တစ်နှစ်ကျော် ညှိနှိုင်းခဲ့ပေမယ့် ပင်လုံညီလာခံ ထပ်ကျင်းပရေး မရေရာနိုင်သေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံမူ ၃ ရပ်ချမှတ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ,

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံမူ ၃ ရပ်ချမှတ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အပစ်ရပ်အဖွဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ် ခရီးစဉ် ဖျက်သိမ်းခဲ့တဲ့နောက်မှာ နေပြည်တော် မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ အပစ်ရပ်စာချုပ်ပါအချက်များအကောင်အထည်ဖော်ရေးအစည်းအဝေး JICM နဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ စုဖွဲ့ ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွေပါ မကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်စဖို့ ဘယ်လိုကြိုးစားခဲ့ကြသလဲ

အပစ်ရပ်အဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ RCSS က အပစ်ရပ်လုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှုကိုရပ်ဆိုင်းထားတာ တစ်နှစ်ကျော်လာပါပြီ။

ပြီးခဲ့တဲ့နှစ် NCA နှစ်ပတ်လည်ပွဲအပြီး JICM အစည်းအဝေးမှာ ဆွေးနွေးမှုတွေမပြေလည်ခဲ့တာကြောင့် ၂၀၁၈ အောက်တိုဘာလကုန်မှာ KNU က တရားဝင်အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ RCSS ကလည်း အပစ်ရပ်လုပ်ငန်းစဉ်(JMC) မှာ အဆင်မပြေတဲ့အတွက် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PPST

ဓာတ်ပုံ ပုံစာ,

ဗိုလ်ချုပ်ကြီး ယွက်စစ်ခရီးစဉ်ပျက်ခဲ့ပြီးနောက် ဆက်စပ်အစည်းအဝေးတွေပါ ရွှေ့ဆိုင်းလိုက်ရတာဖြစ်

ဒါကြောင့် အစိုးရက အပစ်ရပ်အဖွဲ့တွေ ပုံမှန်နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ အလွတ်သဘောတွေ့ဆုံမှုတွေကနေ ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်း အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေ အလွတ်သဘောညှိနှိုင်းမှု ၂၆ ကြိမ်ပြုလုပ်ခဲ့ရ တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နော်ဝေနဲ့ ဆွစ်ဇာလန်အစိုးရတို့ စီစဉ်ပေးမှုနဲ့ ပြည်ပကို လေ့လာရေးခရီးတွေထွက်ပြီး ဆွေးနွေးခဲ့ကြပါသေးတယ်။

အဲဒီကနေတစ်ဆင့် ကာလရှည်ရပ်ထားရတဲ့ JICM အစည်းအဝေးကို ပြန်စဖို့ သဘောတူလာနိုင်တဲ့အထိ အခြေအနေတွေ တိုးတက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ,

JICM အကြိုညှိနှိုင်းပွဲကနေ သဘောထားစုစည်းချက် ကိုးချက်အထိ ရရှိခဲ့

ဒါကြောင့် အောက်တိုဘာ ၂၅ ရက်မှာ JICM အစည်းအဝေးလုပ်ဖို့ အကြိုညှိနှိုင်းပွဲကို နေပြည်တော်မှာ ပြုလုပ်နိုင်ခဲ့တဲ့အပြင် သဘောထား စုစည်းချက် ကိုးချက်အထိ ရရှိလာခဲ့သလို ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံကို လာမယ့်နှစ် ဖေဖော်ဝါရီမှာ ကျင်းပနိုင်ဖို့အထိ ဆွေးနွေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီအကြိုညှိနှိုင်းအစည်းအဝေးကို တက်ပြီး အဖွင့်စကားပြောရမယ့် PPST ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ခရီးစဉ်ကို ဒေသလုံခြုံရေးအခြေအနေစိတ်မချရမှုနဲ့ တပ်မတော်ဘက်က ခွင့်မပြုတာကြောင့် ခရီးစဉ်ပျက်သွားတာကတစ်ဆင့် နောက်ဆက်တွဲအစည်းအဝေးတွေ ခုလိုရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

NCA အပေါ် KNLA သဘောထား

တရားဝင်ဆွေးနွေးပွဲတွေ ပြန်စနိုင်မှာလား

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ခေါင်းဆောင်တွေတက်ရောက်ရတဲ့ JICM အစည်းအဝေးဟာ NCA လုပ်ငန်းစဉ်ရဲ့ အမြင့်ဆုံးအစည်း အဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေး ပြန်လုပ်နိုင်ဖို့ ကနေ အစပြုပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်စဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

