ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသွားမယ်၊ အသာစီးရလိုမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်နေ လို့ KNU ဥက္ကဋ္ဌ ပြော၊ အီရတ်မှာ ညမထွက်ရအမိန့်ထုတ် စတဲ့ သတင်းတွေအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားဖို့ရှိ

(၁) ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသွားမယ်

အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို ဒီရက်ပိုင်း သွားရောက်ဖို့ရှိပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဘန်ကောက်မြို့မှာ အောက်တိုဘာ ၃၁ ရက်နေ နိုဝင်ဘာ ၄ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့အောက်တိုဘာ ၂၉ ရက်မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်အာစတေးလ်ဝဲနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပြီး ဒီရက်နောက်ပိုင်းမှာ ထိုင်းနိုင်ငံခရီးစဉ် စတင်ဖို့ရှိနေတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း အစည်းအဝေးတွေတက်ဖို့ရှိတဲ့အပြင် အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားဖို့ရှိနေပါတယ်။

အာဆီယံဒေသတွင်းရေးရာတွေကိုဆွေးနွေးတာဖြစ်ပေမယ့် တစ်နိုင်ငံရဲ့အရေးကို ဝင်စွက်ဖက်ဆွေးနွေးတာမျိုး လုပ်လေ့မရှိတဲ့ အာဆီယံအစည်း အဝေးတွေရဲ့ ထုံးစံအတိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရခိုင်အရေး ဖိအားပေးဆွေးနွေးမှုတွေ မရှိနိုင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေကို အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်တာဖြစ်ပြီး အာဆီယံနဲ့ ဆက်စပ်တဲ့ ထိပ်သီး အစည်းအဝေးတွေကို အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့က တက်ရောက်မှာဖြစ်ပါတယ်။

() အစွန်းရောက်မှုနဲ့ အသာစီးရလိုမှုတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်သလိုဖြစ်နေဟု KNU ဥက္ကဌ ပြော

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့တာ လေးနှစ်ပြည့်ခဲ့ပေမယ့် အခုထိ တိုးတက်မှု များများစားစားမရှိသေးဘူးလို့ အပစ်ရပ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KNU
Image caption မှန်ကန်တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရမယ်လို့ တိုက်တွန်း

သံသယတွေ၊ စိုးရိမ်မှုတွေနဲ့ ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတတရားတွေ အားကောင်းနေသေးတယ်လို့ သူက မနေ့က ကျင်းပတဲ့ အပစ်ရပ်စာချုပ် NCA လေးနှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဒါတွေကို ပြန်ဆန်းစစ်ပြီး မှန်ကန်တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရမယ်လို့ သူက တိုက်တွန်းပါတယ်။

NCA မှာ လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ အဖွဲ့တွေကို အစိုးရ၊ တပ်မတော်နဲ့ လက်မှတ်ထိုးအဖွဲ့တွေ အသီးသီး ကြိုးစားနေပေမယ့် အခုထိ မအောင်မြင်သေးဘူးလို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သွားချင်တဲ့လမ်းကြောင်းကနေ တိမ်းစောင်းလာနေတယ်လို့ သူက သုံးသပ် ထားပြီး ပါဝင်ပတ်သတ်တဲ့အဖွဲ့တွေကြား အစွန်းရောက်မှုနဲ့ အသာစီးရလိုမှုကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေမလုပ်နိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် NCA စာချုပ်ပါအချက်များ ပြီးစီးအောင်မြင်တဲ့အထိ အကောင်အထည်ဖော်ကြဖို့ ပါဝင်ပတ်သက်သူအားလုံးကို သူက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒီလေးနှစ်ပြည့်ပွဲကို ရှမ်းအဖွဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် မတတ်ရောက်နိုင်ဘဲ ခရီးစဉ် ပျက်ယွင်းခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်း သူက မိန့်ခွန်းအစမှာ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးယွက်စစ်လာမယ့် လမ်းကြောင်း စီစဉ်ထားမှုအပေါ် တပ်မတော်က ခွင့်မပြုခဲ့ဘဲ ပြန်လည် စီစဉ်ပေးတဲ့လမ်းကြောင်းကနေ လာဖို့အတွက် လည်း အချိန်မမီတော့တဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အောက်တိုဘာ ၂၈ ရက်က သီးသန့်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အမြန်စတင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor office
Image caption ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အမြန်စတင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ဥက္ကဋ္ဌ ဆွေးနွေး

ဒီကနေ့မှာတော့ သူဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိနေပါတယ်။

NCA ကို တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ လက်မှတ်ထိုးထားပြီး အခုလိုအခြေအနေ အထိဖြစ်လာအောင် ကြိုးပမ်းခဲ့တဲ့သူတွေထဲက အရင်အစိုးရ လက်ထက်က သမ္မတဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း အတိုင်ပင်ခံက မနေ့က ပြောကြားတဲ့လေးနှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

လက်ရှိမှာ အားလုံးက အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး JICM စတင်ဖို့ လိုလားနေပြီး ကြားမှာ ညှိနှိုင်းမှုတွေတော့ လုပ်ရဦးမှာ ဖြစ်တယ်လို့ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားထားပါတယ်။

