YUPT ဘက်က ရှယ်ယာ အမြတ်ငွေ မခွဲပေးနိုင်သေးတဲ့အပေါ် ရှယ်ယာရှင်တွေ ပြောဆို

သုံးနှစ်လုံးလုံး အမြတ်ငွေခွဲမပေးတဲ့အတွက် ရှယ်ယာရှင်များ ကန့်ကွက် ဓာတ်ပုံ မူပိုင် YE AUNG THU /Gettyimage
Image caption သုံးနှစ်လုံးလုံး အမြတ်ငွေခွဲမပေးတဲ့အတွက် ရှယ်ယာရှင်များ ကန့်ကွက်

ရန်ကုန် မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီ လီမိတက် (YUPT Public Co.Ltd) ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးပွဲကို အောက်တိုဘာလ ၃၀ ရက်မှာ ပြုလုပ်ရာမှာ ရှယ်ယာရှင်တွေက အမြတ်ငွေ ခွဲဝေဖို့နဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို ပြန်ရွေးကောက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့လုပ်တဲ့ အစည်းအဝေးကို တက်ခဲ့တဲ့ ရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်က " ကျွန်တော်တို့ကို လစဉ်ကြေး ပုံမှန်ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် အခုကျွန်တော်တို့ ကုမ္ပဏီမှာ အစိုးရက ၈၆ ရာခိုင်နှုန်း ၊ လုပ်ငန်းရှင်က ၁၄ ရာခိုင်နှုန်းဖြစ်နေတယ်။ အစိုးရက ရှယ်ယာများနေတယ်။ အဲဒါမှ မပေးနိုင်ဘူးဆိုလည်း ကျွန်တော်တို့ရှယ်ယာတွေကို ဝယ်ယူလိုက်ပါ ။ ကျွန်တော်တို့ ပိုက်ဆံတွေကို ပြန်အမ်းလိုက်ပါလို့ ဒီနှစ်ချက်တောင်းဆိုခဲ့တာပါ" လို့ ပြောပါတယ်။

ရန်ကုန်မှာ အများပြည်သူအတွက် ဆယ်စုနှစ်ပေါင်းများစွာ ပြေးဆွဲနေတဲ့ မထသ ယာဉ်လိုင်းစနစ်ကို ဖျက်သိမ်းပြီး ငွေပေးချေတဲ့ စနစ်အပါအဝင် နည်းပညာအကူအညီနဲ့ ခရီးသည်လုံခြုံရေး စောင့်ကြည့်စနစ်တွေကို အဆင့်ဆင့် ပြောင်းလဲ လုပ်ဆောင်သွားမယ်ဆိုပြီးရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်ဘတ်စ်စကားစနစ် (YBS) ကိုစတင်ပြေးဆွဲစေခဲ့ပါတယ်။

ကားလုပ်ငန်းပိုင်ရှင်တွေကတော့ ဒီစနစ်ကို အဲဒီအချိန်က ကြိုဆိုခဲ့ပေမယ့် စီမံခန့်ခွဲမှုပိုင်းမှာ လိုအပ်မှုတွေ ရှိနေတာကို ထောက်ပြခဲ့ဖူးပါတယ်။

ဒါ့အပြင် အကျိုးအမြတ်ခွဲဝေတဲ့အပိုင်းမှာ အာဏာပိုင်တွေဘက်က စည်းကမ်းတကျ ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောကြပါတယ်။

စတင်ပြေးဆွဲခဲ့စဉ်က ယာဉ်လိုင်းမလုံလောက်မှု နဲ့ ယာဉ်စီးရေ မလုံလောက်တဲ့ ပြဿနာအပြင် အဆင့်ဆင့်စီးနင်းရတဲ့ လိုင်းတွေကြောင့် ခရီးသည်တွေ လမ်းကြောင်း မသိလို့ အဆင်မပြေတာတွေ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရဟာ ပြည်သူပိုင်ငွေကျပ် ၇၈ ဘီလီယံနဲ့ ကားအစီးတစ်ထောင်ဝယ်ယူခဲ့ပြီး YBPC ကုမ္ပဏီကို ကားစီးရေ ၅၀ဝ၊ YUPT ကို ကားစီးရေ ၅၀ဝ ခွဲဝေကာ အများပိုင် ကုမ္ပဏီ နှစ်ခု ထူထောင်ပြီး ပြေးဆွဲ မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ YBPC က ငွေကျပ် ၂၉ ၃၈ ဒသမ ၉ ၃၉ သန်း၊ YUPT က ငွေကျပ် ၆၀၃ ဒသမ ဝ၇၉ သန်း အရှုံးပေါ်တယ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရဘက်က အခုလို ကျပ်ငွေ ဘီလီယံ ၇၀ ကျော်အထိ ထည့်ဝင်ထားတဲ့ YBS ကားတွေရဲ့ အရင်းကြေကာလကိုတော့ ရှစ်နှစ်ကနေ ငါးနှစ်အထိ ပြောင်းလဲ သတ်မှတ်ထားပါတယ်။

