အက်စစ်နဲ့အပက်ခံခဲ့ရပေမယ့် လူမှုဝန်းကျင်ထဲ ရဲရဲဝံ့ဝံ့ ပြန်ဝင်လာသူ

နန်းမေဇင်ဦး
Image caption ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတဲ့ နန်းမေဇင်ဦး

"... သဘောမတူနိုင်ဘူး၊ မပေးစားနိုင်ဘူး ဆိုပြီး အက်စစ်နဲ့လောင်း၊ လှောင်ပိတ် နှိပ်စက်ခဲ့တာရှင့်။ သူတို့အိမ်မှာ သူတို့ခိုင်းတဲ့ အလုပ်ကိုလုပ်ပြီး နှိပ်စက်သလောက် ခံပေါ့၊ ဒဏ်ရာနဲ့က ၈ နှစ် ပိတ်လှောင်ပြီးတော့ သူတို့ ခိုင်းစေခဲ့တယ်ရှင့် .... "

အိမ်အကူ လုပ်ကိုင်ရင်း အိမ်ရှင်တွေရဲ့ ဆွေမျိုးတော်စပ်သူနဲ့ သဘောမတူနိုင်ဘူးဆိုပြီး အက်ဆစ်နဲ့ပက် တိုက်ခိုက် ခံခဲ့ရတဲ့ နန်းမေဇင်ဦးက ပြောတာ ဖြစ်ပါတယ်။

သူ့ရဲ့ မျက်နှာ ဘယ်ဘက်တခြမ်းလုံးနဲ့ လည်ပင်းတလျှောက်မှာ အက်စစ်လောင်ထားတဲ့ အမာရွတ်တွေ ရှိနေပါတယ်။ ဘယ်ဘက်မျက်လုံးလည်း ပျက်စီးနေပါတယ်။

သူဟာ ရှမ်းပြည်နယ် တောင်ပိုင်းကနေ မန္တလေးကိုလာပြီး အိမ်အကူ အလုပ် လုပ်ခဲ့သူပါ။

သူ မန္တလေးကို ရောက်စက အသက် ၁၄ နှစ် ဝန်းကျင်ပဲ ရှိသေးတယ်လို့ ပြည်တွင်း သတင်းဌာနတချို့က ရေးပါတယ်။

မန္တလေးကို ရောက်ပြီး ၂ နှစ် အကြာမှာတော့ အိမ်ရှင်တွေက သူတို့ရဲ့ ဆွေမျိုးတော်သူ တစ်ဦးနဲ့ သဘောမတူနိုင်ဘူး ဆိုပြီး အက်ဆစ်နဲ့ ပက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီနောက်မှာ အိမ်ရှင်တွေက လူသိမခံ ကြိတ်ဆေးကုပေးပြီး အိမ်ထဲမှာ လှောင်ထားခဲ့ပါတယ်။ ဒဏ်ရာတွေက သက်သာလာတဲ့ အခါ အိမ်အလုပ်တွေ နှစ်ရှည်လများ ဆက်လက် ခိုင်းစေခဲ့ပါတယ်။

ဒဏ်ရာအတွက် နစ်နာကြေး မပြောနဲ့ ကိုယ့်ရဲ့ လုပ်အားခတောင် ကိုယ်မရခဲ့ဘူးလို့ နန်းမေဇင်ဦးက ဆိုပါတယ်။

အက်ဆစ်နဲ့ အပက်ခံရပြီး ၈ နှစ် နီးပါး အကြာ၊ ၂ဝ၁၈ ခုနှစ်မှာ နန်းမေဇင်ဦး ထွက်ပြေး လွတ်မြောက်လာတော့မှ သူ့ရဲ့ အကြောင်း လူအများ သိလာရတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်က ဖြစ်ခဲ့တာ၊ အမှုလုပ်လို့ မရဘူး … ရှုံးမှာပဲလို့ ပြောသူတွေနဲ့လည်း သူလွတ်လာခါစ ဆုံခဲ့ရတယ်လို့ နန်းမေဇင်ဦးက ပြန်ပြောင်း ပြောပါတယ်။

ဒီနောက်မှာတော့ အမျိုးသမီးရေးရာ အဖွဲ့နဲ့ အဆက်အသွယ်ရပြီး ကျူးလွန်သူတွေကို ရုံးတင် နိုင်တဲ့အထိ တရားမျှတမှု ရှာဖွေ နိုင်ခဲ့ပါတယ်။

အိမ်ရှင် အမျိုးသမီး၊ နဲ့ အဲဒီအမျိုးသမီးရဲ့ ယောက္ခမ အမျိုးသမီး ကတော့ လူကုန်ကူးမှု ဥပဒေနဲ့ ထောင် ၁၅ နှစ် စီ ကျသွားပါတယ်။ အဲဒီနှစ်ယောက်ထဲက ချွေးမဖြစ်သူ အိမ်ရှင်အမျိုးသမီးကတော့ ပြင်းထန်စွာ နာကျင်စေမှုနဲ့ ထောင် ၇ နှစ် လည်း ထပ်ချမှတ် ခံထားရပါတယ်။

