အထက်တန်းကျောင်းတွေထဲ ယာဘဆေးပြား ထိုးဖောက် ၀င်ရောက်နေ

ဓာတ်ပုံ မူပိုင် Getty Images

အထက်တန်းကျောင်းတွေအနီးနားကို လူစိမ်းတချို့ရောက်လာပြီး ကျောင်းသားတွေကို သကြားလုံး အလကားကျွေးပါတယ်။ သူတို့ကျွေးတဲ့ သကြားလုံးဆိုတာ တကယ်တော့ ယာဘမူးယစ်ဆေးပါပဲ။ အတွေ့အကြုံမရှိသေးတဲ့ လူငယ်ကျောင်းသားတွေကို သကြားလုံးလို့နာမည်တပ် အခမဲ့ကျွေးပြီး ယာဘနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ မစွဲသေးခင် အခမဲ့ကျွေးပြီး ယဉ်ပါးလာတဲ့အချိန်ရောက်တော့မှ အရောင်းအဝယ် စပါတယ်။ အရွယ်မရောက်သေးတဲ့ ကျောင်းသားလူငယ်လေးတွေကို မူးယစ်ဆေးဝါးမှောင်ခို ရောင်းသူတွေက အဲသလိုနည်းနဲ့ ဇာတ်သွင်းကြပါတယ်။

ဆင်းရဲတဲ့ကျောင်းသားတွေဟာ ကိုယ်တိုင်မူးယစ်ဆေးဝါးသုံးစွဲသူ အဖြစ်သာမက မူယစ်ဆေးဝါးဖြန့်ဖြူးသူပါဖြစ်လာကြပါတယ်။ သူတို့က ၁၀ ပြားရောင်းပေးနိုင်ရင် သူတို့ကိုယ်တိုင်အတွက် ၂ ပြားလောက်သုံးစွဲနိုင်တယ်ဆိုတာမျိုးပါ။ မူးယစ်ဆေးသုံးစွဲနိုင်ရုံမက အပိုဝင်ငွေလည်း သုံးစွဲလာနိုင်တဲ့အတွက် မူးယစ်ဆေးဝါး လက်လီရောင်းချမှုဟာ လူငယ်တွေကို မက်လုံးပေးဆွဲဆောင်နိုင်တဲ့အရာ ဖြစ်လာပါတယ်။ ယာဘထောင်ချောက်အောက်မှာ လူငယ်လေးတွေ တော်တော်များများ အဲသလိုနည်းနဲ့ ကျရောက်ကုန်ပါတယ်။

အဲသလိုဖြစ်ပျက်နေတယ်ဆိုတာကို ပြောပြသူက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဖြစ်ပါတယ်။ ကျောင်းနေရွယ် ကလေးလူငယ်တွေကြား ပြန့်နှံ့နေတဲ့ WY စိတ်ကြွဆေးပြား ပပျောက်စေရေးအတွက် အစီအမံကောင်း တရပ်ရေးဆွဲတိုက်ဖျက်ပေးရေး အဆိုကို ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်မှာ ဦးညီညီက အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုကို စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယာဘပြဿနာ ကျောင်းနယ်မြေလုံခြုံရေးအတွက် ပြဿနာတရပ်ဖြစ်လာ

တချိန်ကတော့ မူးယစ်ဆေးဝါးဆိုတာ ငွေကြေးချမ်းသာပြည့်စုံတဲ့ ကလေးတွေနဲ့ ပိုပြီး နီးစပ်တဲ့အရာလို့ သတ်မှတ်ခဲ့ကြဖူးပေမယ့် အခုခေတ်မှာတော့ ဆင်းရဲတဲ့မြို့နယ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ပြဿနာက ပိုလို့တောင် ဆိုးပါသေးတယ်လို့လည်း ဦးညီညီကပြောပါတယ်။

"မထင်မှတ်လောက် (အောင်များပြား) တဲ့WY စိတ်ကြွဆေးပြား သုံးစွဲတာတွေကို ကျွန်တော်တို့ တွေ့ရတဲ့အပြင် ခိုးပြီ၊ ဆိုးပြီ၊ လုယက်ပြီဆိုတဲ့ လုယက်မှုတွေကို ကြည့်မယ်ဆိုရင်၊ ဒါ့အပြင် ဆိုင်ကယ်နဲ့ ခိုးယူမှုတွေ၊ လုယူမှုတွေ၊ ဆွဲကြိုးဖြတ်မှုတွေကို ကြည့်မယ်ဆိုရင် မိပြီဆိုရင် အဲဒီ ၁၇၊ ၁၈ သက်ငယ်ပိုင်းတွေပဲများပြီးတော့ ဒီကလေးတွေကြည့်ပြန်ရင်လည်း အိတ်ထဲမှာဆေးပြားတွေ့တာမျိုးတွေကို တွေ့ရတဲ့အခါ ဒီတိုင်းဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေမှာ ဆက်ဒုက္ခရောက်ပြီး ကျွန်တော်တို့တိုင်းပြည်ဟာ ဆက်ပြီးတော့ ကိုယ်ကျိုးတော့နည်းဦးမယ်ဆိုတဲ့ အတွေးကြောင့် ဒီအဆိုကိုလွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။ လုံနယ်ဝန်ကြီးကလည်း ဒါကိုသဘောတူပါတယ်။" လို့ ဦးညီညီက ဆိုပါတယ်။

လွှတ်တော်မှာ ဒီအဆိုကို မှတ်တမ်းအဖြစ်သာထားရှိဖို့ တောင်းဆိုသူတွေရှိပေမယ့် လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံဆွေးနွေးမှုကြောင့် အဆိုကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဦးညီညီက ဘီဘီစီကို ပြောပါတယ်။

