အစိုးရစစ်တပ်ကို ဝေဖန်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ထောင် တနှစ်ချ

Peacock Generation ဓာတ်ပုံ မူပိုင် ဒေါင်းတို့မျိုးဆက်

မြန်မာအစိုးရ စစ်တပ်ကို သံချပ်နဲ့ ဝေဖန်ခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က လူငယ် ၅ ယောက်ကို မရမ်းကုန်း မြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် တနှစ် ချမှတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး တယောက် က သူတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲတင်ခဲ့တာဖြစ်ပြီး အဲဒီ ဥပဒေပုဒ်မ က တပ်မတော်ကို ပြိုကွဲအောင်၊ တပ်မတော်မှာ အလုပ်ကိစ္စတွေကို မဆောင်ရွက်စေလိုအောင် ရည်ရွယ်ချက်နဲ့ ကောလဟလတွေ ထုတ်ခဲ့သူတွေကို တရားစွဲတဲ့ ပုဒ်မဖြစ်တယ်လို့ အဲဒီလူငယ်တွေရဲ့ ဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အခွင့်ထူးခံဖြစ်နေမှုတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း သံချပ်နဲ့ ဝေဖန်ခဲ့တာလို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ နဲ့ နီးစပ်သူ တွေက ဆိုပါတယ်။

အခုပြစ်ဒဏ်ကျခံရမယ့် မကေခိုင်ထွန်း၊ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူနဲ့ ကိုဇော်လင်းထွဋ် တို့ဟာ ဧပြီလကတည်းက အဖမ်းခံထားရတာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ သူတို့ကို အဲဒီအမှု နဲ့ စွဲချက်တင်ဖို့ မရမ်းကုန်း မြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

"အယူခံတင်ဖို့အတွက် အခွင့်အရေးရှိပေမယ့် ကိုဇေယျာလွင်တို့က အယူခံဘယ်မှ မတက်တော့ဘူး၊ ပြစ်ဒဏ်ချချင်လို့ကို ပြစ်ဒဏ်ချတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဘယ်အယူခံမှတက်မှာ မဟုတ်ဘူး" လို့ ပြောသွားတယ်လို့ သူတို့ တရားမျှတမှုရရေးအတွက် လိုက်ပါဝန်းရံဆောင်ရွက်ပေးနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်ဟောင်း တယောက်ဖြစ်တဲ့ ကိုမင်းသွေးသစ်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ဒေါင်းတို့မျိုးဆက်

ဒီလို ဒေါင်းတို့မျိုးဆက်ကို သံချပ်ထိုးတဲ့အတွက် အပြစ်ပေးတာဟာ ဆိုးရွားတဲ့ စီရင်ချက်ပဲဖြစ်တယ်၊ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိပါးဆုံးရှုံးနေတာကို ပြနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အရှေ့တောင်အာရှဆိုင်ရာ သုတေသန ဒါရိုက်တာ ဂျိုအန်း မရီနာက ပြောပါတယ်။

နှစ်သစ်ကူး သင်္ကြန်ကာလမှာ အာဏာပိုင်တွေရဲ့ ချို့ယွင်းချက်တွေ၊ မဆီမလျော် လုပ်ဆောင်တာတွေအပေါ် သံချပ်နဲ့ ဝေဖန်သရော်ထိုးနှက်ကြတာက မြန်မာ့ရိုးရာအစဉ်အလာ တခုဖြစ်ပါတယ်။

"စစ်တပ်အနေနဲ့ ဆတ်ဆတ်ထိမခံ တုန့်ပြန်နေမှသာ လူထုရဲ့အပြောအဆိုဒဏ်က လွတ်နိုင်မယ်လို့ မြင်နေပုံရတယ်၊ တကယ်တမ်း ဒီမိုကရေစီခေတ်ရောက်လာတဲ့အခါမှာ အရင်က မပြောရဲတဲ့ ပြည်သူတွေက စစ်တပ်ရဲ့မှားယွင်းမှုတွေ၊ နှိပ်စက်မှုတွေကို ပြောရဲလာကြတယ်၊ ဒီတော့ ဒီလိုပြောရဲလာတဲ့ ပြည်သူတွေကို ပါးစပ်ပိတ်သွားအောင် (ဒီလူငယ်တွေကို) နမူနာပြအနေနဲ့ ထောင်ချနေတာ"လို့လည်း ကိုမင်းသွေးသစ်က ပြောပါတယ်။

အခုဒီလူငယ် ၅ ယောက်ရဲ့ အမှုတွေက ဒီတခုတည်းနဲ့တင် မပြီးသေးပါဘူး။ ထောင်ထဲမှာ အဖမ်းခံထားရတဲ့ နောက်ထပ်သူတို့ သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုးတို့နဲ့အတူ ဗိုလ်တထောင် တရားရုံးမှာ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံထား ရတဲ့အပေါ် ဆက်ပြီး တရားရင်ဆိုင်ရဦးမှာပါ။

ဒါ့အပြင် သူတို့ထဲက တချို့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ တရားရင်ဆိုင်သွားရမှာဖြစ်သလို၊ ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တရားရုံးတွေမှာ အလားတူ ပုဒ်မနဲ့ စွဲဆိုထားတာတွေကိုလည်း ရင်ဆိုင် သွားကြရဦးမှာပါ။