ဒုတိယအကြီးဆုံးဖြစ်လာမယ့် ပလက်ဝမှာဆောက်မယ့် ရေကာတာစီမံကိန်းကို ကန့်ကွက်၊မော်တော်ယာဉ်တွေကို အမည်ပေါက်မှန်ကန်မှ သက်တမ်းတိုးပေးတော့မယ် အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြည်သူနဲ့မတွေ့ရဘူးလို့ ဥပေဒမှာ ကန့်သတ်မထားလို့ တပ်ဘက်ကဆို

တပ်ကိုယ်စားလှယ်တွေ ပြည်သူနဲ့မတွေ့ရဘူးလို့ ဥပဒေမှာ ကန့်သတ်မထားလို့ တပ်ဘက်ကဆို

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အချို့ဒေသခံပြည်သူတွေနဲ့တွေ့ဆုံရတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက အောက်တိုဘာ ၂၆ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ် ။

အောက်တိုဘာလဆန်းပိုင်းက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အချို့ဟာ နေပြည်တော်မှာရှိတဲ့ မြို့နယ်အချို့ကကျေးရွာတွေကိုဆင်းပြီး ဒေသခံနဲ့တွေ့ဆုံခဲ့ပါတယ်။

လက်ရှိပြဋ္ဌာန်းထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေလိုက်နာရမဲ့ ဥပဒေမှာလည်း ကန့်သတ်ထားတာမရှိဘူးလို့တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီရဲ့ အတွင်း ရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။

တပ်မတော်သားတွေအနေနဲ့နိုင်ငံတော်ကာကွယ်ရေးလေ့ကျင့်ရေးနဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးတာဝန်ကြီး ၃ရက်ရှိတဲ့အတွက် လိုအပ်တဲ့အချိန်မှာ ပြည်သူလူထုရဲ့လူမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီကတာဝန်ရှိသူတွေကပြောပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့လွှတ်တော်ကိုယ်စားလှယ်စဖြစ်တဲ့အချိန်ကစလို့ဒေသခံ ပြည်သူတွေနဲ့တွေ့ဆုံတာတွေလုပ်ခဲ့ပေမဲ့ တပ်မတော်သားကိုယ်စားလှယ်အချို့ကတော့ ဒီလဆန်း ပိုင်းက မှနေပြည်တော်က မြို့နယ်အချို့ကဒေသခံတွေနဲ့တွေ့ဆုံတာဖြစ်ပါတယ်။

လက်ရှိမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကျင့်ဝတ်နဲ့ပတ်သက်လို့သီးခြားပြဋ္ဌာန်းထားတာမရှိပေမဲ့ လည်း မကြာခင်လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာစောင့်ထိန်းရမယ့်ကျင့်ဝတ်ကိုပြဋ္ဌာန်းဖို့လွှတ်တော်က စီစဉ်ဆောင်ရွက်နေပြီလို့တော့လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောပါတယ်။

မော်တော်ယာဉ်တွေကို အမည်ပေါက်မှန်ကန်မှ သက်တမ်းတိုးပေးတော့မယ်

လာမယ့် ၂၀၂၀ ဇန်နဝါရီလကစပြီး ယာဉ်မှတ်ပုံတင်လုပ်ငန်းတွေကိုဆောင်ရွက်ရမှာ အမည်ပေါက်မှန်ကန်မှ သာ သက်တမ်းတိုးပေးတော့မှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန် လိုက်ပါတယ်။

ဒီစနစ်ကြောင့် လာမယ့် ဇန်နဝါရီ ၁ရက်ကစပြီးမော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းတွေဖြစ်တဲ့ ကနဦးမှတ်ပုံ တင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း။ နယ်ဝင်/နယ်ထွက် ခြင်း၊ခရီးလွန် စစ်ဆေး ခြင်း၊ မှတ်ပုံတင်အထောက်အထားပျောက်ဆုံးခြင်းအပါအဝင် လုပ်ငန်းအားလုံးကိုလုပ်ဆောင်ရာမှာ အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင်ဖြစ်ရမှာဖြစ်ပြီး အမည်ပေါက်ပိုင်ရှင်ဟုတ်မဟုတ်ကိုလည်း နိုင်ငံသားစိစစ်ရေးလက်မှတ်မူရင်း ၊အိမ်ထောင်စုလူဦးရေစာရင်းတို့နဲ့ တိုက်ဆိုင်ပြီးစိစစ်ဆောင်ရွက် သွားမှာဖြစ်တယ်လို့သိရ ပါတယ်။

ပိုင်ရှင်ကိုယ်တိုင်မဟုတ်ပါက သက်တမ်းတိုးလုပ်ငန်းတွေကို လုပ်ဆောင်ပေးမှာမဟုတ်ဘဲ လက်ဝယ်ရှိ သူရဲ့အမည် နဲ့ ပြည်တွင်းအခွန်ဦးစီးဌာနမှာ အခွန်ပေးဆောင်ပြီးပြောင်း လဲဆောင်ရွက် ရမှာဖြစ်ပါတယ်။

' ' အရင်ကအခွန်က ၁၅ရာခိုင်နှုန်းကနေ ၃၀ရာခိုင်းနှုန်းထိဆောင်ရတာ။ အမည်ပေါက်မဟုတ်လည်း အရောင်းအဝယ် စာချုပ်ကိုင်ထားရင်ရတယ်။ အခုက ၃ ရာခိုင်နှုန်းလို့ပြောတော့ အမည်ပေါက်ကို ပြောင်းဖို့ လုပ်တော့မယ်။''လို့ ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်နေ မလေးလေးနွယ်ကပြောပါတယ်။

