မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ တွေ့ဆုံဖို့ အချိန်နဲ့နေရာ ညှိနှိုင်းနေ

ဓာတ်ပုံ ရင်းမြစ်, Tachileik News Agency
ဒုတိယအကြိမ် ကျိုင်းတုံဆွေးနွေးပွဲမှာ ရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိ
ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဒုတိယအကြိမ် ကျိုင်းတုံဆွေးနွေးပွဲမှာ ရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိဘဲ အောက်တိုဘာအထိ ရွှေ့လာခဲ့တဲ့ ဒီဆွေးနွေးပွဲကို အခုအခါ နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်အတွင်း ပြန်လုပ်ဖို့ နှစ်ဖက်ညှိနှိုင်းနေပြီဖြစ်ပါတယ်။
မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရက ပဏာမ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းနေတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာဆွေးနွေးပွဲမှာတော့ ဒီသဘောတူညီချက်ကို ဆက်အကောင်အထည်ဖော်ဖို့ ဆွေးနွေးမယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အောက်တိုဘာ ၂၅ ရက်က သမ္မတရုံးသတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြားခဲ့ပါတယ်။
"လေးဖွဲ့လုံးနဲ့ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ ထိုးပြီး သွားရင် နောက်တစ်ဆင့်ကျရင် ဆွေးနွေးမယ်။ တစ်ဖွဲ့ချင်း၊ တစ်ဖွဲ့ချင်း သဘောတူညီချက် ယူသွားဖို့ှရှိ တယ်။ ပြီးရင်တော့ NCA သွားဖို့ရှိပါတယ်" လို့ သူက လုပ်ငန်းစဉ်ကို ရှင်းပြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AUNG HTET
တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA/KIO တို့ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့တာ ကိုးနှစ်ကျော်လာ
တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA/KIO တို့ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့တာ ကိုးနှစ်ကျော် လာပြီဖြစ်ပြီး စစ်ပွဲကြောင့် ဒေသခံတစ်သိန်းကျော် စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးနိုင်ဖို့ ပထမအဆင့်အနေနဲ့ ပဏာမသဘောတူညီချက် bilateral ကို ရေးထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာ ၂၅ ရက်မှာ ကျရောက်တဲ့ ၅၉ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ အခမ်း အနားမှာ ကချင်လူထုကို အသိပေးခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
"ပထမအဆင့်အနေနဲ့ Bi lateral လက်မှတ်ရေးထိုးနိုင်ဖို့ကြိုးစားနေတာဖြစ်တယ်။ ပြီးမှ NCA လမ်းကြောင်း ကိုဆက်သွားမှာဖြစ်တယ်။ အဲဒီလိုသွားတဲ့နေရာမှာ လိုအပ်တာဖြည့်စွက်စရာရှိတာတွေကို ဆက်လက် ဆွေးနွေးမယ်။ ဆွေးနွေးလို့ အားလုံးအဆင်ပြေရင်တော့ NCA ထိုးသွားမယ်ဆိုတဲ့သဘောပါ" လို့ ကချင် ဘာသာနဲ့ ထုတ်ပြန်ခဲ့တဲ့ KIO ရဲ့ ထုတ်ပြန်ချက်ကို သူက ပြန်ရှင်းပြပါတယ်။
ဒီလိုအပစ်ရပ်ရေးစာချုပ်တွေလက်မှတ်ထိုးမှ နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်နိုင်မှာဖြစ်ပြီး ကိုယ်လိုချင် တာတောင်းဆိုနိုင်မှာဖြစ်လို့ တချို့ ပြည်သူတွေအနေနဲ့ စိတ်ဝမ်းမကွဲဖို့နဲ့ အပစ်ရပ်စာချုပ်ထိုးဖို့ကိုလည်း အပြန်ပြန်အလှန်လှန်သုံးသပ်ဆွေးနွေးပြီးမှလုပ်မယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ရှင်းပြခဲ့တယ်လို့ သူက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဒီလိုအပစ်ရပ်စာချုပ်လက်မှတ်ထိုးမထိုး ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားချက်နဲ့ပတ်သက်ပြီး KIA ဘက် ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရရှိသေးပါဘူး။
ကချင်ပြည်နယ်မှာ တပ်မတော်က အပစ်ရပ်ထားတဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကနေ လက်ရှိအချိန်အထိ ထိ တွေ့တိုက်ပွဲတွေမရှိသလောက်ဖြစ်ခဲ့ပြီး တချို့ စစ်ရှောင်တွေဆိုရင် နေရပ်ပြန်တာတွေရှိလာနေပါတယ်။ ဒေသလုံခြုံရေးအခြေအနေကို အာမမခံနိုင်သေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်ကြတာတွေရှိနေပေမယ့် အဲဒီနေရာတွေမှာ နှစ်ဖက်တပ်တွေ မရှိတော့တဲ့အတွက် အထိုက်အလျောက်လုံခြုံစိတ်ချရမှုရှိ တယ်လို့ လည်း နေရပ်ပြန်သူတွေက ပြောပါတယ်။
ကချင်အဖွဲ့ KIA ၊ ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ AA စတဲ့မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရဟာ သြဂုတ်လကုန်ပိုင်းက ကျိုင်းတုံမှာ ပထမအကြိမ်တွေ့ဆုံထားပါတယ်။ စက်တင်ဘာမှာ ဒုတိယ အကြိမ် တွေ့ဆုံနေချိန်မှာပဲ AA နဲ့ TNLA အဖွဲ့တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဆွေးနွေးပွဲဟာ မ အောင်မြင်ဘူးလို့ AA ဘက်က ပြောတာတွေရှိခဲ့ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၆ ရက်က ကျင်းပတဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက AA ဟာ အကြမ်းဖက်လုပ်ရပ် တွေလုပ်နေတဲ့အတွက် အကြမ်းဖက်သမားတွေလို့ ပြောကြားသွားပါတယ်။
လက်ရှိမှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ဆယ်ဖွဲ့ထိပ်သီးခေါင်းဆောင်တွေပါဝင်တက်ရောက်ရတဲ့ အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး JICM ကို အမြန်ဆုံးကျင်းပဖို့ အလွတ်သဘော တွေ့ဆုံမှုတွေကနေတစ်ဆင့် ညှိနှိုင်းခဲ့တာ အခုဆို အကြိုအစည်းအဝေးလုပ်ထားနိုင်ခဲ့ပြီး သဘောထားစု စည်းချက် ကိုးချက်ရရှိထားပြီးဖြစ်ပါတယ်။