သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ပြန်ဝင်မလာတာ အာဆာ ခြိမ်းခြောက်မှုကြောင့်လား

ရိုဟင်ဂျာ ဓာတ်ပုံ မူပိုင် Youtube
Image caption ၂ဝ၁၇ တိုက်ခိုက်မှုအတွက် အာဆာထုတ်ပြန်တဲ့ ဗီဒီယို။

အာဆာအဖွဲ့ဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုတွေ၊ လမ်းညွှန်မှုတွေ ရနေတယ်လို့ မြန်မာအစိုးရက ထပ်လောင်း ပြောကြားလာပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဥပဒေရေးရာ ကော်မတီက ပြုလုပ်တဲ့ နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစည်းအဝေးမှာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်း ပြောခဲ့တာ ဖြစ်ပါတယ်။

အာဆာကို ထောက်ပံ့နေတယ်၊ လမ်းညွှန်မှုတွေ လုပ်နေတယ်လို့ ဦးဟောက်ဒိုဆွမ်း ပြောတဲ့ အဖွဲ့တွေထဲ အယ်လ်ကိုင်းဒါး၊ အစ္စလမ်မစ် နိုင်ငံအဖွဲ့ IS နဲ့ တာရစ်အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့တွေ ပါဝင်နေတယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

အကြမ်းဖက် တိုက်ဖျက်ရေးမှာ အတိုကောက် FTF လို့ သုံးနှုန်း ခေါ်ဝေါ်တဲ့ နိုင်ငံရပ်ခြားက အကြမ်းဖက် တိုက်ခိုက်ရေးသမား တချို့လည်း အာဆာကို အားဖြည့်ဖို့ရာ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံကနေ တဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ဖူးတဲ့ သာဓကတွေ ရှိတယ်လို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောခဲ့ပါတယ်။

ဒါ့အပြင်၊ အခုနှစ် ၂ဝ၁၉ မေနဲ့ ဇူလိုင်လတွေထဲမှာပဲ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS နဲ့ ဆက်စပ်နေတယ်လို့ သံသယရှိရတဲ့ အာဆာ အဖွဲ့ဝင်တချို့ကို မလေးရှား အာဏာပိုင်တွေ ဖမ်းမိခဲ့တာကိုကြည့်ရင် နိုင်ငံတကာ အကြမ်းဖက် ကွန်ရက်ထဲ အာဆာ ပါဝင်နေတာ ငြင်းလို့ မရတဲ့ အချက်ပဲ ဆိုပြီး ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် MOFA
Image caption ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်း

တခါ၊ ဦးဟောက်ဒိုဆွမ်း အာရုံစိုက်ပြောတဲ့အထဲ ဘင်္ဂလားဒေ့ရှ်ထဲက ဒုက္ခသည် စခန်းတွေထဲမှာ အဆာ အဖွဲ့တွေ လှုပ်ရှားနေတယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဦးဟောက်ဒိုဆွမ်းကိုးကားတာကတော့ ဂျာမနီ အခြေစိုက် နိုင်ငံတကာ သတင်းဌာန တစ်ခု ဖြစ်တဲ့ Deutsche Welle DW က လောလောလတ်လတ် ထုတ်ထားတဲ့ သတင်း ဖြစ်ပါတယ်။

DW ရဲ့ အသေးစိတ် စုံစမ်း ဖော်ထုတ်မှုထဲမှာ ဒုက္ခသည်စခန်းတွေထဲ လှုပ်ရှားနေတဲ့ အာဆာ အဖွဲ့ဝင် သုံးထောင့်ငါးရာကျော် ရှိတယ်လို့ ဆိုထားပါတယ်။

