကျွန်တော်တို့က ဘာမှ ပြောလည်း ထိရောက်မှာ မဟုတ်ဘူး။ ပြောစရာလည်း အကြောင်းမရှိဘူး။ နောင်လည်း လုပ်နေဦးမှာပဲ" ဆိုပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

အခုလို သိန္နီမြို့တွင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ဘယ်လို ဆက်ပြီး ဆောင်ရွက်သွားမလဲ ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ "နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးရှိဖို့ အဲဒီမှာ ဆောင်ရွက်နေတယ်" ဆိုပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေဆိုပါတယ်။

သန္နီမြို့လယ်ခေါင်မှာ အခုလို တိုက်ပွဲ တခါမှ မဖြစ်ဖူးဘူးလို့ လွှတ်တော်အမတ် နန်းခင်ထားရီက ဆိုပါတယ်။

အခုလို မြို့ပေါ်ထိ တိုက်ပွဲရောက်လာတဲ့ အတွက် အရပ်သားတွေဟာ ကိုယ့်အိုးကိုယ့်အိမ်မှာ နေရင်း ဒဏ်ရာရကြရတဲ့ အထိ လုံခြုံမှု ကင်းမဲ့လာတယ်လို့လည်း နန်းခင်ထားရီက ပြောပါတယ်။