မွေးခန်းထဲမှာ စော်ကားခံရတာတွေ ကြုံနေရတဲ့ ကိုယ်ဝန်သည်တွေ

Child Birth ဓာတ်ပုံ မူပိုင် Getty Images

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မွေးခန်းထဲမှာ ကြုံရတဲ့ အရှက်ရစရာ ကြမ်းတမ်းလှတဲ့ စကားလုံးအသုံးအနှုန်းတွေ၊ ခပ်ထန်ထန် လေသံတွေကို မြန်မာနိုင်ငံက အမျိုးသမီး အများအပြား ခံစားရဖူးနိုင်ပါတယ်။

"ပေါင်ကားထားလို့ ပြောလည်းရတာပဲ၊ သမီးရေ တင်ပါးနဲနဲအောက်ကို ချထားလို့ ပြောရင်လည်းရတာပါပဲ၊ ဒါပေမဲ့ နင့် ဖင်ဖြဲထားစမ်း လို့ ပြောနေကြတာလည်း ရှိနေတာပဲလေ၊ ဒါ့ထက်ကြမ်းတာတွေတောင် အများကြီး" လို့ ပြည်သူ့ဆေးရုံတွေမှာ အမှုထမ်းခဲ့ဖူးတဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန် အမျိုးသမီးတယောက်က ကျန်းမာရေးဝန်ထမ်းတွေက မွေးလူနာတွေအပေါ် ပြောနေကြတဲ့ စကားတချို့ကို ဘီဘီစီကို ပြောပြပါတယ်။

"နင်တို့ နန့်ကြောက ထလှချည်လား၊ နင်တို့ဗိုက်ရှိလာရင် ငါ့တို့ခေါင်းပေါ်ပဲ လာကျတာပဲ" လို့ သားဖွားဆရာမတချို့ရဲ့ အပြောကို ခံကြရတယ်လို့ အမျိုးသမီးတွေရဲ့ ဖွင့်ဟချက်တွေ မကြာခဏ ကြားဖူး တဲ့ အကြောင်း နိုင်ငံတကာ အန်ဂျီအို တခုက ဝန်ထမ်းတယောက်ဖြစ်တဲ့ မခင်ခင်ကျော်က ပြောပါတယ်။

ကလေးမွေးခါနီး ဗိုက်နာလှလို့ မွေးမယ့် အမျိုးသမီးက အော်နေတဲ့အချိန်ဆိုရင် သူ့ဘေးမှာ ကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးက "ယောက်ျားနဲ့ တုန်းကတော့ နင် ဘာသံမှမထွက်ဘူး၊ အခုမှ လာအော်မနေနဲ့" လို့ ပြောခံရတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။

ဒီလို ကိုယ်ဝန်သည် အမျိုးသမီးတွေကို နှိမ့်ချစော်ကားတဲ့ စကားတွေကို ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမ စတဲ့ ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာ ဝန်ထမ်းတချို့က ပြောနေကြတာ မြို့ကြီးတွေက ဆေးရုံကအစ၊ တောနယ်က ကျန်းမာရေးဌာနအထိလို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးစီးဦးဆောင်ပြုတဲ့ လေ့လာမှုတခုအရ မြန်မာနိုင်ငံ အပါအဝင် ၄ နိုင်ငံမှာ စစ်တမ်းထုတ်ကြည့်တော့ ကလေးမွေးဖွားဖို့ ကျန်းမာရေးဌာနတွေကို သွားရင် ၄၂ ရာခိုင်နှုန်းသော အမျိုးသမီးတွေ နှုတ်နဲ့ စော်ကားခံရတာ၊ ခွဲခြားဆက်ဆံပြောခံရတာမျိုးတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ဂါနာ၊ ဂီနီ၊ နိုင်ဂျီးရီးယား၊ မြန်မာ စတဲ့နိုင်ငံတွေက အမျိုးသမီး ၂၀၁၆ ယောက်ကို မေးမြန်းကာ ဒီစစ်တမ်းကို ထုတ်ခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် AFP/ Getty Images

