ရသေ့တောင် စာသင်ကျောင်းနား လက်နက်ကြီးကျလို့ ကျောင်းပိတ်လိုက်ရ

ရသေ့တောင်မြို့နယ် ဓာတ်ပုံ မူပိုင် Myint Lwin

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ပိုင်းဒေသမှာရှိတဲ့ ဆင်ခုန်တိုင် ရခိုင်ကျေးရွာ စာသင်ကျောင်းအနီးမှာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် မနက် ၁၁ နာရီ လောက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းကို ယာယီပိတ်ထားလိုက်ရပြီး ကလေးတွေ ဘေးကင်းလုံခြုံစေရေးအတွက် ကျောင်းသားမိဘတွေဆီကို ပြန်လည် အပ်နှံလိုက်ရတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကျောင်းသားတွေကိုတော့ ထိခိုက်မှုမရှိသလို ကျောင်းကိုလည်း ထိခိုက်မှုမရှိခဲ့ဘူးလို့ ကျောင်းဆရာတွေက ပြောပါတယ်။

အဲ့ဒီကျည်ဟာ ကျောင်းရဲ့အပြင်ဘက် ခြံစည်းရိုးနားမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောင်းဆောင်နဲ့ ကိုက် ၅၀ လောက်အကွာမှာ ကျခဲ့တာဖြစ်တယ်လို့ ပညာရေးဌာနလည်း ဘီဘီစီကို အတည်ပြုပါတယ်။

အခုလိုမျိုး ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဲ့ဒီဖြစ်စဉ်ကို သူ့အနေနဲ့ မသိရှိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီနေ့ အဲ့ဒီနယ်မြေမှာ တိုက်ပွဲမရှိဘူးလို့ တပ်မတော်ဘက်ကရော ကျေးရွာသားတွေဘက်ကပါ ပြောဆိုခဲ့ကြပါတယ်။

"တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲမှမဖြစ်တာ အဲ့ဒါတော့ ကျွန်တော်မပြောတတ်ဘူး"လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ မနက် ၁၁ နာရီလောက် ကလေးတွေကို စာသင်နေချိန်မှာ ပေါက်ကွဲခဲ့လို့ ကျောင်းဆောင်တစ်ခုလုံး ကလေးတွေ ထိတ်လန့်ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ အတွက် ထိန်းမနိုင်ဖြစ်ခဲ့ရတယ်လို့ ကျောင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ မူပိုင် CJ
Image caption ကျောင်းခြံစည်းရိုးနားကို ကျလာတယ်ဆိုတဲ့ ကျည်

ဆင်ခုန်တိုင်ကျေးရွာဟာ အိမ်ခြေ ၈၀ နီးပါးရှိပြီး အဲ့ဒီကျောင်းမှာ သူငယ်တန်းကနေ ဆဋ္ဌမတန်းအထိ ပညာသင်ကြားနေကြတဲ့ ကျောင်းသူကျောင်းသားဦးရေ ၆၀ ကျော်ရှိပါတယ်။

"ကျောင်းမှာ ကလေးတွေကို စာသင်နေတဲ့အချိန် ၁၀ နာရီ ၄၀ လောက်မှာ ကျောင်းရဲ့ ခြံစည်းရိုး အပြင်ဘက်ကိုက် ၅၀ လောက်တောင်မကွာဘူး။ လယ်ကွင်းထဲကို လက်နက်ကြီးကျည်ကျပြီးတော့ ပေါက်ကွဲတယ်။ အသံက ကျယ်တော့ ကလေးတွေက ထွက်ပြေးကြနဲ့ ထိန်းမနိုင် ဖြစ်ခဲ့တယ်။ မိဘတွေလည်း ကျောင်းကို ကျလားမသိဆိုပြီး ရောက်လာကြတော့ ကလေးတွေကို ပြန်အပ်လိုက်တယ်။ ကျောင်းကိုလည်း ဒီနေ့ ပိတ်ထားလိုက်ရတယ်"လို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီကျောင်းမှာ ဆင်ခုန်တိုင်ကျေးရွာက ကျောင်းသူကျောင်းသားတွေ အပြင် စစ်ဘေးရှောင်ကလေးငယ်တွေလည်း ပညာသင်ကြားနေကြတာ ဖြစ်ပါတယ်။

"ကလေးတွေ စာသင်နေတဲ့အချိန်မှာ အခုလိုမျိုး စာသင်ကျောင်းနားမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတယ်ဆို တာ့ ကျောင်းသားမိဘတွေအနေနဲ့ တော်တော်လေး စိုးရိမ်မှုတွေရှိခဲ့တာပေါ့။ အခုလိုမျိုး စာသင်ကျောင်းတွေအနားကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုမလုပ်ဖို့ အားလုံးကို တောင်းဆိုပါတယ်"လို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးကျော်လှိုင်ကပြောပါတယ်။

အခုလိုမျိုးဖြစ်လာနေတဲ့အတွက် ကလေးတွေကို ကျောင်းတွေမှာ စာသင်လွှတ်ဖို့အတွက် မိဘတွေအနေနဲ့ စိတ်မချနိုင်တော့ဘူးလို့ သူကဆက်ပြီး ပြောပါတယ်။

တိုက်ပွဲမဖြစ်ပေမဲ့ အခုလိုမျိုး လက်နက်ကြီးကျည်တွေ ရွာအနီး ကျရောက်ပေါက်ကွဲတဲ့အတွက် ကျေးရွာသားတွေအနေနဲ့ စိုးရိမ်ကြောက်လန့်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဆင်ခုန်တိုင်ကျေးရွာဟာ မွတ်ဆလင်ကျေးရွာနဲ့ ရခိုင်ကျေးရွာနှစ်ရွာရှိပြီး အဲ့ဒီရွာနှစ်ရွာဟာ နှစ်ဖာလုံလောက်ပဲကွာဝေးပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ဆင်ခုန်တိုင် မွတ်ဆလင်ကျေးရွာကို လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီ ၂၀ ရက်နေ့ ညနေ ၈ နာရီဝန်းကျင်မှာပဲ ဘူးသီးတောင်မြို့နယ်က ထိပ်ထူးပေါက် မွတ်ဆလင်ကျေးရွာ အတွင်းက နေအိမ်တစ်အိမ်ရဲ့ ခြံဝင်းထဲကို လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ပေါ်မှာထိုင်နေတဲ့ အသက် ၄၅ နှစ်အရွယ် မွတ်ဆလင်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွားတစ်ကောင်နဲ့ ခွေးတစ်ကောင်ပါ သေဆုံးခဲ့ပါတယ်။