ရွှေနဒီအမြန်ရေယာဉ်ပေါ်က ဖမ်းဆီးသွားသူ ၄၀ ကျော်ရှိပြီး တပ်မတော်နဲ့ ရဲအရာရှိကြီးတွေ ပါဝင်နေလို့ အေအေ ဘက်က ပြော

စစ်တွေ ရေယာဉ် ဆိပ်ကမ်း မြင်ကွင်း ဓာတ်ပုံ မူပိုင် Myint Lwin
Image caption စစ်တွေ ရေယာဉ် ဆိပ်ကမ်း မြင်ကွင်း

ရခိုင်ပြည်နယ်အတွင်း စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ရွှေနဒီရှပ်ပြေးယာဉ် ၁ စီး ပေါ်ကနေ ဖမ်းဆီးထားတဲ့ လူဦးရေ ၄၀ ကျော်ရှိပြီး စစ်တပ်အရာရှိကြီးတွေ၊ ရဲအရာရှိကြီးတွေလည်း ပါဝင်နေကြောင်းနဲ့ လောလောဆယ်မှာ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားရှိပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် အေအေရဲ့ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

"ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ ရသေ့တောင်မြို့ရဲ့ မြောက်ဘက် မေယုမြစ်ထဲမှာ ရွှေနဒီအမြန်ရေယာဉ်ကို လုံခြုံရေးအရ ကျွန်တော်တို့ ရက္ခိုင့်တပ်တော် အေအေကနေပြီးတော့ ရပ်တန့်စစ်ဆေးခဲ့တာရှိတယ်၊ အဲ့ဒီမှာ အရပ်သားအယောင်ဆောင်ပြီးတော့ လိုက်ပါလာတဲ့ ဗမာလက်နက်ကိုင်တချို့ကို တွေ့ရှိတဲ့အတွက် လုံခြုံရေးအရ စစ်ဆေးဖို့အတွက် ထိန်းသိမ်းထားတာရှိတယ်"လို့ လို့ ခိုင်သုခက ပြောပါတယ်။

အရပ်သားတွေလည်း ပါဝင်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဘီဘီစီက မေးမြန်းခဲ့ရာမှာတော့ လောလောဆယ်မှာ အခြေအနေတွေ ရှုပ်ထွေးနေတဲ့အတွက် တခြားကိစ္စတွေကို ပြောလို့မရသေးဘူးလို့ ခိုင်သုခက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ အရပ်သားတွေလည်း ပါဝင်နေပြီး အရပ်သားတွေကတော့ အထောက်အထားမပြနိုင်တဲ့အတွက် ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သတင်းရရှိကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဘီဘီစီကို ပြောပါတယ်။

"ရွှေနဒီမှာပါလာတဲ့ လူတချို့ကိုတော့ သူတို့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်၊ လောလောဆယ်မှာ ဘူးသီးတောင်က တချို့ကိုလည်း ခေါ်သွားတာပေါ့၊ အထောက်အထားမပြနိုင်တဲ့အတွက် ခေါ်သွားတာလို့သတင်းတွေအရ သိရတယ်၊ ဘယ်ကိုခေါ်သွားတယ်၊ ဘယ်လိုပြန်လွတ်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး" လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

အဲဒီ အမြန်ရေယာဉ်ပေါ်မှာ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေစတဲ့မြို့နယ်တွေက ခရီးသည်တွေအပြင် ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေလည်း လိုက်ပါလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရေယာဉ်တားဆီးခံရတဲ့နေရာဟာ ရသေ့တောင်မြို့ရဲ့ အထက်ဘက် မေယုမြစ်ကြောင်းအတွင်းမှာရှိတဲ့ ပြိန်းတောကျေးရွာနဲ့ ရေမျက်ကျေးရွာအကြားမှာ အေအေတပ်ဖွဲ့ဝင်တွေက ရေယာဉ်ကိုရပ်တန့်ပြီး လူတချို့ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ရေယာဉ်ကို ရပ်တန့်ခိုင်းပြီး ရေယာဉ်ပေါ်မှာလိုက်ပါလာသူ ၄၀ ကျော်ကိုဖမ်းဆီးသွားခဲ့တဲ့အတွက် ကျောက်တန်း၊ လိုင်ဂွင်၊ ပြိန်းတော၊ ညောင်ပင်လှ၊ ရေမျက် စတဲ့ကျေးရွာတွေပေါ်ကနေ နေ့လယ်ပိုင်းမှာ တပ်မတော်က ရဟတ်ယာဉ်တွေအသုံးပြုပြီး ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း အောက်တိုဘာလ ၂၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရသူ အရေအတွက်က ၄၀ ဝန်းကျင်ရှိပြီး အဲဒီထဲမှာ ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ဝန်းကျင် လောက်ပါပြီး တပ်မတော်ဘက်ကလည်း ခွင့်ပြန်တဲ့သူတွေ၊ ယာယီတာဝန် သွားနေတဲ့သူတွေ ပါ၊ မပါတော့ စိစစ်နေဆဲ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲအပြီးမှာ မီဒီယာကို ပြောကြားခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းနဲ့ နယ်မြေ ပြန်လည် စိုးမိုးရေးနဲ့ ရှင်းလင်း ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီး အဲဒီမှာ ရဟတ်ယာဉ်တွေ အသုံးပြုနေတယ်ဆိုတာကိုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောဆိုခဲ့ပါတယ်။

အခု ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးဆောင်ရွက်နေတာမဟုတ်ဘဲ အရပ်သားအဖြစ်နဲ့ သွားတာဖြစ်ကြောင်းနဲ့ မောင်တောမြို့မှာရှိတဲ့ နယ်ခြေားစောင့်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သွားရောက်ကြတာဖြစ်သလို သူတို့ရဲ့မိသားစုတွေနဲ့အတူ သွားခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ပါတယ်။

အခုလိုမျိုး အရပ်သားတွေ လိုက်ပါစီးနင်းနေတဲ့ ခရီးသည်ယာဉ်လိုင်းကို ဟန့်တားပြီး ခရီးသည်တွေကို ဖမ်းဆီးသွားတဲ့အပေါ်မှာ တပ်မတော်အနေနဲ့ လက်မခံနိုင်ကြောင်း နဲ့ အခြေခံ လူ့အခွင့်အရေး ကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးတားသူတွေကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားရှိပြီး အခုလိုမျိုး တပ်မတော်ဘက်က စစ်ဆင်ရေးမှာ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေအပေါ် ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်တာက စစ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တဲ့ အပြင် သူတို့ ဖမ်းဆီးထားတဲ့ သူတွေလည်း ထိခိုက်မှုတွေ ဖြစ်ပွားသွားနိုင်တယ်လို့ အေအေ ဘက်က ပြောခွင့်ရ ခိုင်သုခက ပြန်လည် တုံ့ပြန်ပါတယ်။

အခုလိုမျိုး ဖမ်းဆီးခံလိုက်ရတဲ့ မိသားစုတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြပြီး သက်ဆိုင်မှုမရှိသူတွေကို ပြန်လည်လွှတ်ပေးဖို့မျှော်လင့်ကြောင်း မသက်ဆိုင်သူတွေဟာ ဓားစာခံမလုပ်ဘဲ အမြန်ဆုံးပြန်လည်လွှတ်ပေးသင့်တယ်လို့ ရခိုင် လွှတ်တော် အမတ် ဒေါ်ခင်စောဝေက တောင်းဆိုလိုက်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း