ကချင်ပြည်နယ်က ရှားပါး နှာခေါင်းလန်မျောက်

ဓာတ်ပုံ မူပိုင် Getty Images

ကချင်ပြည်နယ် မေခနဲ့ သံလွင်မြစ်ကြားဒေသဟာ မြန်မာနှာခေါင်းလန်မျောက် အပါအဝင် သဘာဝမျိုးကွဲတွေ ရှားပါးမျိုးစိတ်တွေ ပေါကြွယ်ဝတဲ့ ဒေသဖြစ်တဲ့ အတွက် အဲဒီဒေသကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဖော်နာနဲ့ ဖလော်ရာနိုင်ငံတကာ အဖွဲ့ Fauna and Flora International က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဒီနှစ် ၂၀၁၉ ခုနှစ် မကုန်ခင်မှာ အဲဒီဒေသကို အီမောဘွမ် သဘာဝ အမျိုးသား ဥယျာဉ် အဖြစ် ဝန်ကြီးဌာနက ကြေညာမယ်လို့လည်း မျှော်လင့်ထားကြောင်း ဖော်နာနဲ့ဖလော်ရာနိုင်ငံတကာအဖွဲ့ရဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ထိန်းသိမ်းရေး ပရိုဂရမ် မန်နေဂျာ ဦးငွေလွင်က ဘီဘီစီကို ပြောပါတယ်။

မျိုးတုံးမယ့် အန္တရာယ် ရှိနေတဲ့ ရှားရှားပါးပါး နှာခေါင်းလန်မျောက် အပြင် အဲဒီဒေသမှာ တောင်ပေါ်သားမင်း၊ ကတိုးကောင်၊ ပန်ဒါနီ၊ ဟိမဝန္တာ ဝက်ဝံ၊ ကြောင်သလင်း၊ တောင်ဆိတ်၊ တောဆိတ်နဲ့ ရှားပါး ယစ်မျိုးနွယ်ငှက် အများစုလည်း ရှိနေတဲ့အတွက် အဲဒီဒေသ၊ အဲဒီနယ်မြေကို အဖိုးတန် သဘာဝနယ်မြေ တခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ FFI Fauna and Flora International ကတိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် photo: FFI
Image caption မျောက်နတုတ်တယ်လို့လည်းခေါ်တဲ့ နှာခေါင်းလန်မျောက်၊ နှာလန်မျောက်

နှာခေါင်းလန်မျောက်ဟာ ရှားပါး တိရစ္ဆာန်အမျိုးအနွယ်ဖြစ်ပါတယ်။ နှာခေါင်းလန်မျောက်မှာ ရွှေရောင်နှာခေါင်းလန်မျောက်၊ မီးခိုးရောင်နှာခေါင်းလန်မျောက်၊ ယူနန်နှာခေါင်းလန်မျောက်၊ တုံကင်းနှာခေါင်းလန်မျောက်၊ မြန်မာနှာခေါင်းလန်မျောက်ဆိုပြီး ၅ မျိုး ရှိပါတယ်။ ရွှေရောင်နှာခေါင်းလန်မျောက်၊ မီးခိုးရောင်နှာခေါင်းလန်မျောက်နဲ့ ယူနန်နှာခေါင်းလန်မျောက်တို့ဟာ တရုတ်ပြည်ထဲမှာပဲ ရှိပါတယ်။ တုံကင်းနှာခေါင်းလန်မျောက်က တရုတ်၊ ဗီယက်နမ်နယ်စပ်မှာရှိပြီး မြန်မာနှာခေါင်းလန်မျောက်ကတော့ မြန်မာတရုတ်နယ်စပ်မှာ ရှိပါတယ်။

အဲဒီ ၅ မျိုးစလုံးဟာ ရှားပါးပြီး မျိုးတုံးမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ မြန်မာနှာခေါင်းလန်မျောက်ကတော့ မျိုးတုံးမယ့် အန္တရာယ်ကို ပိုပြီး ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

မြန်မာ နှာခေါင်းလန်မျောက်လို့ မှတ်တမ်းတင်ထားတဲ့ မျောက်အမျိုးအစားဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ် မေခနဲ့ သံလွင်မြစ်တို့ အကြား ဒေသမှာ တွေ့ရတာ ဖြစ်ပါတယ်။ အဲဒီဒေသဟာ တရုတ်ပြည်ထဲအထိ ဆက်စပ်နေပါတယ်။ တချိန်က မြန်မာပိုင် ကျေးရွာဖြစ်ခဲ့ပြီး နယ်နမိတ် ညှိနှိုင်းကြချိန်မှာ တရုတ်နိုင်ငံဘက်ကို ပေးလိုက်ရတဲ့ ဖီမော်ရွာဟာလည်း နှာခေါင်းလန်မျောက်တွေကို တွေ့ရတဲ့ နေရာ တနေရာဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ အဲဒီရပ်ဝန်းဒေသတခုမှာပဲ မြန်မာနှာခေါင်းလန်မျောက် အမျိုးအစားကို တွေ့ရပါတယ်။ မြန်မာဘက်အခြမ်းမှာ အကောင်ရေ ၃၀၀ ကျော်ရှိပြီး တရုတ်ပြည်ဘက်မှာ အကောင်ရေ ၆၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီမျောက်ကို မျိုးစိတ်သစ် အဖြစ် စတင်တွေ့ခဲ့တာက ၂၀၁၀ ခုနှစ်က ဖြစ်ပါတယ်။ စတင်တွေ့ရှိတဲ့ အဖွဲ့တွေထဲမှာ FFI Fauna and Flora International ကလည်း တဖွဲ့ အပါအဝင်ဖြစ်ပါတယ်။ ဦးငွေလွင်ဟာ စတင်တွေ့ရှိခဲ့သူတွေထဲက တယောက်ဖြစ်ပါတယ်။ အဲသလို စတင်တွေ့ရှိခဲ့ချိန်က မှတ်တမ်းတင် ခန့်မှန်းချက်အရ နှာခေါင်းလန်မျောက်အရေအတွက်ဟာ အကောင်ရေ ၂၆၀ နဲ့ ၃၃၀ အကြားမှာပဲ ရှိလိမ့်မယ်လို့ သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

