အရပ်သားတွေကို စစ်တပ်က မြေမြှုပ်မိုင်း ဖော်ခိုင်းလို့ တယောက်သေဆုံးတယ်လို့ဆို

Rakhine

ဓာတ်ပုံ ရင်းမြစ်, Reuters

ရခိုင်ပြည်နယ် မြောက်ဦးမြို့နားက ရွာတရွာအနီးမှာ မြေမြှုပ်မိုင်းထောင်ထားတာကို တပ်မတော်စစ်ကြောင်း တခုက တွေ့ခဲ့ပြီး အနီးအနားက အရပ်သား ၂ ယောက်ကို မိုင်းဖော်ခိုင်းတဲ့အတွက် တယောက်သေဆုံးပြီး တယောက် ဒဏ်ရာရ သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဘီဘီစီ ကို ပြောပါတယ်။

မြောက်ဦးမြို့ရဲ့ အရှေ့ဘက် တမိုင်အကွာလောက်မှာရှိတဲ့ ရွာဟောင်းတောကျေးရွာ တံတားအနီးမှာ အောက်တိုဘာလ ၃၀ ရက် မနက် ၈ နာရီလောက်က ဒီအဖြစ်အပျက် ဖြစ်ခဲ့တာလို့ ပြောပါတယ်။

ဒီဖြစ်ရပ်ကို အနီးကပ် မျက်မြင်တွေ့ခဲ့သူ အရပ်သားတယောက်က တပ်မတော်က တပ်ကြပ်တယောက်က အဲဒီ အရပ်သားနှစ်ယောက်ကို မိုင်းဖော်ခိုင်းတာလို့ ဘီဘီစီကို ပြောပါတယ်။

သူက "သူတို့ (ရောက်နေတဲ့နေရာ)နဲ့ မိုင်းရှိတဲ့နေရာနဲ့ နီးတယ်၊ ကျွန်တော်တို့က အနောက်နားကျတယ်၊ အဲဒါသူတို့ကို ခေါ်ပြီး မိုင်းဖော်ခိုင်းတာ" လို့ ပြောပါတယ်။

ဖော်ခိုင်းတဲ့သူတွေက မငြင်းဘူးလားလို့ ဆိုတဲ့ အမေးကိုတော့ စစ်တပ်က တပ်ကြပ်က အဲဒီလူတွေကို "ခင်ဗျားတို့ ဒါတွေလုပ်လည်းလုပ်တတ်တယ်၊ ဖော်လည်းဖော်တတ်တယ်၊ ဖော်ခိုင်းရင်ဖော်၊ မဖော်ရင် ပစ်သတ်မယ်" လို့ စွပ်စွဲခြိမ်းခြောက်တာတွေ ကြားရတယ်လို့ သူက ဖြေပါတယ်။

အရပ်သားကို မိုင်းဖော်ခိုင်းတယ်ဆိုတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီက မေးမြန်းရာမှာတော့ သူက အဲဒီအကြောင်း သူမသိရသေးဘူး လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းဖော်ခိုင်းခံရပြီး ပေါက်ကွဲလို့ သေဆုံးသူက အမျိုးသားက မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်ကဖြစ်ပြီး မြောက်ဦးကို အပြန်လမ်းမှာ အခုလို ဖြစ်ခဲ့တာလို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

ဒဏ်ရာတွေရသွားသူကတော့ ကျောက်တော်မြို့နယ် ပီခေျာင်း လင့်စင်ရွာသစ်က ဖြစ်ပြီး လေးမြို့ခေျာင်းမှာ ကျောက်သွားကောက်နေတဲ့သူ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒဏ်ရာရသူကို မြောက်ဦးဆေးရုံကို ပို့လိုက်ကြတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် နေရာတွေမှာ အခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေကြပါတယ်။

တပ်မတော်တုံ့ပြန်မှု

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒီအရပ်သားတွေ ထိခိုက်ခဲ့တဲ့ မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အရပ်သားကို မိုင်းဖော်ခိုင်းတာ မရှိဘူးလို့ မိုင်းကွဲပြီး နောက်တစ်နေ့ အောက်တိုဘာလ ၃၁ ရက်မှာ တပ်မတော်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒီမိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အောက်တိုဘာလ ၃၁ ရက်မှာ တပ်မတော်ဘက်က ထုတ်ပြန်ချက် ထုတ်ခဲ့ပြီး အေအေက ရီမုဒ်မိုင်းနဲ့တိုက်လို့ အရပ်သားတွေ ဒဏ်ရာရခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

"တပ်ကရော၊ အရပ်ဘက်ကရော သွားလာနေတဲ့ အချိန်မှာ မိုင်းနှစ်လုံးကွဲတယ်။ မိုင်းသုံးလုံးမှာ ရီမုဒ်မိုင်းနှစ်လုံး ဖောက်ပြီးတိုက်တယ်။ ရီမုဒ်မိုင်းနှစ်လောက်ဖောက်ပြီးတော့ တစ်လုံးမကွဲဘဲ ကျန်ခဲ့တယ်။ အဲဒီရီမုဒ်မိုင်းတစ်လုံးကိုတော့ ဘယ်အရပ်သားမှလည်း မဖော်ခိုင်းဘူး" လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အောက်တိုဘာလ ၃၁ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

"ရီမုဒ် မိုင်းတစ်လုံးကို ဖော်ထုတ်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့အခါမှာ အေအေကနေပြီးတော့ ဘေးကနေပြီး ထပ်ဖောက်ခွဲတယ်" လို့ သူက ပြောပါတယ်။

"အဲဒါကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦး၊ ဟိုဘက်မှာ ရှိတဲ့ မိုင်းပေါက်ကွဲတဲ့နေရာမှာက ပန်းမြောင်းကနေ မြောက်ဦးကို ဆိုင်ကယ်စီးလာတဲ့ မြောက်ဦး ဗန္ဓုလ ရပ်ကွက်မှာနေတဲ့ ကျော်ထွန်းစိန်ရယ်၊ ကျော်နိုင်ထွန်းရယ်။ ကျွန်တော်တို့ဆီက စစ်သည်နှစ်ဦးလည်း ဒဏ်ရာရတယ်။ သူတို့ဆီက နှစ်ဦးလည်း ဒဏ်ရာရတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အေအေအဖွဲ့က ရီမုဒ်မိုင်းနဲ့တိုက်ခိုက်လို့ အရပ်သားနှစ်ယောက် ဒဏ်ရာရသွားတယ်၊ သူတို့ကို စစ်တွေ ပြည်သူ့ဆေးရုံနဲ့ တပ်မတော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ တပ်မတော်ရဲ့ အောက်တိုဘာလ ၃၁ ရက် ထုတ်ပြန်ချက်မှာ ပါပါတယ်။