တိုင်ဖုန်း ဟာဂီဘိစ် ကြောင့် လူ ၇ သန်း ဘေးလွတ်ရာသွားဖို့ ဂျပန်အစိုးရ သတိပေး

တိုင်ဖုန်း ဟာဂီဘိစ် ဓာတ်ပုံ မူပိုင် Getty Images
Image caption လေပြင်းဒဏ်ခံရတဲ့ တိုကျိုအရှေ့ပိုင်း

ဂျပန်နိုင်ငံမှာ အနှစ် ၆ဝ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဒဏ်ကို ခံစားနေရတဲ့အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ အရေးပေါ် အန္တရာယ်ကြုံနေရရင် တိုကျို မြန်မာသံရုံးကို အကူအညီတောင်းခံနိုင်တယ် ဆိုပြီး သံရုံးတာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

တိုကျို မြန်မာသံရုံး အနေနဲ့ အရေးပေါ် အွန်လိုင်းစနစ်တစ်ရပ် ထူထောင် ထားရှိထားပြီး အဲဒီကတဆင့် အကူအညီ တောင်းခံလာပြီ ဆိုရင်၊ ဂျပန်အစိုးရရဲ့ သဘာဝ ဘေးအန္တရာယ် ကူညီရေး အေဂျင်စီတွေနဲ့ ပူးပေါင်း ကူညီမယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက သံမှူးကြီး ဒေါ်ခင်နီလာစိုးက ပြောပါတယ်။

အွန်လိုင်း သတင်းပေးပို့မှု ပြုလုပ်နိုင်တဲ့ တိုကျိုမြန်မာ သံရုံးရဲ့ ဝက်ဘ်ဆိုက် ရှိရာကို ရောက်သွားနိုင်တဲ့ link ကိုလည်း Embassy of the Republic of the Union of Myanmar, Tokyo ဆိုတဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပြီး အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ အီးမေးလ် လိပ်စာတွေကိုလည်း အဲဒီမှာတွေ့ရပါတယ်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄ဝ ကနေ ၂ဝဝ ထိ ပြင်းနိုင်တယ် ဆိုပြီး ခန့်မှန်း ထားတာကြောင့် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း အပြင်မထွက်ဘဲ လုံခြုံရာ နေရာမှာပဲ နေကြဖို့ သတိပေးထားတယ် ဆိုပြီး ဒေါ်ခင်နီလာစိုးက ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဟာဂီဘိစ် လို့နာမည်ပေးထားတဲ့ တိုင်ဖုန်း မုန်တိုင်း ဒဏ်ကြောင့် ဂျပန်နိုင်ငံရဲ့ နေရာ အနှံ့မှာ မိုးသည်းသည်းထန်ထန် အဆက်မပြတ် ရွာနေပြီး၊ လေဆင်နှာမောင်း ကျသလိုမျိုး လေလည်း အင်မတန် ပြင်းပြင်းထန်ထန် တိုက်ခတ် နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လေပြင်း အနည်းဆုံး တစ်နာရီ မိုင် ၁၄ဝ ထိ ရှိနိုင်
ဓာတ်ပုံ မူပိုင် Getty Images
Image caption တာဂါးလော့ဂ် ဖိလစ်ပိုင် စကားနဲ့ဆိုရင် ဟာဂီဘိစ်ဆိုတာ ပြင်းထန်မြန်ဆန်တယ်လို့ အဓိပ္ပာယ်ရ
ဓာတ်ပုံ မူပိုင် Getty Images
Image caption လေယာဉ်ခရီးစဉ်တွေဖျက်သိမ်း၊ ရထားတွေလည်း မပြေးဆွဲ

