ရက်ရက်စက်စက် လူသတ်ဗီဒီယိုဖိုင်ကိစ္စ အေအေက ငြင်းပြီး တပ်မတော်လက်ချက်လို့ ပြန်စွပ်စွဲ

Graphic killing video ဓာတ်ပုံ မူပိုင် Facebook

လူမှုမီဒီယာမှာ အောက်တိုဘာလ ၃၀ ရက်နေ့က ပျံ့နှံ့ခဲ့တဲ့ ရက်စက်ကြမ်းကြုတ် အော့နှလုံးနာစရာ လူသတ်မှု ဗီဒီယိုဖိုင်တခုနဲ့ပတ်သက်ပြီး ဒါဟာ ရက္ခိုင့်တပ်တော် အေအေက ကျူးလွန်နေတာတွေကို မှတ်တမ်းတင်ထားတဲ့ဖိုင်လို့ လူအများကြားမှာ ပြောနေကြသလို အေအေကလည်း ဒါသူတို့ မဟုတ်ဘဲ တပ်မတော်ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ သတင်းလွှင့် တာလို့ တန်ပြန်စွပ်စွဲလိုက်ပါတယ်။

အဲဒီဗီဒီယိုဖိုင်က လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လူတယောက်ကို လက်နက်ကိုင်ထားတဲ့ သူတွေက ဝိုင်းထားပြီး သူတို့ထဲက တယောက်က အဲဒီလူကို တုတ်နဲ့ ရိုက်သတ်နေတာကို အသေးစိတ် ရိုက်ထားတဲ့ဗီဒီယို ဖိုင်ပါ။

အရိုက်ခံရတဲ့သူရော၊ ရိုက်တဲ့သူရော ပြောတဲ့ စကားတွေက ရခိုင် စကားလို့ယူဆနိုင်သလို၊ သူတို့ပြောနေကြတဲ့ စကားတွေကို နားထောင်ကြည့်ရင် ဒီလိုသတ်ဖြတ်နေတာကို ကျူးလွန်သူက အေအေက ဆိုတာမျိုး မှတ်ယူသွားနိုင်ပါတယ်။

ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် ဘယ်သူက ကျူးလွန်သည်ဖြစ်စေ၊ ဒီလိုလုပ်ရပ် အပေါ်ရှုတ်ချနေကြတဲ့ မှတ်ချက်တွေလည်း လူမှုမီဒီယာမှာ အတော်ပျံ့နှံ့ခဲ့ပါတယ်။

ဒီဗီဒီယိုနဲ့ပတ်သက်ပြီး တဖက်နဲ့တဖက် စွပ်စွဲနေကြတဲ့အပေါ် ဘီဘီစီက အေအေဘက်ကိုရော၊ တပ်မတော်ဘက်ကိုရော ဆက်သွယ်မေးမြန်းထားပါတယ်။

အေအေ ပြောခွင့်ရ ခိုင်သုခ နဲ့ဆက်သွယ်မေးမြန်းချက်

ဘီဘီစီ- အေအေ အနေနဲ့ ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာမျိုးလုပ်ပြီးပြီလား။

ခိုင်သုခ- အဲဒီ ဗီဒီယိုဖိုင်တက်လာကတည်းက ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ အောက်ခြေဘက်ကို အသေအချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးပြီ၊ ဆိုတော့ ကျွန်တော်တို့ဘက်က လုပ်တာတော့ အဲလိုမျိုးတွေလုံးဝမရှိဘူး၊ ကျွန်တော်တို့မှာက ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် တားမြစ်ထားတာရှိတယ်၊ အဲလိုမျိုး တရားလက်လွတ်ကိစ္စ လုပ်လို့ မရဘူးဗျ။

ဘီဘီစီ- အေအေအနေနဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ပတ်သက်ပြီး အရင်ကတည်းက ကျည်ဆန်နဲ့ စာတွေပို့ခဲ့တာမျိုးတွေရှိတယ်။ အခုဒီ ဗီဒီယိုဖိုင်ကိုတွေ့တဲ့ လူတွေအထဲ ဒါအေအေ လက်ချက်လို့ မြင်ကြတဲ့သူတွေအများကြီးပဲ။

ခိုင်သုခ- တချို့လူတွေပေါ့နော်၊ အထူးသဖြင့်တော့ ရဲတွေပေါ့၊ ရဲအလုပ်ကို ရဲလုပ်ဖို့ ဆိုပြီးတော့မှ၊ ဟို အဲ့လိုမျိုး သတိပေးစာတွေ ပို့ခဲ့တာရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ သတိပေးစာ ပို့တဲ့သူတွေထဲက ကျွန်တော်တို့ သတ်လို့သေတဲ့သူ တယောက်မှမရှိဘူး။ ပြည်သူလူထုတွေကို နှိပ်စက်ညှဉ်းပန်းတာတွေ၊ နှိပ်စက်တာတွေကို ဆက်မလုပ်ဖို့ အတွက် ကျွန်တော်တို့ကနေ သတိပေးခဲ့တာပဲဖြစ်တယ်၊ အဲဒီနောက်ပိုင်းမှာ တချို့လူတွေက လူထုတွေကို နှိပ်စက်တာတွေ၊ အနိုင်ကျင့်နေတာတွေ ရပ်သွားတာပေါ့နော်။

ဘီဘီစီ- အဲဒီဗီဒီယိုဖိုင်မှာ ရခိုင်လိုပြောနေကြတာမျိုးလည်း ရှိတယ်၊ အဲဒါတွေက ဘာတွေပြောနေကြတာလဲဗျ။