"၂၅ ရက်မနက်မှာ ဖြစ်ခဲ့တဲ့ နှစ်ဖက်အမြင်လွဲမှားမှုကြောင့်၊ တချို့ကလည်း ဒါ တမင်လုပ်တယ်လို့ ပြောကြတာရှိတာပေါ့လေ။ နောက်တစ်ခါ ထပ်ပြီးကြိုး စားရင်တော့ အရင်က တစ်နှစ်လုံးလုံး ကြိုးစားရတာတွေလောက်တော့ ကြာမယ်လို့တော့ မမျှော်လင့်ပါဘူး။ အရင်ကတော့ လူကိစ္စလည်းရှိတယ်။ မူကိစ္စလည်း ရှိတယ်။ အခုတော့ မူကိစ္စကပြီးသလောက်ဖြစ်သွားပြီ။ လူကိစ္စပဲကျန်တော့တယ်။ အချင်းချင်းနားလည်မှု၊ ရင်းနှီးမှုပြန်ယူဖို့ပေါ့။ အဘက်ဘက်က ဝိုင်းလုပ်ရမယ်။ မြန်မြန်ပြီးပါစေပဲ မျှော်လင့်ပါတယ်" လို့ RCSS ရဲ့အကြံပေး ဦးခွန်စိုင်းက ပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က ဆွေးနွေးမှုမှာ JICM ကို နိုဝင်ဘာလအတွင်း ကျင်းပနိုင်ဖို့ နှစ်ဘက်လုံးက ဝိုင်းဝန်း ကြိုးပမ်းပေးဖို့ ဆွေးနွေးကြတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

နားလည်မှုလွဲတာတွေထပ်မဖြစ်ဖို့ အောက်ခြေအချင်းချင်း ညှိနှိုင်းဖို့လိုနေပြီး လူကြီးချင်းလည်း ပြန်ဆွေးနွေးဖို့လိုတယ်လို့ ဦးခွန်စိုင်းက အကြံပြုပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကိုထင်ဟပ်နေတဲ့ ခေါင်းဆောင်တွေရဲ့မိန့်ခွန်း

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU / AFP / Getty Images

ဓာတ်ပုံ ပုံစာ,

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုင်ပင်ခံပြောကြားတဲ့စကားက ကွဲလွဲမှုတွေရှိနေ

ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်မယ့်လုပ်ငန်းစဉ် ၃ ရပ်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လေးနှစ်ပြည့်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ၂၁ ရာစုပင်လုံကို ဘယ်လိုရှေ့ဆက်သွားမလဲ၊ နောက်ကျင်းပမယ့် ၂၁ ပင်လုံညီလာခံမှာ နောက်ထပ်သဘောတူညီချက်တွေ ထပ်ချုပ်ဆိုနိုင်ဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘုံသဘောတူညီချက်ယူဖို့ ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

"၂၀၂၀ ရွေးကောက်ပွဲ အလွန် အဆင့်လိုက်လုပ်ငန်းတွေ အဆင့်လိုက်အကောင်အထည်ဖော်မှုတွေကို သဘောတူညီချက်ရယူပြီး ရင် ဒီလုပ်ငန်းစဉ်တွေဟာ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ပင်လုံစတုတ္ထအစည်းအဝေး မှာချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ တတိယပိုင်းဖြစ်လာပါလိမ့် မယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်သွားမှာဖြစ်ပြီး မဖြစ်နိုင်တဲ့၊ ကိုယ့်နိုင်ငံရေးအခြေအနေနဲ့မကိုက်ညီတဲ့ ဖြစ်လိုတဲ့ဆန္ဒတစ်ခုအပေါ်မှာ အာရုံစိုက်ဆောင်ရွက်နေမယ့်အစား နိုင်ငံရဲ့လက်ရှိအခြေအနေ နဲ့ကိုက်ညီသင့်တော်တဲ့ဖြစ်နိုင်ခြေတွေကိုသာ အာရုံစိုက်ဆောင်ရွက်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်ထိရောက်စေမှာဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ,

အောက်တိုဘာ ၂၈ က ကျင်းပတဲ့ အပစ်ရပ်လေးနှစ်ပြည့်အခမ်းအနား

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သွားချင်တဲ့လမ်းကြောင်းကနေ တိမ်းစောင်းလာနေတယ်လို့ သူက သုံးသပ် ထားပြီး ပါဝင်ပတ်သတ်တဲ့အဖွဲ့တွေကြား အစွန်းရောက်မှုနဲ့ အသာစီးရလိုမှုကြောင့် နိုင်ငံရေးဆွေးနွေး ပွဲတွေမလုပ်နိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် NCA စာချုပ်ပါအချက်များ ပြီးစီးအောင်မြင်တဲ့အထိ အကောင်အထည်ဖော်ကြဖို့ ပါဝင်ပတ်သက်သူအားလုံးကို သူက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ဒီလေးနှစ်ပြည့်ပွဲကို ရှမ်းအဖွဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် မတတ်ရောက်နိုင်ဘဲ ခရီးစဉ် ပျက်ယွင်းခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်း သူက မိန့်ခွန်းအစမှာ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG / AFP / Getty Images

