ရန်ကုန်တိုင်း လွှတ်တော်မှာ ကြားနာမယ့် ဝန်ကြီးများရုံးထဲက Spa ကိစ္စ

အတွင်းဝန်ရုံးဟာ အင်္ဂလိပ်အက္ခရာယူပုံသဏ္ဏန် ရှိပြီးတော့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။
Image caption အတွင်းဝန်ရုံးဟာ အင်္ဂလိပ်အက္ခရာ ယူပုံသဏ္ဏန် ရှိပြီးတော့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။

ရန်ကုန် မြို့ ဗိုလ်အောင်ကျော်လမ်းက ဝန်ကြီးများရုံးဟောင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းမာရေးဝန်ဆောင်မှု စင်တာတစ်ခု ဖွင့်လှစ်ခဲ့ပြီး အဲဒီမှာ spa ဝန်ဆောင်မှု ပါနေတဲ့ကိစ္စ ကို လွှတ်တော် လူမှုရေးရာကော်မတီက နိုဝင်ဘာ လပထမပတ်ထဲမှာ ကြားနာပွဲ လုပ်သွားဖို့ ရှိနေတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ ဝင် ဦးလှဌေး က ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့က ဖွင့်ပွဲ အပြီး မှာ အဲဒီနေရာမှာ spa ဝန်ဆောင်မှု ပါနေတယ် ဆိုတာကို လူမှုကွန်ရက်ကနေတစ်ဆင့် လွှတ်တော်ဘက်က သိရှိခဲ့တာဖြစ်ပြီးတော့ လူတွေက ကန့်ကွက်မှုတွေရှိလို့ ဒီကိစ္စကို ကြားနာဖို့ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ က ဆုံးဖြတ်လိုက်တာလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီးများရုံးဟာ အာဇာနည် ခေါင်းဆောင် တွေ ကျဆုံးခဲ့တဲ့ နေရာ ဖြစ်သလို မြန်နိုင်ငံ လွတ်လပ်ရေး သမိုင်းနဲ့လည်း ဆက်စပ်နေတဲ့ သမိုင်းဝင် နေရာ ဖြစ်တယ်လို့ လူအများစုက လက်ခံထားကြပါတယ်။

ရန်ကုန် မြို့ က ဝန်ကြီးများရုံးကို ပြီးခဲ့ တဲ့ အစိုးရလက်ထက်က စပြီး ထိန်းသိမ်းဖို့နဲ့ စီမံခန့်ခွဲဖို့ အတွက် အနော်မာ ကုမ္ပဏီ အုပ်စုက လုပ်ပိုင်ခွင့် ရ ထားတာ ဖြစ်ပြီး အခု spa ဝန်ဆောင်မှု ပါနေတဲ့ လုပ်ငန်းစုကို စင်္ကာပူက လာရောက်ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်တာ ဖြစ်တယ်လို့လည်း ဦးလှဌေး က ဘီဘီစီကို ပြောပါတယ်။

ဘာတွေပါနေလို့လဲ

Spa ဆိုတာက တော့ အသားအရေ ထိန်းသိမ်းပေါင်းတင်တာ အပြင် နှိပ်နယ်တာတွေလည်း ယေဘုယျအားဖြင့်တော့ ပါတတ်ပါတယ်။

"ကျွန်တော်တို့ ကြားရ၊ မြင် ရတဲ့ ပုံတွေ အရတော့ ထိုင်ခုံတွေနဲ့ အများတန်းစီပြီး နှိပ်တာတို့ ဘာတို့ရှိမှာပေါ့။ သီးခြား ကန့်လန့်ကာ ကာပြီးနှိပ်တဲ့လုပ်ငန်းမျိုးတော့ မဟုတ်ဘူး။ ဖွင့်ပွဲလုပ်ပြီး ပုံတွေ၊ သတင်းတွေ တက်လာမှ ပဲ သိရ တာ။ အဲဒီမတိုင်ခင် ဘာ သတင်းမှ မသိရ ဘူး "လို့လည်း ဦးလှဌေး ကပြောပါတယ်။

ဒီလုပ်ငန်းဟာ စည်ပင်က လုပ်ငန်းလိုင်စင်လည်း ရမထားဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကြားနာပွဲ လုပ်ရတာ သတင်းအချက် အလက် အမှန်ရ ချင်လို့ လုပ်ရတာပါ လို့လည်း ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီ ကပြောပါတယ်။

ကြားနာပွဲမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လိုက်ရင်တော့ ရလဒ် တစ်ခု ထွက်လာ မယ်လို့ ထင်တယ် လို့ လည်း ရန်ကုန်တိုင်းလွှတ်တော်ဘက် ကပြောပါတယ်။

ဝန်ကြီးများရုံး ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အနော်မာ ကုမ္မဏီ အုပ်စု ဘက်ကတော့ အခုဝေဖန်သံတွေညံနေတဲ့ စင်တာဟာ spa မဟုတ်သလို အနှိပ်ခန်းလည်း မဟုတ်ဘဲ ကျန်းမာရေးနဲ့ အလှအပစင်တာ တစ်ခုသာဖြစ်တယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

