ဆရာမတွေကို ရည်းစားစကားပြောစေခဲ့တဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ်ကိစ္စ ပါတီက တောင်းပန်

ပဲခူးတိုင်း ဝန်ကြီးချုပ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ မူပိုင် Myanmar State Counsellor office
Image caption ဆရာမြဲစေဖို့အတွက် ဒေသခံလူငယ်တွေက ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြဖို့ ပြောခဲ့တာဖြစ်

အခြေခံပညာကျောင်းတွေက ဆရာမတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အပေါ် NLD ပါတီ က တောင်းပန်စကားပြောကြားလိုက်တယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် က အတွင်းရေးမှူးဒေါက်တာ ဇော်မျိုးလှိုင် ကဘီဘီစီကို ပြောပါတယ် ။

အောက်တိုဘာ ၂၈ရက်နေ့မနက်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်တို့ ကတာဝန်ရှိသူတွေ ဟာ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)တွင် တွေ့ဆုံခဲ့ကြပြီးတော့ NLD ပါတီပြောဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကို တောင်းပန်စကားပြောခဲ့တယ်လိုလည်း သူကပြောပါတယ်။

"ဝန်ကြီးချုပ် မတောင်းပန်ခင် ဒေါက်တာမျိုးညွှန့် ကတောင်းပန်တာပါ ၊ ပါတီက ခန့်ထား၊ တာဝန်ပေးထားတဲ့ ဝန်ကြီးချုပ်ဖြစ်လို့ သူတို့မှာတာဝန်ရှိတယ်လို့ လည်း မြန်မာတစ်နိုင်ငံလုံးက ဆရာ၊ ဆရာမတွေကို ကြေညာ ပေးပါ ဆိုပြီး တောင်းပန်တယ်" လို့လည်း ဒေါက်တာဇော်မျိုးလှိုင် ကပြောပါတယ်။

ဒါပေမယ့် ပါတီက ဝန်ကြီးချုပ်ကို ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ဆေးမှု အရေးယူ မယူ ဆိုတာတွေနဲ့ပတ်သက်လို့ တော့ မသိခဲ့ရ ကြောင်းလည်း သူကပြောပါတယ် ။

ဓာတ်ပုံ မူပိုင် Myanmar Teacher Federation
Image caption ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)မှာတွေ့ဆုံခဲ့

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ အောက်တိုဘာလ ၅ ရက်နေ့က နတ်တလင်းက လူထုတွေ့ဆုံပွဲတစ်ခုမှာ ဆရာ၊ ဆရာမတွေရဲ့ နေထိုင်ရေးနဲ့ ပတ်သက်လို့ ကျေးရွာသားတွေရဲ့ တင်ပြချက်အပေါ် ပြန်လည် ဖြေကြား ရာမှာ ဝန်ထမ်းအိမ်ရာ မလိုဘဲ ဆရာမြဲစေဖို့အတွက် ဒေသခံလူငယ်တွေက ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြဖို့ ပြောခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် အခုလို ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် က လူသိရှင်ကြားတောင်းပန်ဖို့ အောက်တိုဘာလ ၁၂ ရက်နေ့ က ထုတ်ပြန်ချက် ထုတ်ပြီးတောင်းဆို ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကပြန်ရှင်းတာက လူထုနဲ့တွေ့ဆုံတဲ့အခါ ဖက်လဲတကင်း၊ တရင်းတနှီး နဲ့ နွေးနွေးထွေးထွေး နေဖို့ နိုင်ငံတော် အတိုင်ပင်ခံ ကပြောထားတော့ သူက သွားလေရာမှာ မိသားစုသဖွယ် တရင်းတနှီး နေလေ့ ရှိတယ်၊ အခုလည်း ကျောင်းကိစ္စ ကို မေးလာကြတော့ သူတူမတွေ ကလည်း အခုလို နယ်ခံတွေနဲ့ အိမ်ထောင်ကျပြီး အဆင်ပြေ နေတော့ လွှတ်ကနဲပြောမိတာ လို့ ပြန်ရှင်းတယ် လို့ ဒေါက်တာ ဇော်မျိုးလှိုင် ကပြောပါတယ် ။

ပါတီ ဘက်က ပြောဆို ခွင့်ရှိသူဒေါက်တာ မျိုးညွန့်နဲ့ ပဲခူး ဝန်ကြီးချုပ်တို့ ကို တော့ ဘီဘီစီက ဆက်သွယ်ပေမယ့် ဆက်သွယ် လို့ မရခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Bago Region Goverment
Image caption လွှတ်ကနဲပြောမိတာ လို့ ပြန်ရှင်း

ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောဆိုမှု ဟာ ပါတီ ပုံရိပ်ကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေရှိလို့ ပါတီက စစ်ဆေးမှာ ဖြစ်ပြီး ထင်ရှားတယ်ဆိုရင် အရေးယူ သွားမယ်လို့ NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ပြီးခဲ့တဲ့ ရက်ပိုင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကတော့ ရပ်ဝေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေဟာ ရည်ရွယ်ချက်ရှိရှိ အတင်းအဓမ္မ လက်ထပ်ယူတာတွေနဲ့ မုဒိမ်းပြုကျင့်ခံရတဲ့ အဖြစ်မျိုးတွေ ရှိနေပြီး ဒီလိုပြောကြားချက်ကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့ လူသိရှင် ကြားတောင်းပန်ဖို့ ထုတ်ပြန် ခဲ့ရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက် တွေ့ဆုံပွဲမှာ ဆရာ၊ဆရာများ၏ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါ့မယ်လို့ လည်း ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုသွားခဲ့တယ်လို့ ဒေါက်တာဇော်မျိုးလှိုင် ကပြောပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ကတော့ သူစကားနဲ့ ပတ်သက်လို့ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းမီဒီယာ အချို့ကနေ တဆင့် ပြန်တောင်းပန်ခဲ့ပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဟာ ဒီအဖြစ်ပျက်မတိုင်ခင်ကလည်း စဉ့်လုပ်ငန်းရှင်တွေကို နယူးကလီးယားဓာတ်ပေါင်းဖို့ထုတ်လုပ်နိုင်ရန် ကြိုးစားကြပါ ။လယ်သမားတွေကို လယ်ပေးလည်းပြန်ရောင်းမှာပဲ ။ စတဲ့ လူတွေဝေဖန်ခံရတဲ့ စကားတွေပြောခဲ့ဘူးတာရှိတယ်လို့ ပဲခူးတိုင်း ဒေသခံ သတင်းထောက်တစ်ဦး ကဘီဘီစီ ကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Sai Nay Phy
Image caption တောင်းပန်မှုအပေါ်မှာတော့ ဆရာ ဆရာမ များသမဂ္ဂ အဖွဲ့ချုပ်က ကြိုဆိုတယ်လို့ သတင်းထုတ်ပြန်

အခုလိုပဲခူးတိုင်းဝန်ကြီးချုပ်က တာဝန်ခံမှု ရှိစွာ တောင်းပန်မှုအပေါ်မှာတော့မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမ များ အဖွဲ့ချုပ်က ကြိုဆိုတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဗဟိုက တာဝန်ရှိသူတွေက အခုလိုပဲခူးတိုင်းဝန်ကြီးချုပ်က တာဝန်ခံမှုရှိရှိ တောင်းပန်ပေမယ့် အခြေခံ ဆရာမ တွေ သဘောထားက လက် ခံ မခံ စစ်တမ်းကောတ်သင့်တယ်လို့ လည်း ပြောဆိုတာတွေရှိပါတယ် ။

အခုလို တောင်းပန်တာကို ဆရာဆရာမ တွေ အများစု ကလက် ခံ သလား လက်မခံ ဘူးလားဆိုတာကိုတော့ သေချာ မပြောနိုင်ကြောင်းလည်းမြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကပြောပါတယ်၊

ပါတီက အရေးယူတာ မယူတာ ကတော့ ပါတီ ဘက် ကတာဝန်ဖြစ်သွားတယ်၊ ကျွန်တော်တို့ ကတော့ ဆရာ ဆရာမတွေ ဘက် ကသဘောထားကို တော့ ကြေညာ ချက်ထုတ်ပြီး ပြန်နားထောင်ဖို့ ရှိတယ် လို့လည်း ဒေါက်တာဇော်မျိုးလှိုင် ကပြောပါတယ်။

ဒီနေ့ ကတော့ ကျွန်တော်တို့ ကအောက်တိုဘာ လ ၁၂ ရက်နေ့ က ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုခဲ့တဲ့အတိုင်း ဝန်ကြီးချုပ်က လူသိရှင် ကြား တောင်းပန်တာပါလို့လည်း သူကရှင်းပြပါတယ်။

အခု ဝန်ကြီးချုပ် တောင်းပန်လာတဲ့ အပေါ်ရော ပါတီ ကတောင်းပန်လာတဲ့ အပေါ်မှာ အလုပ်မှုဆောင် အဖွဲ့ ကတော့ ဒီမို ကရေစီ ယဉ်ကျေးမှု ထူထောင်လာနိုင်တယ်လို့ အကောင်းဘက် ကတွေးပြီး နောက် နောင် မှာ သူလည်း စကားအပြောဆို ဆင်ခြင် သွားလိမ့်မယ် လို့ ယူဆကြောင်းဒေါက် တာဇော်မျိုးလှိုင် ကပြောပါတယ်။