အေအေလက်က ပြန်လွတ်လာသူတွေရဲ့ ပြောဆိုချက် နဲ့ ရွှေနဒီ ရေယာဉ်လိုင်း ကို စစ်ဆေးမှု တွေ လုပ်နေ

ဓာတ်ပုံ မူပိုင် CNICDS
Image caption ဖမ်းဆီးခံခဲ့ရသူ ၁၅ ဦး ကို နေရာအသီးသီးမှ ရှာဖွေတွေ့ရှိ ကယ်တင်နိုင်ခဲ့

ရခိုင့် တပ်မတော် အေအေ က ဖမ်းဆီး သွားသူတွေ ထဲ က ရဲတပ်သား စိုင်းနိုင်အောင်ကို ကျောက်တန်းကျေးရွာ နားမှာ ရှာဖွေ တွေ့ ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။

အဲဒီ အစိုးရ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သား ၁၄ ဦး၊ အကျဉ်းဦးစီး ဌာန က ဝန်ထမ်း ၂ ဦး အရပ်သား ၁၃ ဦး၊ စုစုပေါင်း လူ ၅၈ ဦးကို အေအေ က အောက်တိုဘာလ ၂၆ ရက်နေ့မှာ စစ်တွေ ကနေ ဘူးသီးတောင်ကို ပြေးဆွဲ နေတဲ့ ရွှေနဒီ မော်တော်ယာဉ် ပေါ် ကနေ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ အဲဒီလူတွေ ထဲက တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ဦး ကို ရှာဖွေ တွေ့ရှိပြီး ကယ်ဆယ်ရေး လုပ်ဆောင် ထားတယ်လို့ တပ်မတော် ဘက် က သတင်းထုတ်ပြန်ထားပါတယ်။

လွတ်မြောက်လာသူတွေရဲ့ ပြောပြချက် အရ အစိုးရ ဝန်ထမ်းတွေ ရွှေနဒီ မော်တော် ပေါ်မှာ လိုက်ပါ လာတယ် ဆိုတာ သတင်းပေါက်ကြားမှု ဖြစ်ခဲ့ပြီး အေအေ ဘက်က လာရောက်ဖမ်းဆီး ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းပေါက်ကြားမှု နဲ့ ပတ်သက်လို့လည်း ရွှေနဒီ အမြန် ရေယာဉ်လိုင်းကို စစ်ဆေး မေးမြန်းမှုတွေ လုပ်နေတယ်လို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထား ပါတယ်။

ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်ဖို့အတွက်လည်း ဝေဟင်၊ မြေပြင် စစ်ဆင်ရေးတွေ လုပ်ဆောင်နေကြောင်းလည်း အဲဒီ သတင်းထုတ် ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် CNICDS
Image caption ရဟတ်ယာဉ် ကျည်အချို့ထိမှန်ခဲ့

တပ်မတော်ဘက် က လုပ်တဲ့ စစ်ဆင်ရေး တွေမှာ မှာ ပို့ဆောင်ရေး ရဟတ်ယာဉ်တွေသုံးခဲ့ပြီး ရဟတ်ယာဉ် ကျည်အချို့ထိမှန်ခဲ့ကာ ရဟတ်ယာဉ်မှူး ၁ ဦးမှာ ဒဏ်ရာရခဲ့တာရှိပါတယ်။ ဒါကြောင့် ပစ်ခတ်နှောင့်ယှက် တဲ့ နေရာတစ်ဝိုက်ကို သတိပေးပစ်ခတ်မှုတွေ ပြန်လည်ပြုလုပ်ခဲ့တယ်လို ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အေအေ က အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်တဲ့ သတင်း ထုတ်ပြန်ချက် ထဲမှာတော့ ဖမ်းဆီးထားသူတွေကို စစ်ဆေးဖို့ လှေတွေနဲ့ ပြောင်းရွှေ့နေစဉ် တပ်မတော်က စစ်ရဟတ်ယာဉ် ၃ စီးနဲ့ ကျောက်တန်း နယ်မြေ တဝိုက်ကို ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးထားသူတွေထဲက တချို့ဟာ လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

"ဘယ်နှစ်ယောက် သေသွားလဲ၊ ထိခိုက်ဒဏ်ရာရသလဲ၊ ဘယ်လောက်က ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့ ဘေးကင်းလုံခြုံစွာရှိသလဲ ဆိုတာ ဆက်ပြီးတော့ စိစစ်နေတုန်းပါ" လို့ အေအေပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ်ရုံး က ထုတ်ပြန်တဲ့ သတင်း ထုတ် ပြန်ချက်မှာတော့ အေအေ အဖွဲ့ က ဖမ်းဆီး ခေါ်ဆောင်သွားသူတွေထဲ က တချို့ကို လက်ပြန်ကြိုးတုပ်ပြီး ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ပြောဆို ထားပါတယ်။

နောက်ထပ် သီးခြား ဖြစ်စဉ် အနေနဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က ရွှေပြည်သစ် ခရီးသည်တင် ကားပေါ် ကနေ ရခိုင့်တပ်မတော် က ဖမ်းဆီးထားတဲ့ အရပ်သား ၁၂ ဦး ကို လွှဲပြောင်း ပေးခဲ့တယ်လို့ မြောက် ဦး မြို့နယ်၊ ကန်စောက် ကျေးရွာ အုပ်ချုပ်ရေးမှူး က ဘီဘီစီ ကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် CNICDS
Image caption ရဲတပ်သား စိုင်းနိုင်အောင် ကို ရှာဖွေတွေ့ရှိခဲ့သည့် နေရာပြ မြေပုံ