ဒီကနေ့ အစည်းအဝေးကို တက်လာတဲ့ လုပ်ငန်းရှယ်ယာရှင်တွေကတော့ အခု ထည့်ထားတဲ့ ကားတွေဟာ အသစ်တွေဖြစ်ပြီး ပြင်ဆင်စရိတ်တွေဖယ်ရင်တောင် အရှုံးမရှိနိုင်ဘူးလို့ ပြောဆိုကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
YBS ဘတ်စ်ကားစနစ် အဆင်ပြေလာပြီလား

အဓိကအားဖြင့် ဒါရိုက်တာအဖွဲ့မှာ ကားလုပ်ငန်း မကျွမ်းကျင်သူတွေ ပါဝင်တာကြောင့် ဒီဒါရိုက်တာအဖွဲ့ဝင်ရွေးကောက်ပွဲကို ပြန်လုပ်စေချင်တယ်လို့ ရှယ်ယာရှင် တစ်ဦးက ဆိုပါတယ်။

ရှယ်ယာရှင်တွေရဲ့ တောင်းဆိုချက်ကို ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးထူးဟန်စိုးကို မေးကြည့်တော့ သူ့အနေနဲ့ အခုအခြေအနေမှာ အမြတ်ငွေခွဲဝေမပေးနိုင်သေးတာပဲ ပြောနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါရိုက်တာ အဖွဲ့မှာ အဖွဲ့ဝင် ၈ ဦးရှိပြီး လေးဦးက ရန်ကုန်တိုင်း အစိုးရက တိုက်ရိုက်ခန့်ထားတဲ့ YUPT ဥက္ကဌ ဦးဇော်ထွန်း၊ အုပ်ချုပ်မှု ဒါရိုက်တာတွေဖြစ်တဲ့ ဒေါ်ပြုံးသာမြင့်၊ ဦးမိုးဟိန်း၊နဲ့ ဦးအောင်မြတ်တို့ကို ဖြစ်ပြီး ကျန်လေးဦးကတော့ ရှယ်ယာရှင်တွေက ရွေးကောက် တင်မြှောက်ထားသူတွေ ဖြစ်ပါတယ်။

ဒါကြောင့်ရှယ်ယာရှင်တွေရဲ့ တောင်းဆိုချက်အရ နောက်လာမယ့် ရွေးကောက်ပွဲမှာ ရှယ်ယာရှင်တွေ ရွေးချယ်တင်မြှောက်တဲ့ ဘုတ်ဒါရိုက်တာ ဦးရေကို ငါးဦးအထိ လက်ခံပေးမယ်လို့ YRT အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောခဲ့တယ်လို့ ရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေဆွေးနွေးဖလှယ်

ရန်ကုန်တိုင်းအစိုးရက ရင်းနှီးထည့်ဝင်ထားသည့် YBPC နှင့်YUPT အများပိုင်ကုမ္ပဏီနှစ်ခုမှာ မော်တော်ယာဉ် တွေရဲ့ တန်ဖိုးလျှော့စရိတ် (အရင်းကြေကာလ) ကို ၁၂ ဒသမ ၅ ရာခိုင်နှုန်း (အရင်းကြေကာလ ရှစ်နှစ်) လို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ရဲ့ တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာမှာသတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်စ်ကားကုမ္ပဏီတွေ တပြေးညီ မျှတမှုရှိစေဖို့ တန်ဖိုးလျှော့စရိတ် ၂၀ ရာခိုင်နှုန်း (အရင်းကြေကာလ ငါးနှစ်) အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

အခုအခါမှာတော့ YBS ယာဉ်လိုင်းမှာ ဝင်ရောက်ပြေးဆွဲနေတဲ့ ကုမ္ပဏီ ၂၅ ခုရှိပြီး ဘက်စ်ကား အစီး ခြောက်ထောင်ကျော်လောက် ရှိပါတယ်။ နေ့စဉ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်းပေါင်း ၁၁၉ လိုင်းရှိတယ်လို့ YRTA (Yangon Region Transport Authority ) ရဲ့ စာရင်းတွေအရ သိရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ဆက်စပ် အကြောင်းအရာများ