ဘားအံကျေးရွာတချို့ကရေတွေ သောက်သုံးနိုင်မယ့်အခြေအနေမရှိဘူးလို့ ဓါတ်ခွဲတွေ့ရှိ အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် ALARM Myanmar
Image caption ရေတွေထဲမှာ ကလိုရင်းပါဝင်မှုတွေလည်း များပြားနေတာကြောင့် ငါးတွေသေဆုံးမှုဖြစ်နေတာကလည်း ရေအရင်းမြစ်ရဲ့ အနီးအနားမှာ ဘိလပ်မြေထုတ်လုပ်တဲ့ ကုန်ကြမ်းတွေ၊ ထုတ်လုပ်မှုက ထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လို့ဆို

ဘားအံကျေးရွာအချို့ကရေတွေ သောက်သုံးနိုင်မယ့်အခြေအနေမရှိဘူးလို့ ဓါတ်ခွဲတွေ့ရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ရေတွင်းကုန်းကျေးရွာ၊ ငါးသေချောင်းရိုး၊ ဇီးတောအင်းအစရှိတဲ့ နေရာတွေက ရေတွေ ညစ်ညမ်းမှုတွေဖြစ်နေလို့ သောက်သုံးဖို့ မသင့်တော်ဘူးလို့ စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအသင်းက အောက်တိုဘာ ၃၀ရက်မှာ ထုတ်ပြန်တဲ့ ဓါတ်ခွဲမှုအဖြေအရသိရပါတယ်။

အဲဒီပတ်ဝန်းကျင်က ရေတွေမှာ ရေတွင်း အောက်ဆီဂျင်ပါဝင်မှု နည်းနေတာ၊ ဓါတုပစ္စည်း ပါဝင်နေတာတွေကြောင့် သုံးစွဲရန်နဲ့ သောက်သုံးရန်မသင့်တာလို့ စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအသင်း ရဲ့ သုတေသနပညာရှင် စအောင်သက်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီရေတွေထဲမှာ ကလိုရင်းပါဝင်မှုတွေလည်း များပြားနေတာကြောင့် ငါးတွေသေဆုံးမှုဖြစ်နေတာကလည်း ရေအရင်းမြစ်ရဲ့ အနီးအနားမှာ ဘိလပ်မြေထုတ်လုပ်တဲ့ ကုန်ကြမ်းတွေ၊ ထုတ်လုပ်မှုက ထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဓါတ်ခွဲတွေ့ရှိချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အာရှ ပလပ်စတစ်အညစ်ညမ်းဆုံးမြစ်ထဲမှာ ဧရာဝတီမြစ်က အဆင့် ၉ ချိတ်

စိမ်းလန်းအမိမြေဖွံ့ဖြိုး တိုးတက်ရေးအသင်းက ရေညစ်ညမ်းမှုဖြစ်ပေါ်ကာ အရောင်ပြောင်းတယ်ဆိုတဲ့ရွာတွေက ရေနမူနာ ၁၀ခုကို အောက်တိုဘာ နောက်ဆုံးပတ်အတွင်းရယူကာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီကျေးရွာအချို့က ရေတွင်း ၇တွင်းရဲ့ တွင်းရေတွေကိုလည်း စစ်ဆေးခဲ့ရာ သောက်သုံးနိုင်တဲ့ စံသတ်မှတ်နှုန်း pH တန်ဖိုးထက်အနည်းငယ်ကျဆင်းနေပေမယ့်လည်း ကျိုချက်တာ၊ စစ်ယူကာ သောက်သုံးနိုင်တဲ့ အနေအထားမှာရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP/GETTY
Image caption ကမ်းပတ်လမ်းဖောက်လုပ်ရာမှာ အစိုးရဘတ်ဂျတ်ကိုအသုံးပြုပြီး ဖောက်လုပ်မယ့်အစီ အစဉ်နဲ့ ဒါမှမဟုတ် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုနဲ့ ဆောက်လုပ်မယ့်အစီအစဉ် စတဲ့ အစီအစဉ် ၂မျိုးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တိုင်းအစိုးရတို့အကြား ညှိနှိုင်းနေတဲ့ အဆင့်သာဖြစ်တယ်

ငရုတ်ကောင်းကနေ သံတွဲမြို့အထိ ဖောက်မယ့်ကမ်းပတ်လမ်း ကိစ္စ ညှိနှိုင်းတဲ့ အဆင့်သာရှိသေး

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ ကနေ ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းအထိ ဖောက်လုပ်မယ့် ကမ်းပတ်လမ်း စီမံကိန်းက တိုင်းအစိုးရနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က အကောင် အထည်ဖော်နိုင်ဖို့ ညှိနှိုင်းတဲ့ အဆင့်သာရှိသေးတာလို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

