နှစ်ဖက်စစ်ရေးအားပြိုင်မှုတွေကြောင့် ရခိုင်ပြည်နယ် အထိနာလာမှာစိုးရိမ်

ရခိုင်မှာ နေ့တိုင်း၊ အချိန်တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေပြီး ပြည်သူမနစ်နာတဲ့အနေအထားကို မရှိဘူးလို့ဆို ဓာတ်ပုံ မူပိုင် RICHARD SARGENT
Image caption ရခိုင်မှာ နေ့တိုင်း၊ အချိန်တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေပြီး ပြည်သူမနစ်နာတဲ့အနေအထားကို မရှိဘူးလို့ဆို

လက်ရှိအနေအထားဟာ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်လာနိုင်တဲ့အခြေအနေကို ဦးတည်လာတယ်လို့ ရခိုင်ပြည်နယ်က ဒေသခံတွေနဲ့ လွှတ်တော်အမတ်တွေက ပြောလာကြပါပြီ။

အခုအခါ တပ်မတော်နဲ့ အေအေတို့အကြား စစ်ရေးအားပြိုင်မှုတွေ ပိုပြင်းထန်လာပြီး ကြားထဲမှာပြည်သူတွေက မြေဇာပင် ဖြစ်နေသလို အဝတ်တထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးနေကြရတာတွေရှိနေတယ်လို့ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းနေပြီလား

"ရခိုင်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်တွင်းက ကျောက်တန်းတိုက်နယ်မှာ တိုက်ပွဲတွေ တော်တော်များများဖြစ်နေတာတွေ့တယ်။ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ အခုလိုမျိုး မကြာခဏဖြစ်နေတာကြောင့် အုပ်ချုပ်ရေးယန္တရားကတော့ တချို့နေရာတွေမှာ တော်တော်ပျက်ယွင်းနေတယ်လို့ပြောလို့ရတယ်" လို့ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ တပ်မတော်နဲ့ရက္ခိုင့်တပ်မတော် အေအေတို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း အေအေ စစ်ဦးစီးချုပ်ရဲ့ ညီမနဲ့ ယောက်ဖဖြစ်သူမိသားစုကို အစိုးရက ဖမ်းဆီးလိုက်တဲ့ နောက်ပိုင်းမှာ ဒေသတွင်းအခြေအနေတွေ ပိုမိုရှုပ်ထွေးလာတာဖြစ်ပါတယ်။

စစ်တွေကနေ အောက်တိုဘာ ၂၆ ရက်က ထွက်ခွာလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ပေါ်ပါသူတွေကို အေအေက ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။အရပ်သား တွေကိုပြန်လွှတ်ခဲ့ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေကို အေအေက ခေါ်သွားချိန်မှာပဲ တပ်မတော်ပစ်ခတ်မှုကြောင့် ဒီလူတွေအပါအဝင် သူတို့ရဲဘော်တချို့ သေဆုံးကုန်တယ်လို့ အေအေဘက် ထုတ်ပြန်ထားပါတယ်။

တပ်မတော်ကတော့ အေအေဖမ်းဆီးသွားသူတွေထဲက ၁၄ ဦးကို ပြန်လည်ကယ်တင်နိုင်တယ်လို့ ထုတ်ပြန်ထားပြီး အေအေက သတ်ဖြတ်ခဲ့လို့ သေဆုံးသူတွေရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption ကျေးရွာတွေအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား အရေအတွက် တစ်ရာကျော်ရှိလာ

ဒါ့အပြင် ကျော်တော်မြို့နယ် အပေါက်ဝရဲစခန်းက ဒုရဲအုပ်တစ်ဦး အောက်တိုဘာ ၂၇ ရက်ညပိုင်းက လိုင်းကားနဲ့ စစ်တွေအသွား လမ်းမှာ ကားပေါ်က ဆွဲချသတ်ခံလိုက်ရပါတယ်။ ဘယ်အဖွဲ့လက်ချက်ဖြစ်တယ်လို့ မသိပေမဲ့ ရေလမ်းနဲ့ ကုန်းလမ်းကပါ ခုလိုလုံခြုံရေးအခြေ အနေစိတ်မချရတဲ့အနေအထားဖြစ်လာတဲ့အပေါ် ပြည်နယ်တွင်း အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်လာမလားလို့ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