မြန်မာပြည်ဘက် ပြန်ဝင်ချင်တယ်လို့ ပြောသူတွေကို သတ်ဖြတ်ပစ်တာမျိုး အထိ အဲဒီ အာဆာ အဖွဲ့ဝင်တွေက လုပ်ဆောင်နေတယ်လို့ DW ရဲ့ သတင်းကို ကိုးကားပြီး ဦးဟောက်ဒိုဆွမ်းက ပြောတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ် မြန်မာ နှစ်နိုင်ငံကြား ဒုက္ခသည် လွှဲပြောင်းရေး အစီအစဉ် အထမမြောက်နိုင် ဖြစ်နေရတဲ့ အကြောင်းတွေထဲ အာဆာရဲ့ ခြိမ်းခြောက်မှုလည်း အဓိကနေရာမှာ ပါဝင်နေတယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဥပဒေရေးရာကော်မတီမှာ ဦးဟောက်ဒိုဆွမ်း ပြောခဲ့တာတွေ အတွက် ဘယ်လို သက်သေ အထောက်အထားတွေ ရှိလို့လည်း ဆိုပြီး ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

"အိန္ဒိယထောက်လှမ်းရေး အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေ အပြင်၊ ဒုက္ခသည်တွေ ကိုယ်တိုင်ရဲ့ ထွက်ဆိုချက်တွေလည်း ရှိတယ်။ မြန်မာပြည်ဘက် မပြန်ဖို့ အခြိမ်းခြောက်ခံရတယ် ဆိုပြီး အထူးသဖြင့် ဟိန္ဒူဘာသာဝင်တွေဆီကနေ ကြားရတယ်။ မြန်မာဘက်မှာ ရှိနေတဲ့ သူတို့ရဲ့ မိသားစု အသိုင်းအဝိုင်းတွေက လှမ်းပြီးပြောတာမျိုးတွေ ရှိတယ်။ ပြီးတော့ Deutsche Welle လို အနောက်နိုင်ငံ သတင်းဌာနကလည်း အာဆာတွေ သုံးထောင့်ငါးရာလောက် ဒုက္ခသည်စခန်းတွေထဲ လှုပ်ရှားနေတဲ့ အကြောင်း အသေးစိတ် ဖော်ထုတ် ရေးထားတာ ရှိတယ်လို့ " ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဒုက္ခသည် သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်ထဲ သောင်တင်နေ

ကုလသမဂ္ဂရဲ့ စာရင်းဇယားတွေအရ ၂ဝ၁၇ အဖြစ်အပျက်မှာ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့သူ ၇ သိန်း ဝန်းကျင်၊ အရင် အဆက်ဆက် ဖြစ်ရပ်တွေမှာ ပြေးခဲ့ကြသူတွေနဲ့ ဆိုရင် ဘင်္ဂလားဒေ့ရှ်ထဲ ရောက်နေတဲ့ ရိုဟင်ဂျာ တစ်သန်း ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

ဒီတော့ တစ်သန်းဆိုတဲ့ လူပမာဏကို အာဆာ သုံးထောင့်ငါးရာ အင်အားက တကယ်တမ်း လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပါ့မလား၊ တသွေးတသံတမိန့် အာဏာတည်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုပြီး ဘီဘီစီက ဦးဟောက်ဒိုဆွမ်းကို မေးပါတယ်။

ဦးဟောက်ဒိုဆွမ်း တုံ့ပြန် ဖြေဆိုတာကတော့ …

"လူ ၇ သိန်း၊ ၁ သန်း အစုလိုက်ကြီး တခါတည်း ပြန်လာဖို့ ဆိုတာ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နှစ်နိုင်ငံ သဘောတူထားတာကလည်း အသုတ်လိုက် အသုတ်လိုက် လွှဲပြောင်းဖို့ လက်ခံဖို့ပဲ ဖြစ်တယ်။ ကျွန်တော်တို့ဘက်က စိစစ်လက်ခံတာတွေ၊ နေရာချပေးတာတွေ၊ လုံခြုံရေး စောင့်ရှောက်ပေးနိုင်တာတွေပေါ် မူတည်ပြီး အစုလိုက်အစုလိုက် လက်ခံမှာ ဖြစ်တယ်။"

"လွှဲပြောင်းလက်ခံဖို့ ရက်သတ်မှတ်ခဲ့ကြတဲ့ နောက်ဆုံးတခေါက်တုန်းကလည်း လူ သုံးထောင်ကျော် စာရင်းကို ဖြစ်တယ်။ အဲဒီလောက် အရေအတွက်နဲ့ အဲဒီ စာရင်းထဲ ဘယ်သူတွေ ပါဝင်လဲ ဆိုတာ အာဆာတွေ သိမှာပဲ။" ဆိုပြီး ဦးဟောက်ဒိုဆွမ်း ဖြေဆိုပါတယ်။

