လက်လုပ်လက်စားတွေအတွက် အခွင့်အရေးဖန်တီးမပေးနိုင်သေးတဲ့ ကျောက်မျက်လုပ်ငန်း

ဖားကန့်မှာ ကျောက်တူးဖော်နေမှု မြင်ကွင်း
Image caption ဖားကန့်မှာ ကျောက်တူးဖော်နေမှု မြင်ကွင်း

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကျောက်စိမ်းအများဆုံးထုတ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ကျောက်စိမ်း တစ်ကီလိုဂရမ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အဖိုးတန်နိုင်သလို ကျောက်စိမ်းနဲ့ ပတ်သက် သက်ဆိုင်တဲ့ လုပ်ငန်းတွေကလည်း အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ သံယံဇာတတွေရဲ့ အကျိုးအမြတ်တွေကို အာဏာရှင်တွေက ထိန်းချုပ်ထားခဲ့ကြသလို ဒီကျောက်စိမ်း အပါအဝင် သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်လို့ ခွဲဝေမှုတွေက အခုချိန်အထိ ရှင်းမရသေးတဲ့ ပြဿနာဖြစ်နေခဲ့ပါတယ်။

NLD အစိုးရ တက်လာတဲ့အခါမှာတော့ ဒီကျောက်စိမ်းအပါအဝင် သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်လို့ ပြဿနာတွေကို ဖြေရှင်းပြီး ၂၀၁၆ ခုနှစ်က ရေးခဲ့တဲ့ ကျောက်မျက်ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် သံယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက မိုးကုတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ကတော့ "၂၀၁၆ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ကျောက်မျက်ဥပဒေရေးခဲ့တယ်။ ဒီဥပဒေက မျှတမှု မရှိတဲ့အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းမှာ ပြန်လည်ပြင်ဆင်ပြီး ဥပဒေကြမ်းအဖြစ် တင်ခဲ့တယ် ။ အဲဒီမှာ အဆင့်ဆင့် ပြန်ရေးဆွဲပြီး ၂၀၁၉ ဇန်နဝါရီလမှာ မြန်မာကျောက်မျက်ရတနာ ဥပဒေဆိုပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပါတယ် ။ အခု နည်းဥပဒေဆွဲနေပါတယ်။ နည်းဥပဒေ ဆွဲပြီးမှသာ ကျောက်မျက်လုပ်ကွက် တွေကို ပြန်လည်ချထားပေးမှာဖြစ်ပါတယ်။ "လို့ ကျောက်မျက်ရတနာ ဥပဒေသစ်နဲ့ ပတ်သက်လို့ ဆိုပါတယ်။

Image caption ဖားကန့်မှာ ကျောက်တူးဖော်နေမှု မြင်ကွင်း

အခု နည်းဥပဒေ မထွက်ခင်မှာ ၂၀၁၈ ခုနှစ်က စတင်ပြီး ပြည်နယ် နဲ့ တိုင်းအစိုးရတွေက တဆင့် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး သယံဇာတ ကဏ္ဍ စီမံအုပ်ချုပ်မှုကို တိုးတက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသေးစားနှင့် လက်လုပ်လက်စား ကဏ္ဍ သတ္တုတူးဖော် ထုတ်လုပ်တဲ့ ခွင့်ပြုမိန့်ကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ထုတ်ပေးခွင့်ပေးခဲ့ပါတယ်။

တကယ်တမ်းလက်တွေ့မှာတော့ ခွင့်ပြုမိန့်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်မှာ အဂတိလိုက်စားတာ ၊ မှားယွင်းစီမံတာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းတွေကို အလေးမထားတာတွေကြောင့် ဒေသခံတွေရဲ့ ဆန္ဒပြမှုကို ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ မိုးကုတ်က လက်လုပ်လက်စားတွေအတွက် ကျောက်မျက် လုပ်ကွက် လျာထားသတ်မှတ်နေရာဟာ တရားမျှတမှုမရှိဘူးဆိုပြီး ကျောက်တူးဖော်သူ ၅၀ဝ ကျော်ဟာ ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ကို တူးဖော်ဖို့ လျာထားသတ်မှတ်ပေးတဲ့ နေရာဟာ ကျောက်မျက်ထွက်ရှိမှု မရှိသလောက် နည်းပါးတာ၊ သွားလာမှု ခက်ခဲတာနဲ့ မြေလွတ်မြေလပ် နည်းပါးတာတွေ ကြောင့် မကျေနပ်တာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ဆိုပါတယ်။

