ဗိုလ်ချုပ်ကြီး ယွက်ဆစ် နေပြည်တော်လာပြီး အစိုးရနဲ့တွေ့မယ့် အစီအစဉ်ဖျက်

RCSS SSA ဗိုလ်ချုပ်ကြီး ယွက်စစ် ဓာတ်ပုံ မူပိုင် AMM
Image caption ဗိုလ်ချုပ်ကြီး ယွက်စစ်

အပစ်ရပ်သဘောတူစာချုပ် NCA လေးနှစ်ပြည့် အခမ်းအနား နေပြည်တော်ကို လာတက်ရောက်ဖို့ စီစဉ်ထားတဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဒီအခမ်းအနားကို မတက်ရောက်ဖြစ်တော့ဘူးလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေသူတွေ ဆီကနေ သိရပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၂၈ ရက်မှာ ကျင်းပမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် - NCA လေးနှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တစ်နိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး- JICM တို့ကို တက်ရောက်ဖို့ စီစဉ်ထားပြီးမှ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။

NCA လေးနှစ်ပြည့် အခမ်းအနားကို ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်မယ်ဆိုပြီး သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ-RCSS က အောက်တိုဘာလ ၂၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါပေမဲ့ နေပြည်တော်ကို သူလာမယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ညှိနှိုင်းလို့ မရခဲ့တဲ့အတွက် မတက်ရောက်ဖြစ်တော့တာလို့ နေပြည်တော်မှာ အောက်တိုဘာလ ၂၅ ရက်က ပြုလုပ်တဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့ခေါင်းဆောင် တစ်ဦးဆီက သိရပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့က နေပြည်တော်ကို ကားနဲ့လာရောက်လိုပြီး တပ်မတော်ဘက်က ကားလမ်းအစား လေယာဉ်နဲ့ လာဖို့ ပြောခဲ့ပြီး ဒါကို ညှိနှိုင်းမရခဲ့တာလို့ သိရပါတယ်။

သူဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

RCSS ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဗိုလ်ချူပ်ကြီး ယွက်ဆစ်ဟာ အောက်တိုဘာလ ၂၅ ရက်မှာ လွယ်တိုင်းလျဲန်း ဗဟိုဌာနချုပ်ကနေ-တောင်ကြီး-နေပြည်တော်ကို သွားမယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် SAI LEARN
Image caption ၂၀၁၇ အတွင်းက နေပြည်တော်ရောက် RCSSကိုယ်စားလှယ်အဖွဲ့

ဆွေးနွေးပွဲတွေမှာတော့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်တာတွေကို အစိုးရအပါအဝင် တာဝန်ရှိသူတွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲတွေက ဘယ်လိုအရေးကြီးလဲ

NCA စာချုပ်အရ သုံးလ တစ်ကြိမ် ကျင်းပ ဖို့ သတ်မှတ်ထားတဲ့ JICM အစည်းအဝေးတွေကို မကျင်းပနိုင်ခဲ့တာ တစ်နှစ်ကျော်ကြာ မြင့်နေပြီ ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေ ပြန်စနိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ အကြိုညှိနှိုင်းပွဲကို အောက် တိုဘာ ၂၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

NCA စာချုပ်က ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်မှာ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပြီး လေးနှစ်ပြည့်အခမ်းအနားကိုတော့ အခု အောက်တိုဘာလ ၂၈ ရက်မှာ ကျင်းပတာ ဖြစ်ပါတယ်။

အကြိုဆွေးနွေးပွဲ ရလဒ်

အောက်တိုဘာလ ၂၅ ရက်မှာ ကျင်းပတဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ သဘောထား စုစည်းချက် ကိုးချက် ရရှိခဲ့ပြီး ရလဒ်ကောင်းတွေ ရခဲ့တယ်လို့ အပစ်ရပ်လက်မှတ်ထိုး အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ RCSS အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NCA-S EAO
Image caption ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ သဘောထား စုစည်းချက် ကိုးချက်ရခဲ့တယ်လို့ဆို

JICM ဟာ အပစ်ရပ်စာချုပ် NCA အရ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်ဆို့မှုတွေ ရှိနေရင် နှစ်ဖက် တွေ့ဆုံ ညှိနှိုင်းရတဲ့ အမြင့်ဆုံးအစည်းအဝေးလည်း ဖြစ်ပါတယ်။

အဲဒီလိုအစည်းအဝေးမျိုးကို အစိုးရဘက်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တက်ရောက်ပြီး တပ်မတော်ဘက်က ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်လေ့ရှိ တဲ့ အစည်းအဝေးဖြစ်ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်သူတွေ သဘောထား