ခန့်မှန်းမိုင် ၁၂၀ကျော်ရှိတဲ အဲဒီကမ်းပတ်လမ်းဖောက်လုပ်ဖို့ကို ဧရာဝတီတိုင်းအစိုးရက ၂၀၁၇ခုနှစ် ကစပြီး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့တာလို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဝင်းဋ္ဌေးက အောက်တိုဘာ ၃၁ရက်မှာ ဘီဘီစီကိုပြောပါတယ်။

အခုအချိန်အထိ ကမ်းပတ်လမ်းဖောက်လုပ်ရာမှာ အစိုးရဘတ်ဂျတ်ကိုအသုံးပြုပြီး ဖောက်လုပ်မယ့် အစီအစဉ်နဲ့ ဒါမှမဟုတ် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုနဲ့ ဆောက်လုပ်မယ့်အစီအစဉ် စတဲ့ အစီအစဉ် ၂မျိုးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တိုင်းအစိုးရတို့အကြား ညှိနှိုင်းနေတဲ့ အဆင့်သာဖြစ်တယ်လို့ သူကပြော ပါတယ်။

ဘယ်လိုပုံစံမျိုးနဲ့ ဆောက်လုပ်နိုင်မယ်ဆိုတဲ့ တိုင်းအစိုးရရဲ့ သဘောထားပြုချက်ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပေးပို့ခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တိုင်းအစိုးရတို့အကြား သဘောတူညီချက်တခုရရှိပြီးမှသာ ပြည်ထောင်စု အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ကိုရယူဖို့ ထပ်မံတင်ပြရမှာဖြစ်တယ်လို့လည်း ဦးဝင်းဌေးက ပြောပါတယ်။

ကမ်းခြေပတ်လမ်းဖောက်လုပ်မယ့် လမ်းကြောင်းပေါ်မှာတည်ရှိနေတဲ့ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ တံတားကို လက်ရှိ သမ္မတဦးဝင်းမြင့်က ၂၀၁၈ခုနှစ် အောက်တိုဘာလမှာ လာဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီဖွင့်ပွဲမှာပဲ ဒီကမ်းပတ်လမ်းကိုဆောက်နိုင်မယ်ဆိုရင် နိုင်ငံလုံခြုံရေး၊ နိုင်ငံအနောက်ပိုင်းရဲ့ ဖွံ့ဖြိုးတိုးတက် ရေး၊ ခရီးသွားတွေ ကမ်းရိုးတန်းအရှည်ဆုံးနေရာကို လာရောက်လည်ပတ်နိုင်မယ့် အခွင့်အရေး အစရှိတဲ့ အကျိုးအမြတ်တွေကို ရနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ကမ်းခြေပတ်လမ်းကို ဖောက်လုပ်မယ်ဆိုပါက ကုန်ကျငွေ ကျပ်ဘီလီယံ ၃၀၀ လောက်ရှိနိုင်တယ်လို့ ဧရာဝတီတိုင်းအစိုးရက ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်တာနက်ကြော်ငြာတွေက မယုံနိုင်လောက်အောင်အစွမ်းထက်ပြီး စီးပွားဖြစ်ကြော်ငြာသူများအတွက် အလွန်ထိရောက်ပေမယ့် အဲဒီအရာကတော့ နိုင်ငံရေးအတွက်သိသာထင်ရှားတဲ့ အန္တရာယ်တွေဖြစ်စေ တယ်

တွစ်တာက နိုင်ငံရေးမဲဆွယ်တဲ့ ပို့စ်တွေအားလုံးကို ဖျက်မယ်

တကမ္ဘာလုံး တွစ်တာသုံးစွဲသူတွေရဲ့ နိုင်ငံရေးမဲဆွယ်တဲ့ ပို့စ်အားလုံးကို တားမြစ်၊ ပိတ်ပင်မယ်လို့ တွစ်တာက ဆုံးဖြတ်လိုက်ပါတယ်။

အင်တာနက်အသုံးပြုပြီး ကြော်ငြာတာအရမ်းထိရောက်မှုရှိသလို အဲဒါက နိုင်ငံရေးအရအသုံးပြုသူတွေ အတွက် အလွန်ထိရောက်မှုရှိပါတယ်။

အင်တာနက်ကြော်ငြာတွေက မယုံနိုင်လောက်အောင်အစွမ်းထက်ပြီး စီးပွားဖြစ်ကြော်ငြာသူများအတွက် အလွန်ထိရောက်ပေမယ့် အဲဒီအရာကတော့ နိုင်ငံရေးအတွက်သိသာထင်ရှားတဲ့ အန္တရာယ်တွေဖြစ်စေ တယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဒေါရေးစ် သူ့တွတ်တာစာမျက်နှာမှာ ရေးခဲ့ပါတယ်။

တွစ်တာရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဖေ့စ်ဘုတ်ကတော့ နိုင်ငံရေးဆိုင်ရာ ကြော်ငြာတွေကို ဖျက်ဖို့ ပျက်ကွက်နေ ပါသေးတယ်။

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေတော့မှာလည်း ဘယ်လိုအရာတွေကို ဖျက်မယ်ဆိုတာကို ပိုင်းခြားထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