ရခိုင်က မလုံခြုံမှု၊ ခွဲခြားဆက်ဆံမှုရဲ့အခြေခံအကြောင်းကို အမေရိကန်ကူညီဖြေရှင်းဖို့တောင်းဆို အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် MOFA
Image caption ရခိုင်ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေက မကျေနပ်မှုအကြောင်းအရာတွေ၊ နစ်နာခဲ့မှုတွေကို ဖြေရှင်းပေးဖို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်က အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အောက်တိုဘာ ၂၉ရက်နေ့က တွေ့ဆုံစဉ်မှာဆွေးနွေး တောင်းဆိုခဲ့ပါသေးတယ်။

ရခိုင်က မလုံခြုံမှု၊ ခွဲခြားဆက်ဆံမှုရဲ့အခြေခံအကြောင်းကို အမေရိကန်ကူညီဖြေရှင်းဖို့တောင်းဆို

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ၊ မလုံခြုံမှု၊ ခွဲခြားဆက်ဆံမှုတွေရဲ့ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းရာမှာ အမေရိကန်အနေနဲ့ကူညီပေးဖို့ကို ရခိုင်ပြည်နယ်က လူမှုအသိုက်အဝန်းခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၊ သက်ကယ်ပြင်စခန်းက လူမှုအသိုက်အဝန်း အကြီးအကဲ တွေ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ် တွေ့ဆုံခဲ့စဉ် တောင်းဆိုခဲ့တာလို့ ဖော်ပြပါတယ်။

ဒေးဗစ်စတေးဝဲလ်က မြန်မာနိုင်ငံကို အောက်တိုဘာလ နောက်ဆုံးအပတ်ထဲမှာ လာရောက်ခဲ့ကာ ရခိုင် ပြည်နယ်က လူမှုအသိုက်အဝန်းတွေက ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် တို့အပြင် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတွေ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေက မကျေနပ်မှုအကြောင်းအရာတွေ၊ နစ်နာခဲ့မှုတွေကို ဖြေရှင်းပေးဖို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်က အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အောက်တိုဘာ ၂၉ရက်နေ့က တွေ့ဆုံစဉ်မှာဆွေးနွေး တောင်းဆိုခဲ့ပါသေးတယ်။

ဓာတ်ပုံ မူပိုင် US Embassy- Rangoon
Image caption မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အားလုံးပူးပေါင်းဖို့လိုပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုတို့အရေးကြီးတာကိုလည်း ကာကွယ်ရေးဝန်ကြီး နဲ့တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တယ်

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဆက်ပြီး အားပေး ထောက်ခံမှာဖြစ်သလို၊ ရခိုင်ပြည်နယ်အကြပ်အတည်းကိုလည်း နှစ်နိုင်ငံအတူတကွဖြေရှင်းဖို့နဲ့ ပဋိပက္ခ ဖြစ်ခဲ့တဲ့နေရာတွေက မကျေနပ်မှုတွေကိုလည်း ဖြေရှင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးခဲ့ တာပါ။

မြန်မာနိုင်ငံအတွင်း အမေရိကန်ရဲ့ တာဝန်သိရင်းနှီးမြှပ်နှံ့မှုတွေရဲ့ အကျိုးရလဒ်တွေကိုလည်း ပြောဆို ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ လူမှုကွန်ယက်မှာ ရေးသားပါတယ်။

ဒါ့အပြင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အားလုံးပူးပေါင်းဖို့လိုပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုတို့အရေးကြီးတာကိုလည်း ကာကွယ်ရေးဝန်ကြီး နဲ့တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ ဖော်ပြချက်အရသိရပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်က အောက်တိုဘာ ၂၄ရက်က စတင်ကာ နိုဝင်ဘာ ၂၇ရက်နေအထိ မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ မလေးရှား၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်နေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုတော့ အောက်တိုဘာ ၂၇ရက်နေ့ကနေ ၃၀ရက်နေ့အထိ လာရောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်တာ့ မလေးရှားနိုင်ငံကို ဆက်လက်ထွက်ခွာမှာပါ။

ဓာတ်ပုံ မူပိုင် ONE Championship
Image caption ထိခိုက်မိသွားတဲ့လက်မကိုနေသားသကျဖြစ်အောင်ပြန်ခွဲစိတ်ကုသပြီးပါပြီ!