ဓာတ်ပုံ မူပိုင် Yangon Hluttaw
Image caption ၂၀၀၈ အခြေခံ ဥ ပဒေ ဇယား၂ အရ တိုင်း လွှတ်တော်မှာ ကြားနာလို့ရ

ဘယ်သူတွေတက်မှာလဲ

လွှတ်တော်က လုပ်မယ့်ကြားနာပွဲကို အနော်မာ ကုမ္ပဏီ ၊ ရန်ကုန်စည်ပင် ၊ရန်ကုန်တိုင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင်၊ ရန်ကုန်တိုင်းအစိုးရ ဘက်က တာဝန်ရှိသူတွေအပြင် တခြားသက်ဆိုင်ရာ ဌာနတွေ ကို ဖိတ်ကြားသွားမယ်လို့လည်း ဦးလှဌေး ကပြောပါတယ်။

"ကျွှန်တော် တို့ ကလွှတ်တော် ဖြစ်တော့ ပြည်သူလူထု အသံနားထောင်ရပါတယ်။ အခုလို ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလို့ ပြည်သူ့ဆန္ဒက ဘာလဲ၊ ပြည်သူတွေ မြင်နေတဲ့ဟာက ဘာလဲ ဆိုတာကို ပွင့်လင်းမြင်သာစွာ သိဖို့လုပ်ရတာပါ "လို့လည်း ဦးလှဌေး ကရှင်းပြပါတယ်။

အတွင်းဝန်များရုံး ဟာရန်ကုန်မြို့ရဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံ ဥပဒေ အရ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ လူမှုရေးနဲ့စီမံခန့်ခွဲရေးကော်မတီ က မြို့ပြ အဆောက် အအုံတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ လည်း ပြဌာန်းထားပါတယ် ။

Image caption ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့တဲ့ နေရာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော်၊ ပထမဆုံး အခြေခံဥပဒေ တို့ကို ရေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ် ။

မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံ

အတွင်းဝန်ရုံး ဟာ ရန်ကုန်မြို့လယ်မှာ ရှိပြီးတော့ ၁၆ ဧက ကျယ်ဝန်းပါတယ်။

၂၀၁၇ခုနှစ်က စတင်ပြီး အနော်မာ ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းနေပြီး အတွင်းဝန်ရုံးကို အာဇာနည်ပြတိုက်အဖြစ် အများပြည်သူ လာရောက်လေ့လာနိုင်ဖို့ ဒီနှစ်ထဲမှာပဲ ဖွင့်လှစ်ထားပါတယ်။

အတွင်းဝန်ရုံးဟာ အင်္ဂလိပ်အက္ခရာ ယူပုံသဏ္ဏန် ရှိပြီးတော့ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။

ဒီနေရာဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့တဲ့ နေရာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော်၊ ပထမဆုံး အခြေခံဥပဒေ တို့ကို ရေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ် ။

ရှစ်လေးလုံးပြတိုက် ကို အတွင်းဝန်ရုံးမှာပဲ ဖွင့်လှစ်ဖို့ ဇူလိုင်လတုန်း ကြိုးပမ်းမှုတွေရှိပေမယ့် မအောင်မြင်ခဲ့ပါဘူး ။

အတွင်းဝန်ရုံးကို ပုဂ္ဂလိကထံ လွှဲပြောင်းခဲ့ရာမှာ အနော်မာအဖွဲ့က တင်ဒါအောင်မြင်ခဲ့ပြီး ပြင်ဆင်ပြုပြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဝင်ကြေးပေးရတဲ့ Tour အစီစဉ်တွေနဲ့ ဝင်ရောက်လေ့လာခွင့်ပြုနေတာ ဖြစ်ပါတယ်။

လူတွေကတော့သမိုင်းအရ အခုလိုအရေးပါတဲ့နေရာကို အခုလိုSpa ဝန်ဆောင်မှုတွေလုပ်လာတာ မသင့်ဘူးလို့ ထောက်ပြကြတာလည်း ဖြစ်ပါတယ်။

ကြားနာပွဲကရလဒ်ထွက်မလား

ငှားရမ်းစဉ်က သဘောတူညီထား တဲ့ အချက်အလက်တွေ၊ လက်ရှိလုပ်ကိုင်နေတဲ့ အဆောက်အဦးနှင့် ဆိုင်တွေဟာ ဥပဒေနှင့်ညီညွှတ်မှုရှိမရှိ တဲ့ အချက်တွေကို လွှတ်တော်မှာ ကြားနာကြမှာ ဖြစ်ပါတယ်။

အဲဒီ Spa မှာ တစ်ဦးကို ၃ နာရီအတွက် ၅၅ ဒေါ်လာမှ ၁၃၀ ဒေါ်လာအထိ ဝန်ဆောင်ခရှိပြီး မိသားစုလိုက် လာရောက်ပါက ဒေါ်လာ ၇၀၀ ကျော်မှ ၁၀၀၀ ကျော်အထိ ဈေးနှုန်းရှိတယ်လို့ လည်း အဲဒီကို ရောက်ရှိခဲ့ သူတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ကြားနာပွဲ က ဥပဒေတွေသတ်မှတ်ချက်တွေနဲ့ ညီမညီကိုပဲ ကြည့်မှာပါ "လို့ လည်း ဦးလှဌေး ကပြောပါတယ် ။