နန်းမေဇင်ဦးကို ကြည့်ရတာ စိတ်ဓာတ်ကျနေတာ၊ အားငယ်နေတာမျိုး မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေတယ်လို့ ကိုယ်တိုင် ဆုံခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကြံ့ခိုင်နေပုံရတဲ့ နန်းမေဇင်ဦးဟာ အခုဆို ရှမ်းပြည်နယ် တောင်ပိုင်းက သူ့ ဇာတိမှာ ကုန်စုံဆိုင်လေး တစ်ဆိုင် ဖွင့်ထားတယ်လို့ ဆိုပါတယ်။

နန်းမေဇင်ဦး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တချို့က ကူညီကြပါတယ်။

အက်စစ်နဲ့ ပက်ခံထားရတဲ့ ဒဏ်ရာတွေ ရှိနေပေမဲ့ သိမ်ငယ်စရာ မလိုဘဲ လူ့ အသိုင်းအဝိုင်း ဝန်းကျင်မှာ ရဲရဲဝံ့ဝံ့ နေထိုင် ဝင်ဆံ့ဖို့ကိုလည်း ကူညီသူတွေက တွန်းအားပေးပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိမ်အကူလုပ်သားတွေ တရားဝင် ဖြစ်ရေး

ဒီလို အခြေအနေတွေ ဖြတ်သန်းခဲ့ရတဲ့ နန်းမေဇင်ဦးက အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် လစာ ဘယ်လောက်လဲ၊ အချိန်ပို လုပ်ရင်ရော အချိန်ပိုကြေးရမှာလား၊ အလုပ်ရှင်တွေရဲ့ နေရပ်လိပ်စာက အစ အချက်အလက်တွေ တိတိကျကျ သိထားဖို့ လိုမယ်လို့ သူ့ဘဝ အတွေ့အကြုံနဲ့ ယှဉ်ပြီး အကြံပြုပါတယ်။

အိမ်အကူလုပ်သားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေ အတိအကျ ပြဋ္ဌာန်းသင့်ကြောင်း လူမှု အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ဥပဒေကျွမ်းကျင်သူတွေ စုပေါင်းပြီး လှုပ်ရှားကြတဲ့ အောက်တိုဘာ ၁၈ ရက်၊ မန္တလေးက ပွဲတစ်ခုမှာ နန်းမေဇင်ဦးက သူ့အဖြစ်အပျက်တွေကို ဘီဘီစီကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ နန်းမေဇင်ဦးလိုပဲ အိမ်အကူ အလုပ်လုပ်ကိုင်ဖူးတဲ့ တခြား မိန်းကလေး နှစ်ယောက်ကို တွေ့ခဲ့ရပေမယ့် သူတို့ကတော့ ဘယ်လို ဖြတ်သန်းခဲ့ရတဲ့ ကောင်း၊ဆိုးအတွေ့အကြုံတွေကို ဖွင့်ဟပြောလိုပုံ မရဘူးလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိမ်အကူ နှိပ်စက်မှု နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေတချို့မှာ အိမ်အကူလုပ်သား၊ အိမ်ဖော် စတဲ့ ဝေါဟာရတွေနဲ့ ဖော်ပြချက် တချို့ ရှိပေမယ့်၊ သီးသီးသန့်သန့် ဥပဒေ တစ်ရပ် မရှိသေးဘူးလို့ ဥပဒေရေးရာ ကုစားရေး အဖွဲ့ (မြန်မာ) ရဲ့ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဘီဘီစီကို ပြောပါတယ်။

အိမ်အကူတွေ အနေနဲ့ လုပ်ခလစာတွေ အပြည့်အဝ မရရှိတာ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ဆက်ဆံခံရတာမျိုးတွေက အစ၊ ဆိုးရွားစွာ အကြမ်းဖက် ခံရတာမျိုးအထိ တွေ့ကြုံ ခံစား နေရတယ်လို့ ဒေါ်လှလှရီက ဆိုပါတယ်။

ဒီပြဿနာတွေကို လျှော့ချနိုင်ဖို့ ဆိုရင် အိမ်အကူတွေကို "အလုပ်သမား" အဖြစ် အသိအမှတ် ပြုဖို့ အရေးကြီးပြီး၊ အိမ်အကူ ငှားရမ်း ရှာဖွေတဲ့ တရားဝင် ယန္တရား တစ်ရပ်လည်း ပေါ်ပေါက်လာဖို့ လိုတယ်လို့ ဒေါ်လှလှရီက ပြောပါတယ်။