(၃) အီရတ်မှာ ညမထွက်ရအမိန့်ထုတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ ထပ်တိုက်ရင်ဆိုင်မှုတွေ ထပ်ဖြစ်ခဲ့ပြီး လူတွေသေဆုံးခဲ့ရတဲ့အတွက် ညမထွက်ရအမိန့် ထုတ်လိုက်ပါပြီ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေကို ရပ်တန့်ဖြိုခွင်းနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံး

ဒါပေမဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ လမ်းပေါ်ထွက်၊ သီချင်းတွေဖွင့်၊ ကားဟွန်းတွေတီးပြီး ညမထွက်ရအမိန့်ကို ဖီဆန်ခဲ့ကြပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့က ထိပ်ထိုက်ရင်ဆိုင်မှုကြား သေဆုံးခဲ့သူတွေထဲမှာ မျက်ရည်ယိုဗုံးထိမှန်လို့ သေဆုံးခဲ့ရသူ ဆေးကျောင်းသူတစ်ဦးလည်း ပါဝင်ပါတယ်။

အဂတိလိုက်စားမှု၊ အလုပ်လက်မဲ့ပြဿနာနဲ့ အစိုးရဝန်ဆောင်မှု ညံ့ဖျင်းတာတွေကြောင့် လူထုဟာ ဒေါသထွက်ပြီး အခုလို အစိုးရကို ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတာဖြစ်ပြီး အစိုးရကသာ ကတိတွေပေးပြီး ဘာဆိုဘာမှ အကောင်အထည်မဖော်နိုင်ခဲ့ကြောင်းနဲ့ သူတို့ကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း ဆန္ဒပြသူတစ်ဦးက ပြောကြားထားပါတယ်။

အခုလအတွင်းဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် အီရတ်နိုင်ငံတစ်ဝန်းမှာ လူနှစ်ရာကျော် သေဆုံးခဲ့ပါတယ်။

(၄) လူမှောင်ခိုတွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး တိုက်တွန်း

ဗြိတိန်မှာ လူ ၃၉ ဦးသေဆုံးခဲ့တဲ့ အလုံပိတ်လော်ရီကားမောင်းသူကို လူသေမှုတွေနဲ့ စွဲချက်တင်အပြီးမှာ အာဏာပိုင်တွေအနေနဲ့ လူမှောင်ခိုသမားတွေကို ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး မစ္စပရစ်တီပတ်တဲလ်က ပြောလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သေဆုံးခဲ့ပြီလို့ ယူဆရသူရဲ့ဗီယက်နမ်က ကျန်ရစ်သူမိသားစု

ဒီလူ ၃၉ ဦးကို တင်ဆောင်လာတဲ့ အလုံပိတ်ကား အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ဖို့ ခရီးစခဲ့တဲ့နေရာဖြစ်တဲ့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဇေဘရာကာ ဆိပ်ကမ်းမြို့ဆီ ဗြိတိန်အစိုးရရဲ့ နယ်ခြားစောင့်ရဲတွေ ပိုလွှတ်ခွင့်ပြုဖို့ ဘယ်လ်ဂျီယမ်အစိုးရလည်း ခွင့်ပြုလိုက်ပြီလို့ မစ္စပရစ်တဲက ပါလီမန်ကို ပြောပါတယ်။

မြောက်အိုင်ယာလန်က အသက် ၂၅ နှစ်အရွယ် လော်ရီကားမောင်းသူ မောရစ်ရော်ဘင်ဆင်ကို လူမှောင်ခိုမှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားပါတယ်။

ဒီစွဲချက်တွေဟာ ကမ္ဘာတစ်ဝန်းက လူမှောင်ခိုကွန်ရက်ဂိုဏ်းကြီးနဲ့ဆက်နွှယ်နေတယ်လို့ အစိုးရရှေ့နေတွေကပြောပါတယ်။

သေဆုံးခဲ့သူအများအပြားဟာ ဗီယက်နမ်နိုင်ငံကလို့ ယူဆရပေမယ့် ဘယ်သူဘယ်ဝါတွေလဲဆိုတာကိုတော့ အခုချိန်ထိ အတည်မပြုနိုင်သေးဘူးလို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ်လူလေးဦးကိုလည်း ဖမ်းဆီးထားပါတယ်။

(၅) ဘရက်ဇစ်လုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေး ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ကြိုးပမ်း

ဗြိတိန်မှာတော့ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်တဲ့ ဘရက်ဇစ်လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အစိုးရရဲ့ နောက်ဆုံး အားထုတ်မှု မအောင်မြင် ဖြစ်ခဲ့ပြန်တာကြောင့် နိုင်ငံရေးမရေရာမှုတွေ ဆက်ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Image copyrightEPA
Image caption ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်

ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ စောကျင်းပမယ့် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့အဆိုဟာ အောက်လွှတ်တော်မှာ အောက်တို ဘာလ ၂၈ ရက်နေ့က ကန့်ကွက်မဲ ၃ ပုံ၊ ၂ ပုံနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပုံစံတစ်မျိုးနဲ့ ထပ်မံတင်ပြလာမယ့် ဝန်ကြီးချုပ်ရဲ့အဆိုကို ထောက်ခံမဲပေးမယ်၊ မပေးဘူးဆိုတာကိုတော့ အတိုက်အခံနိုင်ငံရေးပါတီတွေက ပြောဆိုတာမျိုး မရှိသေးပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကုန်တင်ကားထဲ သေဆုံးသွားသူတွေအတွက် ဗီယက်နမ် မိသားစုတွေ စိတ်ပူနေ

ဒီသတင်းနဲ့ပတ်သက်သမျှ