သူတို့အတွက် လျာထားတဲ့ နေရာတွေကတော့ မြို့နဲ့ ဆယ်မိုင်ကျော် ဆယ့်ငါးမိုင် လောက်ဝေးတဲ့ ဇုန်သုံးခုမှာ ဖြစ်ပါတယ်။ အဲဒီဇုန်သုံးခုကတော့ မိုးကုတ်မြို့ အနောက်တောင်ဘက်က ဇုန်(၁)၊ မြို့ အရှေ့မြောက်ဘက်က ဇုန် (၂) နဲ့ မြောက်ဘက်နယ်စပ်က ဇုန်(၃) တို့ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်က " ဒီကျောက်မျက်ဥပဒေမှာ အလတ်စား၊ အသေးစား၊ လက်လုပ်လက်စားဆို သုံးမျိုးသုံးစား ရှိပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အလတ်စားက ပြည်ထောင်စု အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိပါတယ်။ အသေးစားနဲ့ လက်လုပ်လက်စားက တိုင်းဒေသကြီး အစိုးရရဲ့ စီမံခန့်ခွဲပိုင် ခွင့်အောက်မှာရှိပါတယ်" လို့ ဆိုပါတယ်။

ကျောက်မျက်ထွက်ရှိရာ နေရာကို ခွဲဝေတဲ့အခါ ဥပဒေထဲမှာ အကြမ်းဖျင်းအရ ဘူမိဗေဒသဘောအရ ကျောက်မျက် အများဆုံးထွက်ရှိရာ နေရာကို အလတ်စား တူးဖော်သူတွေကို ပေးမှာဖြစ်ပြီး အနည်းငယ် ထွက်ရှိတဲ့နေရာကို အသေးစား လုပ်ကွက်အဖြစ် သတ်မှတ်ပြီး လက်လုပ်လက်စား တူးဖော်သူတွေကို ပေးမှာဖြစ်တယ်လို့ ပါရှိကြောင်း ဦးအောင်နိုင်က ဆိုပါတယ်။

အခုလတ်တလော အခြေအနေမှာ နည်းဥပဒေ ရေးဆွဲတုန်းဖြစ်ပြီး ဒေသခံတွေ မကျေနပ်တာနဲ့ ပတ်သက်လို့ နည်းဥပဒေမှာအတိအကျ ပါလာမှာ ဖြစ်တဲ့အပြင် သယံဇာတ ခွဲဝေမှုတွေဟာ အဓိကကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်ထောင်စု အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းပြီးမှ ခွဲဝေသင့်တယ်လို့ မြင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ပြောပြပါတယ်။

မြန်မာ့ကျောက်စိမ်းကဏ္ဍ ရဲ့ ဝင်ငွေ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ ၂၀၁၃ ခုနှစ် မှာ ဟားဗတ်တက္ကသိုလ် ASH Center နဲ့ မြန်မာနိုင်ငံက လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Proximity Designs တို့ ပူးပေါင်းဆောင်ရွက်တဲ့ သုတေသနမှာ ကျောက်စိမ်းဝင်ငွေဟာ တစ်နှစ်ကို ၈ ဘီလီယံရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းမှာ ကျောက်မျက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တာဝန်ဝတ္တရားတွေ ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိတာ၊ စူးစမ်းရှာဖွေခြင်းနဲ့ feasibility လိုင်စင်ချထားပေးမှု မရှိတာ၊ အခွန်ကောက်ခံခြင်းနဲ့ တန်ဖိုးဖြတ်ခြင်းဖြစ်စဉ်တွေ မရှင်းလင်းခြင်းနဲ့ အခြားဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတာ၊ လက်လုပ်လက်စား ကျောက်တူးသူတွေအတွက် တာဝန်နဲ့ ရပိုင်ခွင့်တွေ မရှင်းလင်းတာ၊ ESIAs, HSE လုပ်ဆောင်မှု ဒီဇိုင်းနဲ့ပတ်သက်တဲ့ ရှင်းလင်းမှုတွေ မရှိတာ၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အားနည်းတာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ သယံဇာတ စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်းစုံက ကျွမ်းကျင်သူ ၁၅၀ ဦး သုတေသနပြုချက်ကို ပြန်လည်စစ်ဆေးတဲ့ NRGI အဖွဲ့အစည်းရဲ့ နိုင်ငံတော်အစိုးရအပေါ် အကြံပြု အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