ယာဉ်တိုက်မှု၊ ရာဇဝတ်မှုတွေအပါအဝင် ကားပေါ်ပစ္စည်းမေ့ကျန်ရာမှာလည်း ယာဉ်နံပတ်မှတ်မိသေးလည်း ပိုင်ရှင်အဆင့်ဆင့်လွှဲပြောင်းထားတဲ့အတွက် ပြန်မရတာတွေ စတဲ့ကိစ္စရပ်တွေအတွက် ယာဉ်နဲ့ အမည်ပေါက်ပိုင်ရှင်အမှန်ဖြစ်ပါက ဒီလိုကိစ္စရပ်တွေမှာပြေလည်လာမှဖြစ်ပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်လိုင်စင်ကို ပိတ်ထားတဲ့အတွက်ရန်ကုန်တိုင်းအတွင်းက နယ်လိုင်စင်ယာဉ်တွေကို ဝယ်ယူထားသူတွေအတွက် အမည်ပေါက် ပြုလုပ်ရာမှာ ဘယ်လိုင်စင်နဲ့ ပေးမှာလည်း ဆိုတာလည်း စဉ်းစားစရာဖြစ်တယ်လို့ မော်တော်ယာဉ်ရောင်းဝယ်ရေးအသိုင်းအဝိုင်းကနေ ထောက်ပြပြောဆိုတာတွေလည်းရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် paletwanews
Image caption ပလက်ဝမြို့နယ်လေးမြို့မြစ်ပေါ်မှာ မဂ္ဂါဝပ် ၆၀၀ ထွက်မယ့် ရေအားလျှပ်စစ်စီမံကိန်းကိုတည်ဆောက်ဖို့လုပ်နေ

မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးဖြစ်လာမယ့် ပလက်ဝမှာဆောက်မယ့် ရေကာတာစီမံကိန်းကို ကန့်ကွက်

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် လေးမြို့မြစ်ပေါ်မှာ မဂ္ဂါဝပ် ၆၀၀ ထွက်မယ့် ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ဖို့အတွက် ပြင်သစ်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ ရှေ့ပြေး ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုတွေ ဆောင်ရွက်ဖို့ ရှိနေပါတယ်။

စီမံကိန်းကို စတင်တာမျိုးမရှိသေးပေမယ့် ဒီရေအားလျှပ်စစ်စီမံကိန်းဟာ ပွင့်လင်းမြင်သာ မှု မရှိတဲ့ အပြင် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ထိခိုက်နိုင်တာကြောင့် ဆိုပြီးကန့်ကွက်ဖို့လုပ်နေတယ်လို့ Chin River witch အဖွဲ့က ဆလိုင်းဆိုင်မွန်က ပြောပါတယ်။

လေးမြို့မြစ်ဟာ မတူပီ ဘုံတလာ ရေတံခွန်နေရာမှာ မြစ်ဖျားခံပြီး ပလက်ဝကနေ ရခိုင်ကို စီးဆင်းနေတဲ့အတွက် အခု လုပ်မယ့် စီမံကိန်းဟာ ချင်းပြည်နယ်မှာ အကြီးဆုံး ရေအားလျှပ်စစ် ထုတ်မယ့်စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဒုတိယအကြီးဆုံး လျှပ်စစ် စီမံကိန်းဖြစ်ပါတယ။်

ဒီစီမံကိန်းကို လွန်ခဲ့တဲ့ သုံးနှစ်က ကြိုတင်လေ့လာကွင်းဆင်းတာတွေကို ပြင်သစ်ကုမ္ပဏီက လုပ်ခဲ့ပေမယ့် MOU သက်တမ်းကုန်တဲ့အတွက် အခုမှ ထပ်ပြီး ပြန်လည်ကွင်းဆင်းလေ့လာနေတာဖြစ်ပြီး ဆာဗေးဆင်းတာတင် ၃ နှစ်လောက်ကြာမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

စီမံကိန်းအတွက် နေရာနှစ်နေရာ လျာထားသတ်မှတ်ထားပြီး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် သံတောင်ကျေးရွာနားမှာ လုပ်မယ့် စီမံကိန်း(၁)နဲ့ ရခိုင်ပြည်နယ်နားက လျှပ်စစ်စီမံကိန်း ၂ တို့ လျာထားတယ်လို့ ချင်းပြည်နယ် အစိုးရရဲ့ စည်ပင်လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဒီလေးမြို့မြစ်လျှပ်စစ် စီမံကိန်းကနေ ချင်းပြည်နယ်သာမက ပြည်မကိုပါ လျှပ်စစ်ပေးလို့ရမှာဖြစ်ပြီး ပိုလျှံပါက နိုင်ငံခြားကို ပါရောင်းလို့ရနိုင်တယ်လို့ ဦးစိုးထက်က ပြောပါတယ်။

အခုလတ်တလော အခြေအနေမှာ နယ်မြေမအေးချမ်းတာကြောင့် ပြင်သစ်ကုမဏီက ဆာဗေးမဆင်းနိုင်သေးတဲ့အပြင် တကယ်လို့ ဒီစီမံကိန်းကို လုပ်ဆောင်မယ် ဆိုပါက ယူအက်ဒေါ်လာ သုံးဘီလျံကနေ လေးဘီလျံကြား ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ ဦးစိုးထက်က ပြောပါတယ်။