မီးသတ်တွေကိုရော အေအေ လွှတ်ဖို့ အစီအစဉ်ရှိလား

အေအေ ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption မီးသတ်သမားတွေကိုရော ပြန်လွှတ်မှာလား

မြောက်ဦးအနီး မန္တလေး-စစ်တွေသွား ရွှေပြည်သစ်ကားပေါ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့တုန်းက ရခိုင် လက်နက်ကိုင် အေအေတွေ ဖမ်းခေါ်သွားတာ ခံခဲ့ရသူတွေထဲက မီးသတ်တပ်ဖွဲ့ဝင် မဟုတ်သူတွေ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

ရွှေပြည်သစ်ကားပေါ်ကနေ ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေထဲက လူ ၁၂ ယောက်ကို ပြန်လွှတ် ပေးလိုက်တယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေရဲ့ ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို အတည်ပြုပါတယ်။

အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

အေအေက ပြန်လွှတ်ပေးလိုက်သူတွေကို မြောက်ဦးမြို့နယ် ကားလမ်းဘေးတစ်နေရာမှာ တွေ့ရှိခဲ့တဲ့ အတွက် မြောက်ဦးမြို့ ကားဂိတ်ကို တနင်္လာနေ့ မနက် အစော ၅ နာရီ ဝန်းကျင်မှာ ပို့ဆောင် ပေးခဲ့တယ်လို့ မြောက်ဦးမြို့နယ် ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူဟောင်း ဦးဦးစောနိုင် က ဘီဘီစီကို ပြောပါတယ်။

အေအေရဲ့ ပြောဆိုချက်

စစ်ဘက်နဲ့ဘာမှ မပတ်သက်တဲ့ အရပ်သား စစ်စစ်တွေကို ပြန်လွှတ်ပေးတာ ဖြစ်တယ် ဆိုပြီး ခိုင်သုခက ပြောပါတယ်။

"ပန်းရံလုပ်တဲ့သူ ၉ ယောက်၊ ကားသမား ၃ ယောက် စုစုပေါင်း ၁၂ ယောက်ကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ လွှတ်ပေးလိုက်တယ်" လို့ ခိုင်သုခက ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးကတော့ အေအေရဲ့လက်ထဲ ဆက်ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် E AUNG THU/AFP/Getty Images
Image caption မီးသတ် ၁၉ ယောက် အေအေလက်ထဲ ဆက်ရှိနေ

မီးသတ်တွေကိုရော လွှတ်ပေးမှာလား

အဲဒီ မီးသတ်တပ်ဖွဲ့ဝင် တွေကိုရော ဘယ်တော့ ပြန်လွှတ်မလဲ ဆိုပြီး ဘီဘီစီက မေးတဲ့ အခါမှာတော့ ….

"သူတို့ကိုလည်း လွှတ်ပေးဖို့ စီစဉ်နေတယ်၊ လုံခြုံရေး အနေအထားကောင်းရင် မကြာခင် လွှတ်ပေးမယ်" ဆိုပြီး ခိုင်သုခက ဖြေဆိုပါတယ်။

အဲဒီ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကနေ သင်တန်းဆင်းပြီး ပြန်လာကြတဲ့သူတွေ ဖြစ်ပါတယ်။

သူတို့ လိုက်ပါစီးနင်းလာတဲ့ ရွှေပြည်သစ် ဘတ်စ်ကားဟာ မြောက်ဦးမြို့ အလွန် ထမရာဇ်ကျေးရွာအနီးမှာ အောက်တိုဘာ ၁၁ ရက်နေ့တုန်းက အေအေတွေရဲ့ ထိန်းချုပ်တာ ခံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကားပေါ်ပါလာတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ယောက်နဲ့ အတူ တခြားသူ ၁၂ ယောက် စုစုပေါင်း ၃၁ ယောက်ကို အေအေက ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

လွတ်လာသူတွေရဲ့ အခြေအနေ

အခု လွှတ်လာတဲ့ လူတွေထဲက အများစုဟာ အေးရှားဝေါလ် ကုမ္ပဏီဝန်ထမ်း အလုပ်သမားတွေ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လွတ်လာသူ ၁၂ ဦးကို ကြည့်ရင် ရေစကြိုမြို့နယ်ကသူ ၆ ဦး၊ ငဖဲမြို့နယ်က ၃ ဦး၊ ဘီလင်းမြို့နယ်က ၂ ဦးနဲ့ မော်ကျွန်းမြို့နယ် က ၁ ဦးတို့ ဖြစ်ကြပါတယ်။

ပြန်လွတ်လာသူတွေမှာ ဒဏ်ရာဒဏ်ချက်တွေ ရှိမနေဘူးလို့ အဲဒီသူတွေကို ကိုယ်တိုင်တွေ့ခဲ့ပြီး မြောက်ဦးကားဂိတ်နားထိ ပို့ပေးခဲ့တဲ့ ဦးဦးစောနိုင်က ပြောပါတယ်။

ဒါ့အပြင် ဖုန်းတွေ၊ အဝတ်အစားတွေနဲ့ ပိုက်ဆံတွေလည်း အေအေက ပြန်ပေးလိုက်တယ်လို့ အဲဒီသူတွေက ပြောပြတယ်လို့လည်း ဦးဦးစောနိုင်က ဆိုပါတယ်။