" ရေလမ်းဆိုလည်း ခုလိုဖြစ်တော့ လူတိုင်းကကြောက်ရွံ့မှု တွေရှိနေကြတယ်။ သွားရဲလာရဲတဲ့သတ္တိလည်း မရှိလောက်တော့ဘူး။ ရေလမ်းကတင် အဆင်မပြေတာမဟုတ်ဘူး။ နောက်ပြီး တိုက်ပွဲဖြစ်တဲ့နေရာမှာ လယ်တွေ မစိုက်နိုင်ဘူး။ တိုက်ပွဲမဖြစ်တဲ့နေရာမှာ စိုက်ထားတဲ့လယ်ဆိုရင်လည်း လယ်သမားတွေမှာ ရိတ်သိမ်းနိုင်တဲ့အခြေအနေမရှိဘူး။ တိုက်ပွဲတွေကြားထဲက ပြည်သူတွေကတော့ စီးပွားရေးအရ ပိုပြီး ထိခိုက်နစ်နာမှုတွေရှိလာ နိုင်တယ်လို့ ပြောလို့ရပါတယ်" လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ရခိုင်မှာ နေ့တိုင်း၊ အချိန်တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေပြီး ပြည်သူမနစ်နာတဲ့အနေအထားကို မရှိဘူးလို့ ရခိုင်ဒေသခံတစ်ဦးဖြစ်တဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေနေ့တိုင်းဖြစ်နေပြီး လူတွေလည်းထွက်ပြေးနေရတဲ့အတွက် မအေးချမ်းတဲ့အပြင် အစိုးရအုပ်ချုပ်ရေးယန္တရားလည်း အဲဒီနေရာမှာ လက်လှမ်းမမီသလောက်နီးနီးဖြစ်လာနေတယ်လို့ ရခိုင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"အခု ရဲတပ်ဖွဲ့ဝင်တွေ အသတ်ခံနေရတယ်။ ကားလမ်းတွေမှာ မိုင်းခဏခဏ ပေါက်ကွဲပြီး လူတွေ သေကြေဒဏ်ရာရနေကြတယ်။ ရှပ်ပြေးရေယာဉ်ပြန် ပေးဆွဲခံနေရတယ်။ ဒါတွေက ရခိုင်ပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိတာ။ အုပ်ချုပ်ရေး ယန္တရားပျက်ပြားနေတာကို ဖော်ပြတာပဲ။ မနက်မိုးလင်းရင် လူသေတဲ့သတင်းနဲ့ မျက်နှာသစ်နေရတယ်။ ဒီလိုဖြစ်နေတာတွေဘာကြောင့်လဲ ဘယ်သူတွေမှာ တာဝန်ရှိလဲ။ အခုဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ မရှိဘူးလား။ အဓိက အပြစ်မဲ့ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ တည်ငြိမ်အေးချမ်းအောင် လုပ်ပေးပါ" လို့ သူက တောင်းဆိုပါတယ်။

ကားလိုင်းတွေ၊ သင်္ဘောလိုင်းတွေ၊ ရှပ်ပြေးတွေပုံမှန်တော့ထွက်နေပေမယ့် ကားလမ်းလည်း မလုံခြုံ၊ ရေလမ်းလည်းမလုံခြုံတာကြောင့် မတတ်သာလွန်းမှသာ အသက်ဖက်နဲ့ထုပ်သွားရတဲ့အနေအထားဖြစ်တယ်လို့ သူက ဆိုပါတယ်။

Image caption အားပြိုင်မှုတွေ ပိုပြင်းထန်လာပြီး ကြားထဲမှာပြည်သူတွေက မြေဇာပင် ဖြစ်လာနေလို့ဆို

အရပ်သားတွေဟာ နှစ်ဖက်ပဋိပက္ခကြားမှာ သေမယ်၊ ဒဏ်ရာရမယ်၊ ဖမ်းဆီးနှိပ်စက်ခံရမယ်၊ အချုပ်အနှောင်ခံရမယ်၊ တရားစွဲဆိုခံရမယ်၊ ထောင်ကျခံရမယ် ဆိုတာတွေ ကြုံနေကြရတယ်လို့ သူက ဆိုပါတယ်။

"ကျွန်မတို့ရခိုင်ပြည်နယ်ကတော့ ဆင်းရဲနိမ့်ကျမှုမှာ အောက်ဆုံးအဆင့်ကိုရောက်နေတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ဒီမတိုင်ခင်လည်း ဘင်္ဂါလီ အရေးအခင်းတွေနဲ့လည်းတော်တော်လေးကို ထိခိုက်နစ်နာမှုတွေရှိတယ်။ အခုဆို ဒေသကို စွန့်ခွာတဲ့လူတွေအမြောက်အမြားရှိတယ်။ ဒေသတွင်းမှာ လူမကျန်တော့သလောက်ပဲ။ အသုဘချလို့မရတဲ့အနေအထားတွေအထိ ကျွန်မတို့ခါးစည်းခံကြရတယ်။ အခုတစ်ခါ ကိုယ့်ရပ်ရွာအိုးအိမ်တွေပစ်ပြီး စစ်ဘေးရှောင်စခန်းတွေသွားနေကြရတာ ရှစ်သောင်းတစ်သိန်းနီးနီးရှိနေတယ်" လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

အုပ်ချုပ်ရေးယန္တရားနဲ့ပတ်သက်လို့ စီစဉ်ထားမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စည်ပင်ဝန်ကြီးကို အောက်တိုဘာ ၂၈ ရက်က ဆက်သွယ် မေးမြန်းပေမယ့် မရရှိခဲ့ပါဘူး။