ကျောင်းသားမိဘတွေက သူတို့သားသမီးတွေ ဆေးဖြတ်ဖို့ရာ လွှတ်တော်ကိုယ်စားလှယ်တွေဆီ လာရောက် အကူအညီတောင်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဒေါပုံကိုယ်စားလှယ် ဦးဟန်စိုးဆွေးနွေးရာမှာ မူးယစ်ဆေး ရောင်းဝယ်မှုကို လက်ပူးလက်ကြပ်မိလို့ တိုင်ကြားရင်လည်း ရဲက နာရီအနည်းငယ်ကြာမှ ရောက်လာတတ်ပြီး ရဲရောက်လာတဲ့အချိန်မှာ အမှန်တကယ် ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးတဲ့လူကမရှိတော့ဘူးလို့ဆိုပါတယ်။ ကြိုတင်ပြီး အတွင်းလူက သတင်းပေးနေလို့သာ အဲသလို အချိန်မီ ရှောင်ရှားနိုင်တာမျိုးဖြစ်တဲ့ အတွက် ဒါမျိုးတွေပပျောက်ဖို့ဆိုတာ တော်တော်ကို ကြိုးစားရမှာ ဖြစ်လို့ ဦးညီညီရဲ့ မူးယစ်ဆေးဝါးပပျောက်ဖို့ အစီအမံကောင်းတရပ်ရေးဆွဲရေး အဆိုကို ထောက်ခံပါတယ်လို့ ဦးဟန်စိုးက ဆိုခဲ့ပါတယ်။ ဦးဟန်စိုးရဲ့ ထောက်ခံဆွေးနွေးမှုဟာ ပြောင်မြောက်ရဲရင့်တဲ့ ဆွေးနွေးချက်ဖြစ်တယ်လို့ ဦးညီညီက ဆိုပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တော်တော်စွန့်စားရပါတယ်။ ဒီဟာကလည်း သုံးနိုင်စွဲနိုင်တဲ့သူ အများစုမှာရှိတာဖြစ်တဲ့အတွက် နောက်ဆုံး အသက်အန္တရာယ်ကအစ သတိထားဖို့ လိုအပ်ပါတယ်။ သို့သော်လည်းပဲ ပြည်သူလူထုအတွက် အနာဂတ်မျိုးဆက်သစ်အတွက် အရေးကြီးတယ်ဆိုပြီး ဆွေးနွေးခဲ့တာဖြစ်တဲ့အတွက် ဒီအဆိုကို ဒီအတိုင်းပြီးသွားရင်တော့ ကျွန်တော်တို့ ရပ်မှာ မဟုတ်ပါဘူး။"

ကော့မှူးလွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်ထဲမှာတော့ "သင်္ဃန်းကျွန်းမှာ မူးယစ်ဆေးဝါး လာရောက်ပြီး ရောင်းဝယ်ဖောက်ကားတာကိုမိလို့ ကြည့်လိုက်တော့ အဖွဲ့အစည်းထဲကလူတွေ ဖြစ်နေတယ်" လို့ပြောသွားကြောင်းလည်း ဦးညီညီက ရှင်းပြပါတယ်။ အဖွဲ့အစည်းဆိုတာ ဘယ်အဖွဲ့အစည်းလို့တော့ ကော့မှူးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးအောင်က နာမည်တပ်ပြောမသွားခဲ့ပါဘူး။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ နားလည်သိရှိတဲ့အသွင်နဲ့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားမိဘတွေ၊ ဆရာ၊ ဆရာမတွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပြင် ဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့ ရဲ၊ ဥပဒေပညာရှင်၊ ဥပဒေချုပ် စတဲ့သူတွေ ပါဝင်တဲ့ အစည်းအဝေးတရပ်ခေါ်ပြီး အမှန်တကယ်ထိရောက်တဲ့ စီမံချက်တရပ်ဆွဲနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဒီအဆိုတင်သွင်းပြီးနောက်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်း ကျောင်းတွေမှာ စီမံချက်နဲ့ ဆောင်ရွက်နိုင်ဖို့ တိုင်းပညာရေးမှူးရုံးကတဆင့် ထပ်မံညွှန်ကြားထားပါတယ်။

ရန်ကုန်တိုင်းပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဆွေကတော့ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး နှစ်စကတည်းက ဟောပြောပွဲတွေရော လုပ်ငန်းဆောင်တာတွေရော အကုန်လုပ်ထားတယ်လို့ ဆိုပါတယ်။ ကျောင်းပတ်ဝန်းကျင်ပေ ၁၀၀ အတွင်းမှာ အရက်၊ ဆေးလိပ်၊ ကွမ်းယာ မရောင်းဖို့က အဓိကပဲ။ အဲဒါတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဖယ်ရှားပေးရမှာလို့ ဆိုပါတယ်။ ကျောင်းထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ရင်တိုင်ကြားဖို့ ကြည့်ကြပ်ဆောင်ရွက်နေပါတယ်။ အပြင်ဘက်မှာလုပ်ပြီး ကျောင်းထဲဝင်လာတာမျိုးကိုသာ အခုတွေ့ချင်တွေ့မှာပါလို့ ဒေါ်ခင်မာဆွေက ဆိုပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာသာ အခုဆွေးနွေးမှု ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပေမယ့် အလားတူအဖြစ်အပျက်တွေကို မြန်မာနိုင်ငံ အနှံ့အပြားက မြို့တွေမှာ လူငယ်၊ ယာဘ၊ ရာဇဝတ်မှု ဆက်စပ်တဲ့ဇာတ်လမ်းမျိုးတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။