ဓာတ်ပုံ ပုံစာ,

တပ်ချုပ်နဲ့ KNUဥက္ကဋ္ဌတို့လည်း သီးသန့် တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုင်ပင်ခံပြောကြားတဲ့စကားက ကွဲလွဲမှုတွေရှိနေတယ်လို့ အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီက ဗဟိုနိုင်ငံရေးဌာနကြီးမှူး နိုင်အောင်မငေးက ပြောပါတယ်။

"ဖယ်ဒရယ်ကို အဓိပ္ပာယ်ဖော်တာ ကွဲလွဲနေတယ်။ ရှင်းလင်းအောင် ပြန်သုံးသပ်ရမယ်။ ကျွန်တော်တို့သတ်မှတ်ထားတာ အစိုးရကအကြီးဆုံး။ အခုကျတော့ အစိုးရသွားမယ့် လမ်းကြောင်းက အားလုံးအကျုံးဝင်မလားဆိုတာ ပြန်ကြည့်ရမယ်" လို့ သူက ပြောပါတယ်။

တပ်ချုပ်နဲ့ KNU တွေ့ဆုံမှုကနေ အန်စီအေကို ဦးဆောင်လက်မှတ်ထိုးခဲ့တဲ့ ကေအန်ယူအနေနဲ့ အန်စီအေလမ်းကြောင်း အတိုင်းဆက်လုပ်မလား၊ တခြားနည်းလမ်းရှာမလားဆိုတာတွေလည်း ဆွေးနွေးမှာဖြစ်ပါတယ်။

မြောက်ပိုင်းအဖွဲ့တွေနဲ့တွေ့ဆုံပွဲအလားအလာ

မြောက်ပိုင်းမဟာမိတ်စုဖွဲ့မှုထဲမှာပါတဲ့ ကချင်လက်နက်ကိုင်အဖွဲ့KIA၊ ရခိုင်အဖွဲ့ AA၊ တအာန်း အဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA နဲ့ လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာတွေ့ဖို့ အချိန်နဲ့ နေရာ ညှိနေပါတယ်။ အဲဒီအချိန်မှာပဲ အေအေနဲ့ တိုက်ပွဲတွေပြင်းထန်လာတဲ့အပြင် နှစ်ဖက်စစ်ရေး အားပြိုင်မှုတွေ မြင့်လာလို့ ဒီဆွေးနွေးပွဲရော ဖြစ်မြောက်ပါ့မလားလို့ စိုးရိမ်မှုတွေလည်း ရှိလာနေပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Tachileik news agency

ဓာတ်ပုံ ပုံစာ,

မြောက်ပိုင်းအဖွဲ့ထဲမှာပါတဲ့ အေအေနဲ့ တပ်မတော်တို့ စစ်ရေးအားပြိုင်မှုတွေပြင်းထန်လာနေ

အရင်ဆွေးနွေးပွဲတွေတုန်းကလည်း တိုက်ပွဲတွေဖြစ်နေတုန်းမှာပဲ တွေ့ခဲ့တာတွေရှိလို့ ဒီတစ်ခေါက် လည်း တွေ့ဆုံမှုက ဖြစ်ဖို့အလားအလာရှိပါတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က လမိုင်ဂွန်ဂျာက ပြောပါတယ်။

"မြောက်ပိုင်းအဖွဲ့တွေက မိုင်းလားနဲ့ မူဆယ်မှာတွေ့ချင်တယ်။ အစိုးရက ကျိုင်းတုံမှာ တွေ့ချင်တယ်။ ရက်ကလည်း နိုဝင်ဘာ ၅ ရက်နဲ့ ၁၀ ရက်။ ဒါကိုညှိနေတာဖြစ်တယ်။ တိုက်ပွဲတွေအရှိန်မြင့်နေလို့ မတွေ့ဘူးဆိုတာမျိုးတော့ ရှေ့မှာလည်းမဖြစ်ခဲ့ဖူးပါဘူး" လို့ သူက ဆိုပါတယ်။

မြောက်ပိုင်းလေးဖွဲ့ထဲက ကချင်အဖွဲ့ KIA က အစိုးရနဲ့ မဏာမပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးမယ့်အကြောင်း KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်လူထုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရှင်းလင်းပြောကြားထားပါတယ်။

ဗီဒီယို ပုံစာ,

ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့် အလွန် ငြိမ်းချမ်းရေး အလားအလာ