တခါ၊ အာဆာအဖွဲ့ဟာ စတင် သက်ဝင်လှုပ်ရှားလာကတည်းက မြန်မာပြည်ဘက်ခြမ်းမှာ အမြဲတမ်း အခြေစိုက်တဲ့ စခန်းမျိုး မထားရှိဘူးလို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သူတွေထဲက ARSA

ဘင်္ဂလားဒေ့ရှ်ဘက်မှာ အခြေစိုက်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထိုးဖောက် ဝင်ရောက်၊ ဒေသခံ မွတ်ဆလင်တွေကို သိမ်းသွင်း၊ စစ်သင်တန်းတွေ ပေးတာမျိုး လုပ်တာ ဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ကုလအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာ အကြမ်းဖက် ကွန်ရက်နဲ့ ချိတ်ဆက်နေတဲ့ အဖွဲ့အစည်းတစ်ခု ဘင်္ဂလားဒေ့ရှ်ထဲ အခြေစိုက် လှုပ်ရှားနေကြောင်း မြန်မာအနေနဲ့ ခိုင်ခိုင်မာမာ သိထားရင် ဘင်္ဂလားဒေ့ရှ် အစိုးရကို မြန်မာဘက်က တရားဝင် ပြောတာမျိုး မလုပ်ဘူးလားလို့ ဦးဟောက်ဒိုဆွမ်းကို ဘီဘီစီက မေးပါတယ်။

လောလောလတ်လတ် အထွေထွေ ညီလာခံ ကျင်းပနေတုန်းမှာပဲ တရုတ်က ကြားဝင်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် သုံးပွင့်ဆိုင် အစည်းအဝေးတစ်ရပ် အလွတ်သဘော နယူးယောက်မှာ လုပ်ထားပါတယ်။ အဲဒီ အစည်းအဝေးမှာလည်း ဘင်္ဂလားဒေ့ရှ်ကို အာဆာအကြောင်း ထပ်ပြောခဲ့တယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

" ကျွန်တော်တို့ ထပ်ပြောပါတယ်။ သူတို့ဘက်က တုံ့ပြန်တာကတော့ ….သူတို့ သုံးနေကြ စကားရှိပါတယ်။ အကြမ်းဖက် အဖွဲ့တိုင်း အပေါ် Zero Tolerance မူ ကိုင်စွဲတယ်လို့ သူတို့က အမြဲပြောပါတယ်။ အကြမ်းဖက်အဖွဲ့ ဆိုရင် လုံးဝ သည်းမခံဘူး၊ လက်မခံဘူးတဲ့ မူပေါ့။ သူတို့က အာဆာအဖွဲ့ သူတို့ထဲ မရှိဘူးလို့ မပြောဘူး။ သူတို့နယ်မြေမှာ အကြမ်းဖက် အဖွဲ့ဆိုရင် ခွင့်မလွှတ်ဘူး ဆိုတာလောက်ပဲ သူတို့က ပြောတယ်" လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်ဝါဒ ခေါင်းထောင်မထဖို့ မြန်မာ အစိုးရက ကိုင်တွယ်တဲ့အခါ မတူကွဲပြားတဲ့ အသိုင်းအဝိုင်းတွေကြား နားလည် သည်းခံမှု ပိုရှိနိုင်ရေးကို အာရုံစိုက် လုပ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

ဘာသာပေါင်းစုံ ယဉ်ကျေးမှု ပေါင်းစုံ ထိတွေ့ဆက်ဆံ ဖလှယ်ကြတဲ့ စကားပြောပွဲတွေ ပြုလုပ်တာကို မြန်မာအစိုးရက အားပေးတယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောရင်းမှာပဲ၊ လုံခြုံရေးအရဆိုရင်လည်း နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပို၊ အာဆီယံ ရဲတပ်ဖွဲ့နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ကြား ပူးပေါင်း ဆောင်ရွက်နေတယ်လို့ လည်း ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာ့အရေးကမ္ဘာ့အရေး အစီအစဉ်

ဒီသတင်းနဲ့ပတ်သက်သမျှ