ထိခိုက်မိတဲ့ ONE Championship ဖိုက်တာအောင်လရဲ့လက်မအောင်မြင်စွာခွဲစိတ်ပြီးစီး

အောင်လအန်ဆန်ရဲ့ လက်မကို မူလအတိုင်းပြန်ဖြစ်အောင်ခွဲစိတ်မှုလုပ်ခဲ့တာ အောင်မြင်ပြီးစီးသွားပြီလို့ အောင်လက သူရဲ့ လူမှုကွန်ယက်ကနေ ပရိတ်သတ် တွေကို ခွဲစိတ်မှုအပြီးမှာပဲ အသိပေးခဲ့ပါတယ်။

"ထိခိုက်မိသွားတဲ့လက်မကိုနေသားတကျဖြစ်အောင်ပြန်ခွဲစိတ်ကုသပြီးပါပြီ!..အခုတော့နဂိုအတိုင်းပြန်ပြီးအရင်လိုလုပ်စရာရှိတဲ့အရာတွေကိုလုပ်ဆောင်နိုင်ပါတော့မယ်...အားလုံးပဲ.ကောင်းမွန်တဲ့ရက်သတ္တပတ်ဖြစ်ပါစေ" လို့ ခွဲစိတ်မှုအပြီး မှာ အောင်လက သူ့လူမှုကွန်ယက်စာမျက်နှာကနေ ပြောဆိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အခုတော့နဂိုအတိုင်းပြန်ပြီးအရင်လိုလုပ်စရာရှိတဲ့အရာတွေကိုလုပ်ဆောင်နိုင်တော့မယ်အောင်လ

ဂျပန်မှာ အောက်တိုဘာလ ဒုတိယအပတ်အတွင်းပြုလုပ်ခဲ့တဲ့ ONE Championship မှာ အောင်လအန်ဆန်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ဗဲရာတို့ထိုးသတ်အပြီးမှာ အခုလိုခွဲစိတ်ခဲ့တာပါ။

ခွဲစိတ်မှုပြီးပြီးခြင်းမှာပဲ ခွဲစိတ်မှုအောင်မြင်မှုလုပ်နိုင်ခဲ့တာနဲ့ သူ့ပရိတ်သတ်အားလုံးနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုလည်းကျေးဇူးတင်ကြောင်း ဗီဒီယိုဖိုင် အတိုကို လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

Image caption ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနိုမှာတော့ ငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် မြေပြိုမယ့် အစပျိုးမှုတွေ ဖြစ်နေပါတယ်။

အင်အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ ကလေးငယ်အပါအဝင် လူ ၇ဦးအထိ သေဆုံး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ၆.၆ မဂ္ဂနီကျူ့အဆင့်ရှိတဲ့ အင်အားပြင်းငလျင် တခု အင်္ဂါနေ့ အောက်တိုဘာလ ၂၉ရက်မှာလှုပ်ခတ် ခဲ့ပါတယ်။

အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ သူ့အဖေအပါအဝင် အနည်းဆုံး၇ဦး အသက်ဆုံးရှုံးတာကို တွေ့ရှိထားပြီး အများအပြားဒဏ်ရာရတယ်လို့ အာဏာပိုင်တွေကထုတ်ပြန်ထား ပါတယ်။

အဲဒီငလျင်ကြောင့် အဆောက်အဦးတွေပျက်စီး ဆုံးရှုံးတာအပြင် လူအသေ အပျောက်လည်းရှိနေပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနိုမှာတော့ ငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် မြေပြိုမယ့် အစပျိုးမှုတွေ ဖြစ်နေပါတယ်။

အာဏာပိုင်တွေကတော့ ငလျင်ကြောင့် သေဆုံးမှုတွေ မြင့်တက်နိုင်သလို၊ လုံခြုံရေးသတိပေးမှုတွေလည်း ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