မိုးကုတ်မှာ ကျောက်မျက်လုပ်ကွက်ချထားမှုအပေါ်မကျေနပ်လို့ လူ ငါးရာနီးပါးဆန္ဒပြ

ကျပ်ပြင်ကျေးရွာပေါင်း(၂၀)က လူပေါင်း ငါးရာနီးပါး ဆန္ဒပြ ဓာတ်ပုံ မူပိုင် Taryar
Image caption ကျပ်ပြင်ကျေးရွာပေါင်း(၂၀)က လူပေါင်း ငါးရာနီးပါး ဆန္ဒပြ

မန္တလေးတိုင်း မိုးကုတ်မြို့က လက်လုပ်လက်စားတွေအတွက် ကျောက်မျက်လုပ်ကွက်တွေချပေးဖို့လျာထားတဲ့ သတ်မှတ်နေရာဟာ တရားမျှတမူမရှိဘူးဆိုကာ ဒီကနေ့ အောက်တိုဘာ ၂၇ရက်နေ့မှာ မိုးကုတ် မြို့၊ကျပ်ပြင်အားကစားကွင်းက‌နေ မြို့တစ်ပတ် စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ကြပါတယ်။

လက်လုပ်လက်စားတွေအတွက် ကျောက်မျက်တူးဖော်ဖို့ လျာထားသတ်မှတ်နေရာဟာ ကျောက်မျက်ထွက် ရှိမူ မရှိသလောက်နည်းပါးတာ၊ သွားလာမှုခက်ခဲတာ၊ မြေလွတ်မြေလပ် နည်းပါးတာတွေကြောင့် အခြေခံ လူထုအတွက် တရားမျှတမှုရှိတဲ့ သယံဇာတစီမံခန့်ခွဲမှု ဖြစ်ပေါ်ရေးအတွက်ဆိုကာ ဆန္ဒဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။

'' မိုးကုတ်တစ်မြို့လုံးက ရတနာနယ်မြေလို့သတ်မှတ်ထားပါတယ်။ ရတနာအများကြီးထွက်တဲ့နေရာ လည်းရှိတယ်။အထွက်ကျဲတဲ့နေရာလည်းရှိတယ်။ အထွက်ကျဲတဲ့နေရာကိုလက်လုပ်လက်စား ကိုပေးတဲ့ အတွက်ကြောင့် အဓိက လုပ်တာက လက်လုပ်လက်စား တွေဆိုတော့ သူတို့ မကျေနပ်လို့ ဆန္ဒပြကြ တာပါ။'' မိုးကုတ်မြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်ကဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Taryar
Image caption မိုးကုတ်မြို့မှာ တစ်ပိုင်တစ်နိုင်ကျောက်မျက်တူးဖော်သူကအများစုဖြစ်

မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်ကျေးရွာပေါင်း(၂၀)က လူပေါင်း ငါးရာလောက်ဟာ လက်ရှိ လက်လုပ် လက်စားတွေအတွက် အရင် သတ်မှတ်လုပ်ကွက် ဧရိယာအတွင်း လုပ်ကွက်တွေချထားပေးဖို့နဲ့ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် မဖြစ်စေချင်ဘူးလို့ ဆန္ဒထုတ်ဖော်သူ တွေက ပြောပါတယ်။

၂၀၁၈ ခုနှစ်က စတင်ပြီး အသေးစားနှင့် လက်လုပ်လက်စားကဏ္ဍ သတ္တု တူးဖော် ထုတ်လုပ်တဲ့ ခွင့်ပြုမိန့်ကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ထုတ်ပေးခွင့်ရှိလာတာဖြစ်ပါတယ်။

ဒီလို ပြည်နယ်နဲ့ တိုင်းအစိုးရတွေကတဆင့် ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး သယံဇာတကဏ္ဍ စီမံအုပ်ချုပ်မူကို တိုးတက်စေနိုင်ပြီး နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှု အတွက် အထောက်ကူဖြစ်စေနိုင်ဖို့ ဖြစ်ပါတယ်။

လက်တွေ့မှာ အသေးစားလက်လုပ်လက်စား ဓာတ်သတ္တုထုတ်လုပ်မှု ခွင့်ပြုမိန့်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်မှာ အဂတိလိုက်စားတာ၊ မှားယွင်းစီမံတာ၊ ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေကို အလေးမထားတာတွေ ဖြစ်ပေါ် နေတာကို တွေ့ရှိရတယ်လို့ သဘာဝသယံဇာတ အရင်းမြစ်စီမံခန့်ခွဲမူ အကြံပေးအဖွဲ့ NRGI(Natural Resource Governance Institute)အဖွဲ့စည်းရဲ့ 2019သုတေသနအစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မိုးကုတ်မြို့မှာ တစ်ပိုင်တစ်နိုင်ကျောက်မျက်တူးဖော်သူကအများစုဖြစ်ပြီး ဦးရေအားဖြင့်ခုနှစ်သောင်းကျော် ရှစ်သောင်းနီးပါးရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်ကပြောပါတယ်။