အပစ်ရပ်ဖို့ ငြိမ်းချမ်းဖို့ မျှော်လင့်ဆုတောင်းရုံပဲတတ်နိုင်ပြီး ပြည်သူတွေပါဝင်ဆောင်ရွက်လို့မရတဲ့အတွက် ဒုက္ခကို ခါးစည်းခံနေရတယ်လို့လည်း ဒေါ်အေးနုစိန်က ရခိုင်ပြည်သူတွေအခြေအနေကို ပြောပါတယ်။

ဒါတွေကြောင့် နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးပြီး အကောင်းဆုံးအဖြေရှာဖို့ ဒေါ်ခင်စောဝေက တိုက်တွန်းပါတယ်။

စစ်ဆင်ရေးတွေဆက်လုပ်မယ်

အုပ်ချုပ်ရေးယန္တရားပျက်ယွင်းနေတယ်လို့ ပြောကြားချက်တွေအပေါ် မှတ်ချက်ပြုဖို့မရှိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SAN MYAT SHWE
Image caption စစ်တွေ-ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ရွှေနဒီရှပ်ပြေးယာဉ်တစ်စီး

ဒါပေမဲ့ ရခိုင်ဒေသတွင်း အုပ်ချုပ်ရေးယန္တရားကောင်းမွန်ဖို့၊ နယ်မြေလုံခြုံအေးချမ်းဖို့အတွက် စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့ သူက ဆိုပါတယ်။

ခုလို အများပြည်သူသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကနေ အလစ်အငိုက်ယူတိုက်ခိုက်ခံရတာဟာ လုံခြုံရေးအားနည်းတာလို့ပြောလို့မရဘဲ စစ်ရေးပျော့ကွက်တွေရှာပြီး လုပ်တာသာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုပါတယ်။

"ရခိုင်လူထုတွေ သေချာစဉ်းစားပါ။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာလုပ်သင့်သလဲသေချာစဉ်းစားပါ။ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်နေတဲ့ ကျွန်တော်တို့တရားဝင်အဖွဲ့နဲ့ ပူးပေါင်းပါ။ တရားမဝင်အဖွဲ့ အစည်းနဲ့ မပူးပေါင်းပါနဲ့။ အဲဒီတရားမဝင်တဲ့အဖွဲ့အစည်းကို နောက်ကနေအားပေးအားမြှောက်လုပ်နေမယ်၊ ပူးပေါင်း ပါဝင်ဆောင်ရွက်နေမယ်ဆိုရင် ဒီရခိုင်ပြည်နယ်ကြီးသည် ဒီတိုက်ပွဲနွံထဲကနေ ဘယ်တော့မှရုန်းထွက်နိုင်မှာမဟုတ်ဘူး။ ရုန်းမထွက်နိုင်ရင် ဒေသဖွံ့ဖြိုးရေးလည်း နောက်ကျမယ်" လို့ သူက ဒေသခံတွေကို သတိပေးပါတယ်။

ဒါ့အပြင် အရပ်သားထိခိုက်နစ်နာမှုမရှိအောင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ စတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သီးသန့်စစ်ယာဉ်တန်းနဲ့ ပို့ဆောင်သင့်ပြီး အများပြည်သူသုံးယာဉ်တွေ မသုံးသင့်ဘူးဆိုတဲ့ ဝေဖန်ချက်တွေအပေါ်မှာလည်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ခုလိုပြောပါတယ်။

စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမယ့် စစ်သည်တွေကို လုပ်ငန်းသုံးယာဉ်၊ စစ်ဘက်ပို့ဆောင်ရေးရဟက်ယာဉ်တွေနဲ့ ပို့နေတာဖြစ်ပြီး အခုရွှေနဒီဖြစ်စဉ်မှာ ခေါ်သွားခံရတဲ့သူတွေဟာ ခွင့်စေ့လို့ ပြန် လာသူတွေ၊ ရုံးလုပ်ငန်းဆိုင်ရာ လုပ်မယ့် သူ အနည်းငယ်သာဖြစ်တယ်။ သူတို့ကို သီးသန့် စစ်သုံးယာဉ်တွေနဲ့ ပို့ဆောင်ဖို့ဆိုတာ ကန့်သတ်ချက်တွေ ရှိသလို သူတို့တွေ အများပြည်သူစီးနင်လိုက်ပါ တဲ့ရှပ်ပြေးကို စီးတာ ပြဿနာမရှိဘူးလို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းကနေ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး ကျေးရွာတွေအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၈၀ ကျော်ခန့်ရှိနေပြီ ဖြစ်သလို ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား အရေအတွက်ကလည်း တစ်ရာကျော်ရှိလာနေပြီလို့ ရခိုင် ပြည်နယ် အခြေစိုက် လူမှုရေး အဖွဲ့တွေနဲ့ ကူညီဆောင်ရွက်နေသူတွေရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ တိုင်းရင်းသားမျိုးနွယ်စု စစ်ဘေးဒုက္ခသည်ပေါင်းကလည်း ၇ သောင်းလောက်ထိ ရှိနေပြီလို့ လေ့လာမှုစာရင်း ဇယားတွေက ပြောပါတယ်။