အခုလို မုန်တိုင်းမကျခင် ကတည်းက ဂျပန် အစိုးရက ပေးပို့တဲ့ မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ၊ သတင်းအချက်တွေဟာ လက်ကိုင်ဖုန်းထဲ အဆက်မပြတ် ဝင်ရောက် နေခဲ့တယ်လို့ တိုကျိုမြို့တော်အနီး နေထိုင်တဲ့ မြန်မာနိုင်ငံသူ မထက်ထက်နုဌေးက ဘီဘီစီကို ပြောပါတယ်။

မြို့နယ်၊ ရပ်ကွက်၊ လမ်းအလိုက်ကို သတိပေးချက် အသေးစိတ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ပြန်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁၂ ရက်၊ စနေမှာ မြို့တော် တိုကျိုရဲ့ အနောက်တောင်ဘက် အီဇူး Izu ဆိုတဲ့ ကျွန်းဆွယ်ရှိရာဆီ ဒေသစံတော်ချိန် ည ၇ နာရီ မတိုင်ခင်လေးမှာပဲ ဟာဂီဘိစ်ရဲ့ မုန်တိုင်းဗဟိုနေရာ ဝင်ရောက်လာပါတယ်။

ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေ ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တဲ့ အတွက် သန်းနဲ့ချီတဲ့ လူတွေကို အိုးအိမ်တွေကနေ စွန့်ခွာသွားကြဖို့ ဂျပန် အာဏာပိုင်တွေက သတိပေးထားပါတယ်။

လုံခြုံရာ စခန်းတွေဆီ ရွှေ့ပြောင်းနေဖို့ သတိပေးတာမျိုး မရှိတဲ့ အရပ်တွေမှာလည်း၊ မိမိတို့ရဲ့ နေအိမ်တွေမှာ အစားအစာနဲ့ သောက်ရေတွေ စုဆောင်း ထားရှိကြဖို့ နှိုးဆော်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ချီဘမှာတော့ လေပြင်းဒဏ်ကြောင့် ကားမှောက်ပြီး လူသေတဲ့အထိဖြစ်
ဓာတ်ပုံ မူပိုင် Getty Images
Image caption မှန်တွေမကွဲအောင် ကာကွယ်နေတဲ့ စျေးဆိုင်ပိုင်ရှင်
Image caption အစားအစာတွေ ကြိုစုထားဖို့လည်း အာဏာပိုင်တွေ သတိပေး

ဂျပန်မှာ ရထား ပြေးဆွဲမှုတွေ ရပ်နားထားသလို လေယာဉ်ခရီးစဉ် ထောင်နဲ့ချီပြီးတော့လည်း ဖျက်သိမ်းခဲ့ရပါတယ်။

တိုကျိုအရှေ့ဘက် ချီဘ ဆိုတဲ့အရပ်မှာ လေပြင်းဒဏ်ကြောင့် ကားမှောက်ရာကနေ လူတစ်ဦး သေဆုံးပါတယ်။ ချီဘ အရပ်မှာ အိမ်တွေ ပျက်စီး ထိခိုက်တာတွေလည်း ရှိပါတယ်။

တခါ၊ ဂျပန်မှာ လက်ခံကျင်းပမယ့် ရပ်ဂ်ဘီ ကမ္ဘာ့ဖလားပွဲတွေ၊ ဖော်မြူလာဝမ်း ပြိုင်ကား မောင်းပွဲတွေကို ဖျက်သိမ်း ခဲ့ရပါတယ်။

တိုကျိုတဝိုက် အိမ်တွေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်သွားပြီး၊ တချို့ နေရာတွေမှာတော့ မြန်မြန်ဆန်ဆန်ပဲ မီးပြန်လင်းအောင် လုပ်နိုင်ခဲ့ပါတယ်။

စနေ၊ တနင်္ဂနွေ နှစ်ရက်အတွင်း တိုကျို တဝိုက် လက်မ ၂ဝ ထိအောင် မိုးရွာမယ်လို့ ဂျပန် မိုးလေဝသ ဌာန JMA က ခန့်မှန်းထားပါတယ်။