တပ်မတော် ပစ်ခတ်မှုကြောင့် ရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးခဲ့သူ ထက်ဝက်လောက် သေဆုံးနိုင်တယ်လို့ AA ပြော

စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ရွှေနဒီရှပ်ပြေးယာဉ်တစ်စီး ဓာတ်ပုံ မူပိုင် San Myat Shwe
Image caption စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ရွှေနဒီရှပ်ပြေးယာဉ်တစ်စီး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့တဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက ထက်ဝက်လောက်ဟာ ရဟတ်ယာဉ်သုံး ပစ်ခတ်မှုတွေကြောင့် သေဆုံးနိုင်ဖွယ် ရှိတယ်လို့ ရက္ခိုင့်တပ်မတော် AA ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

"လောလောဆယ် ခန့်မှန်းရသလောက်ဆိုရင်တော့ တဝက်လောက် သေသွားနိုင်တဲ့ အနေအထားရှိတယ်၊ အရေအတွက် အတိအကျကတော့ စိစစ်နေတုန်းပါ" လို့ ခိုင်သုခက ပြောပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက ရခိုင်ပြည်နယ် စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်ဟာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းချောင်းဝနဲ့ ပြိန်းတောင်ကျေးရွာကြား ရေမျက်ကျေးရွာဖောင်ဆိပ်မှာ ရွှေနဒီအမြန်ရေယာဉ်ပေါ်လိုက်ပါလာတဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

AA အဖွဲ့ဟာ တပ်မတော်တပ်ဖွဲ့ဝင် ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီး ဝန်ထမ်း ၂ နဲ့ အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

AA ကတော့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အရပ်သားတွေနဲ့ ရွှေနဒီရေယာဉ်ကို ပြန်လွှတ်ပေးလိုက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်လက်ဖမ်းဆီးထားတယ် လို့ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

အောက်တိုဘာလ ၂၇ ရက်နေ့ AA ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးထားသူတွေကို စစ်ဆေးမှုပြုဖို့ လှေတွေနဲ့ ပြောင်းရွှေ့နေစဉ် တပ်မတော်က စစ်ရဟတ်ယာဉ် ၃ စီးနဲ့ ကျောက်တန်းနယ်မြေတဝိုက်ကို ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးထားသူတွေထဲက တချို့ဟာ လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

"ဘယ်နှစ်ယောက် သေသွားလဲ၊ ထိခိုက်ဒဏ်ရာရသလဲ၊ ဘယ်လောက်က ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့ ဘေးကင်းလုံခြုံစွာရှိသလဲ ဆိုတာ ဆက်ပြီးတော့ စိစစ်နေတုန်းပါ" လို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ "ဖမ်းဆီးခံရသူတွေကို ပြန်လည်ကယ်ဆယ်နိုင်ဖို့ ရတဲ့နည်းလမ်းနဲ့ လုပ်ဆောင်မှာ ဖြစ်တယ်" လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"အခု ကယ်ဆယ်နေတယ်၊ တချို့ကို ကယ်ထားနိုင်ပြီ၊ ကျန်တဲ့သူကိုလည်း ပြန်ရအောင် လုပ်နေတယ်" လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဒီရဲတပ်ဖွဲ့ဝင်တွေဟာ မောင်တောမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ သွားကြတာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

တပ်မတော်ဘက်ကတော့ အမြန်ရေယာဉ်ဟာ စစ်ဆင်ရေးအတွက် သုံးတာ၊ လုံခြုံရေးဆောင်ရွက်တာ မဟုတ်ဘဲ သာမာန်ပြည်သူတစ်ယောက် အနေနဲ့ လိုက်ပါစီးနင်းတာ ဖြစ်လို့ ခုလို ဖမ်းဆီးတာက လက်ခံနိုင်စရာ မရှိဘူးလို့ အောက်တိုဘာလ ၂၆ ရက်နေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption နေပြည်တော်က တပ်မတော်သတင်းစာရှင်းလင်းပွဲတစ်ခု

အခုလို အများပြည်သူ အသုံးပြုသွားလာနေတဲ့ ရေယာဉ်ကို တားဆီးပြီး လူတွေကို ဖမ်ဆီးခဲ့တဲ့ လုပ်ရပ်ဟာ ဒေသခံတွေရဲ့ စိုးရိမ်မှုကို ထည့်မတွက်ခဲ့တာလားဆိုတဲ့ မေးခွန်းကိုတော့ ခိုင်သုခက "အရပ်သားတွေကို အန္တရာယ်ပေးဖို့ လုပ်တာ မဟုတ်ဘူး၊ ဒါကိုလည်း တပ်မှူးတွေက ကောင်းကောင်းမွန်မွန်ရှင်းပြခဲ့ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း ရေယာဉ်ပေါ်က လူတွေကို AA ဘက်က ဖမ်းဆီးခဲ့တာကြောင့် တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့ပြီး အဲ့ဒီဒေသအနီးတဝိုက်ရွာသားတွေဟာ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်တော်တို့ ရွာတွေ အပေါ်ကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်တယ်၊ ရွာသားတွေ မရှိတော့ဘူး၊ ကမန်တော်ရွာမှာ ကျန်တဲ့သူတချို့ ပျောက်နေတယ်၊ ရွာသား ၄ ယောက် ရှာမတွေ့တော့ဘူး၊ အဆက်အသွယ်လည်း မရတော့ဘူး လို့ ကျောက်တန်းရွာသားတစ်ဦးက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ AA ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ AA အဖွဲ့ဝင်တွေ ဖြစ်မယ်ဆိုပြီးတော့ တုံ့ပြန်ပြောထားပါတယ်။