အဲဒီမျောက်လေးတွေကို နှာခေါင်းလန်မျောက် snub-nosed monkey လို့ခေါ်သလို နှာခေျမျောက် sneezing monkey လို့လည်းခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နှာခေါင်းလန်မျောက်၊ နှာလန်မျောက်လို့ ခေါ်ကြသလို ဒေသခံ လော်ဝေါ်လူမျိုးတွေကတော့ မျောက်နတုတ်တယ်လို့ ခေါ်ကြပါတယ်။ နတုတ်တယ် ဆိုတာ လော်ဝေါ် ဘာသာစကားနဲ့ ခေါ်တာ ဖြစ်ပြီး အဓိပ္ပာယ်ကတော့ နှာခေါင်းလန် မျောက်ပါပဲ။

၂၀၁၀ ခုနှစ်က ဦးငွေလွင်တို့နဲ့ နိုင်ငံခြားသားပညာရှင်တွေ ပါဝင်တဲ့ သုတေသန အဖွဲ့ဟာ အဲဒီဒေသမှာ နှာခေါင်းလန်မျောက်တွေ ရှိတယ်ဆိုတာ ကြားသိရတဲ့ အတွက် ဒေသအနှံ့ သွားရောက်ရှာဖွေခဲ့ပါတယ်။ ကချင်ပြည်နယ်က ကျေးရွာ ပေါင်း ၃၀ လောက်ကို သွားရောက်ပြီး ဒေသခံအများအပြားနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အဲသလို သွားရောက် လေ့လာ ရှာဖွေချိန်မှာ ဒေသခံမုဆိုးတွေရဲ့ သံညှပ်မှာ မိထားတဲ့ နှာခေါင်းလန်မျောက်တကောင်ကို တွေ့ခဲ့ရပါတယ်။ အဲဒီမျောက်ရဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။ နှာခေါင်းလန်မျောက်နဲ့ အတူဓာတ်ပုံရိုက်ထားတဲ့ လူနှစ်ယောက်ဟာ ဒေသခံ လော်ဝေါ်လူမျိုးတွေ ဖြစ်ပါတယ်။ သူတို့ဟာ နှာခေါင်းလန် မျောက်ကို ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့တဲ့ သုတေသန အဖွဲ့မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဒေသခံအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Photo: NGWE LWIN
Image caption သံညှပ်ထောင်ချောက်မှာ မိထားတဲ့ နှာခေါင်းလန်မျောက်

နှာခေါင်းလန်မျောက်ဆိုတဲ့ နာမည်ကခပ်ဆန်းဆန်းပါ။ ဒါပေမယ့် အဲသလိုခေါ်တာက အကြောင်းမဲ့ မဟုတ်ပါဘူး။ နှာခေါင်းလန်မျောက်လို့ခေါ်တာက သူတို့နှာခေါင်းပေါက်တွေက အထက်လန်သလို ဖြစ်နေလို့ပါ။ ပုံထဲမှာကြည့်ရင် သူတို့ဟာ နှာတံမပါသလောက် ဖြစ်နေတာတွေ့ပါလိမ့်မယ်။ နှာတံမပါသလောက် ဖြစ်နေတော့ သူတို့နှာခေါင်းပေါက်ဟာ အကာအကွယ်ကင်းမဲ့နေပါတယ်။ မိုးရွာရင် သူတို့နှာခေါင်းကနေ မိုးရေဝင်ပါတယ်။ မိုးရေဝင်ရင် မျောက်တွေအသံထွက်ပြီး နှာချေတာကို ကြားရတယ်လို့ မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဒေသခံကချင်မျိုးနွယ် မုဆိုးတွေက ပြောကြပါတယ်။ မိုးရေဝင်ရင် နှာခေါင်းထဲရေဝင်ပြီး အအေးပတ်မှာ နှာခေျမှာကြောက်လို့ မျောက်တွေဟာ သူတို့ခေါင်းကို ဒူးခေါင်းနှစ်လုံးကြားမှာ ငုံ့ပြီး ဝှက်ထားလေ့ရှိကြပါတယ်။ ဒါ့ကြောင့် နှာခေါင်းလန်မျောက်တွေကို ဖမ်းချင်ရင် မိုးရွာတဲ့အချိန်မှာ ပိုလွယ်တယ်လို့ ကချင်မုဆိုးတွေက ပြောလေ့ရှိကြပါတယ်။

မြန်မာပြည်က နှာခေါင်းလန်မျောက်ဟာ အနက်ရောင်ဖြစ်ပါတယ်။ နှာခေါင်းလန်နေတာက လူသိများ ထူးခြားတဲ့အမှတ်အသားပါ။ မုတ်ဆိတ်မွေးနဲ့ တူတဲ့ အမွေးဖြူတွေနဲ့ နားမွေးအဖြူတွေပါတဲ့ အဲဒီမျောက်အမျိုးအစားဟာ အရင်က မတွေ့ဖူးသေးတဲ့ မျိုးစိတ်အသစ်ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဆက်စပ် အကြောင်းအရာများ