အောက်တိုဘာလ ၂၅ ရက် အကြိုညှိနှိုင်းမှုကနေ သဘောတူညီချက် ကိုးချက်ရရှိခဲ့ပြီး ဒီအချက်တွေကို တရားဝင်မထုတ်ပြန် သေးဘဲ သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ပြန်လည်တင်ရဖို့ရှိနေတယ်လို့ အပစ်ရပ် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောပါတယ်။

"ဆုံးဖြတ်ချက် ကိုးချက်ထဲကနေ ရှေ့ဆက်ဆောင်ရွက် ရမယ့်လုပ်ငန်းတွေ အများကြီး ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း JICM ကနေ လုပ်ပိုင်ခွင့်ပေးဖို့ လိုပါတယ်"လို့ သူက ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ် ၂၀၁၈ အောက်တိုဘာလကနေ ယနေ့အထိ တရားဝင်ဆွေးနွေးပွဲတွေ မလုပ်နိုင်သေးဘူး။ အားလုံး ပြန်စတင်နိုင်ဖို့အတွက်ဆိုရင် လာမယ့် JICM အစည်းအဝေးက အင်မတန်မှ အရေးကြီးတာ ဖြစ်ပါတယ်" လို့ ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

လာမယ့်ဆွေးနွေးပွဲတွေမှာ တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေး၊ တရားဝင်နိုင်ငံရေးဆွေး နွေးပွဲတွေ ပြန်ကျင်းပနိုင်ရေး၊ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဦးတည်ဆွေးနွေးကြဖို့ JICM ဆိုင်ရာ ညှိနှိုင်းရေး ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်မှူးကြီးစိုင်းငင်းက ဒီကနေ့ ညှိနှိုင်းအစည်းအဝေးမှာ တိုက်တွန်းပါတယ်။

ဒါကြောင့် JICM အစည်းအဝေး ပြန်ကျင်းပတဲ့အခါ အရင်လို လွဲချော်မှုတွေထပ်မဖြစ်ဖို့၊ မျှတတဲ့ အခင်း အကျင်းနဲ့ နှစ်ဖက်လက်ခံနိုင်တဲ့အဖြေရအောင် ကြိုးပမ်းဖို့လည်း သူက ပြောပါတယ်။

အစိုးရရဲ့ အစီအစဉ်

ဒီလုပ်ငန်းတွေ ဆောင်ရွက်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြို ညှိနှိုင်းအစည်းအဝေး ကို အစိုးရအဖွဲ့ဘက်က တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ပြောပါတယ်။

"အခုလောလောဆယ်မှာ NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ၂၈ ရက်မှာ ကျင်းပဖို့ ရှိတယ်။ ဒီမှာ EAO ခေါင်းဆောင်တွေလည်း စုံစုံညီညီ တက်ရောက်ဖို့ရှိတယ်။ အဲဒီကာလမှာ တစ်ဆက်တစ်စပ်တည်း ကျင်းပနိုင်ဖို့ ဆက်ပြီး ညှိနှိုင်းသွားဖို့ရှိတယ်" လို့ ပြောပါတယ်။

"ကျွန်တော်တို့သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပိုမို ခိုင်မာအောင် နှစ်ပိုင်းရှိတယ်။ Ceasefire ပိုင်းနဲ့ နိုင်ငံရေး ဆွေးနွေးမှု အပိုင်း၊ ဒီအပိုင်းတွေမှာ ဘယ်လိုမျိုး သဘောတူညီချက်တွေ ယူမလဲ၊ နောက် Ceasefire ဆိုလည်း ဘယ်လို ခိုင်မာအောင်လုပ်မလ၊ဲ ဒီပေါ်မှာ နှစ်ဦးနှစ်ဖက် ကတိကဝတ်၊ အဲဒါက နံပါတ် ၁၊ နံပါတ် ၂ က ဘယ်လို ပုံစံနဲ့သွားမလဲ ဆိုတဲ့ပုံစံပေါ့။ နံပါတ် ၃ ကတော့ ဒီပေါ်မှာ အဆင့်လိုက် အဆင့်လိုက် သုံးချက်နဲ့ နှစ်ဖက် မူအားဖြင့် လက်ခံထားတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၅ ရက်က နိုင်ငံတော် သမ္မတရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဦးဇော်ဌေးက အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ အစိုးရက ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ အကြောင်း ပြောခဲ့ပါတယ်။

တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ တအာင်း/ပလောင်တပ်ဖွဲ့ TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရခိုင်တပ်ဖွဲ့ AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ကချင်တပ်ဖွဲ့ KIA စုစုပေါင်း လေးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၅ ရက်နောက်ပိုင်းမှာ ကျင်းပနိုင်ဖွယ် ရှိတယ်လို့ ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို အောက်တိုဘာလထဲမှာ ကျင်းပဖို့ ညှိနှိုင်းထားခဲ့ပေမဲ့ မကျင်းပဖြစ်ဘဲ ရက်ရွှေ့ခဲ့တာ ဖြစ်ပါတယ်။