စမ်းသပ်မှု စီမံကုသမှု တခုခု မလုပ်ခင် ကာယကံရှင်ကို သေချာရှင်းပြပြီး သူ့ရဲ့သဘောတူမှုကို ယူသလားဆိုတဲ့အပေါ်မှာလည်း ဒီစစ်တမ်းအရ မွေးလမ်းကြောင်း ချဲ့တဲ့ အပေါ် ဖြေကြားတဲ့ အမျိုးသမီး ၇၅ ရာခိုင်နှုန်းနဲ့၊ မိန်းမကိုယ် ကို စမ်းသပ်တဲ့အပေါ် ဖြေတဲ့ အမျိုးသမီး ၅၉ ရာခိုင်နှုန်းက မယူကြပါဘူးဆိုတဲ့ အဖြေကို ပေးကြတယ်လို့ ဆိုပေမယ့် အခုန သားဖွားမီးယပ် အထူးကု ဆရာဝန်က မြန်မာပြည်မှာတော့ သေချာရှင်းပြ သဘောတူမှု ယူရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းကို ချမှတ်ထားသလို လိုက်ပါလုပ်ဆောင်ကြပါတယ် လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ကိုယ်ဝန်သည်မိခင်လောင်းတွေ ကို နှုတ်နဲ့ စော်ကားရာမှာ အခံရဆုံးက ဆင်းရဲတဲ့ အမျိုးသမီးတွေလို့လည်း သိရပါတယ်။

အဲဒီလို ပြုမူပြောဆိုခံရတဲ့ အမျိုးသမီးတွေက "သူတို့ ဆင်းရဲလို့၊ သူတို့ ပညာမတတ်လို့၊ ဘာပဲပြောပြော ခံရမှာပါ" လို့ပဲ ခံယူကာ သူတို့ စိတ်ထဲခံစားမှု ဖြစ်ကြရကြောင်း မခင်ခင်ကျော်က ပြောပါတယ်။

သားဆက်ခြားကျန်းမာရေးကို တောနယ်တွေက လူမှုအသိုင်းအဝိုင်းတွေကြား ပညာပေးနေတဲ့သူက "သားဖွားဆရာမတယောက်အနေနဲ့ ရွာ ၁၀ ရွာ၊ ၁၅ ရွာ လောက်ကိုတာဝန်ယူရကြရတယ်၊ လစာကလည်း နည်းပါးလှတယ်၊ သူတို့အတွက် အထောက်အကူပစ္စည်းကလည်း နည်းသလို သူတို့နေထိုင်ရတဲ့ ဘဝက စိတ်ရှုပ်ထွေးစရာတွေက အများကြီးမို့ ဒီလို ပြုမူပြောဆိုတာတွေက ဖြစ်လာနိုင်တယ်" လို့ ကောက်ချက်ချပါတယ်။

ဒါတွေဘာလို့ဖြစ်နေတာလဲလို့ မေးတဲ့အခါမှာတော့ သားဖွားမီးယပ် အထူးကုဆရာဝန် အမျိုးသမီးက "လူတွေက အကျင့်ကိုဖြစ်နေကြတာ" "လူတွေက လုပ်လို့ရလို့ လုပ်နေတာ" လို့ ပြောပြီး "ဒါတွေပျောက်ဖို့ စလုပ်ကြရမှာကတော့ ဒါတွေမကောင်းဘူး ဆိုတဲ့ သိမြင်မှု အရင်ရကြဖို့လိုတယ်" လို့ ပြောပါတယ်။ မြန်မာပြည်မှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝန်နဲ့အား မမျှတတာ၊ လစာနဲ့ ထောက်ပံ့မှု အခွင့်အရေးနည်းပါးလွန်းတာ၊ စိတ်သောကများရတဲ့ ဖိစီးမှုတွေရဲ့အောက်မှာ အလုပ်လုပ်နေကြရတဲ့အခြေအနေတွေက လည်း ဒီအကျင့်တွေကို ပပျောက်အောင် လုပ်ကိုင်နိုင်ဖို့ခဲယဉ်းလိမ့်မယ်လို့ လည်း သူက မှတ်ချက်ချပါတယ်။