ခိုင်သုခ- အဲဒီမှာ ရခိုင်စကားလို့ပြောတယ်၊ ဒါပေမဲ့ သူတို့ပြောတဲ့ရခိုင်စကားက တခြားလူမျိုးတယောက်ယောက်က ရခိုင်စကားတတ်လို့ပြောတဲ့ပုံစံမျိုးဖြစ်နေတယ်၊ ကျွန်တော်ထင်တာတော့ အဲဒီမှာပါတဲ့သူတွေဟာ ရခိုင်စစ်စစ်ဖြစ်ချင်မှ ဖြစ်နိုင်မယ်၊ ဆိုတော့အဲဒီ တချက်လည်း ကျွန်တော် အဲဒီမှာ သုံးသပ်ကြည့်တာပေါ့။

ဘီဘီစီ- အခုဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး အေအေက မဟုတ်ဘူးဆိုရင်၊ အများပြည်သူ အမြင်ရှင်းအောင် အေအေက ဘယ်လိုလုပ်မှာလဲ။

ခိုင်သုခ- ကျွန်တော်တို့က တကယ်ဒီလိုမျိုးသတ်တယ်ဆိုရင် ဒီဗီဒီယိုဖိုင်က ဗမာစစ်လော်ဘီတွေ ဆီကို ဘယ်လိုမှရောက်စရာအကြောင်းမရှိဘူး၊ အခုဒီဗီဒီယိုဖိုင် တက်လာ တာက ဗမာစစ်တပ် လော်ဘီတွေရဲ့ အကောင့်က စပြီးတော့တက်လာတာဖြစ်တယ်။

နောက်ပြီး တော့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ရောက်နေတဲ့အချိန်နဲ့ ချိန်ကိုက်ပြီးတော့ တက်လာတာ ဖြစ်တယ်။

ကျွန်တော်တို့က ပြောနိုင်တဲ့အချက်တချက်က ခင်ဗျား ဒီ ဖေ့ဘွတ်ကို ကြည့်လိုက်ပါ။ ဖေ့ဘွတ်မှာ ဒီလိုမျိုးရက်ရက်စက်စက်သတ်တဲ့ ဗီဒီယိုဖိုင်မျိုးကို စစ်တပ်က လော်ဘီ မဟုတ်ပဲ နောက်တယောက်ကနေ တင်ကြည့်လိုက်ပါ။ အဲလိုတင်လို့ရှိရင် အခုချက်ချင်း ဖြုတ်ချခံရမယ်။ အခုချက်ချင်း အကောင့်အပိတ်ခံရမယ်၊။ အခုဟာ က အဲဒီက စစ်တပ်က လော်ဘီတွေ တင်တဲ့ဟာမို့လို့ ကြည့်လို့ တောက်လျှောက်ရနေတယ်(မှတ်ချက် - အဲဒီ ဗီဒီယိုဖိုင် နာရီအတော်ကြာ ဖေ့ဘွတ်မှာ ရှိနေခဲ့ပြီး နောက်ပိုင်းမှာ ဖြုတ်ချခံရပါတယ်)၊ ဆိုတော့ ဒီဟာက စစ်တပ်ကပါဝင်ပတ်သက်နေတယ်ဆိုတာ အတော်လေးထင်ရှားနေတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

ဘီဘီစီ- အေအေ က ပြောတာကတော့ လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ အဲဒီဗီဒီယိုဖိုင်က တပ်မတော်ကို ထောက်ခံနေတဲ့ လော်ဘီလုပ်နေတဲ့ အကောင့်တွေဆီကနေစပြီးပျံ့နှံ့ခဲ့တာလို့ ပြောတယ်၊ ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဘယ်လိုပြောချင်ပါလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - ကျွန်တော်ပြောနိုင်တာတခုကတော့ တပ်မတော်က မဟုတ်မှန်းလည်း ခင်ဗျားတို့လည်း သိတာပဲ၊ ကြည့်လိုက်ရင် ပြောနေတဲ့ လူရော၊ ကိုင်တဲ့ လက်နက်ရော တပ်မတော်ကမဟုတ်မှန်းတော့ အကုန်လုံးက သိတာပဲ၊ တပ်မတော်ကို အားပေးအားမြှောက် ပြောနေတဲ့ အကောင့်လို့ရော ဘာအထောက်အထားနဲ့ ပြောလဲ၊ ဘာအထောက်အထားနဲ့ ပြောလဲ ဆိုတာ ဒီအချိန်မှာတော့ အကောင့် အတုတွေက အများကြီးရှိတာပဲ။

ဘီဘီစီ- တပ်မတော်ဘက်က အဲဒါနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းတာရော ရှိလား။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - မေးမြန်းစရာ မရှိပါဘူး၊ လူမှုကွန်ရက်မှာ ပျံ့တယ်ဆိုတာ ၊ ဒါတွေက ကျွန်တော်တို့က မေးမြန်းစရာမရှိဘူး။

ဘီဘီစီ- အေအေဘက်ကလည်း ပြောတာတွေရှိတယ်၊ အရင်တုန်းက AA စခန်းမှာ World Food Program (UN) က တံဆိပ်တွေ (အစားအစာ) တွေ့တယ် ဆိုပြီး ဝါဒဖြန့်တာ တွေရှိတယ် ဆိုပြီး ပြောတယ်၊ ဒီလိုပဲ အခု ဝါဒဖြန့်တာလို့ သူတို့က ပြောတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ချင်ပါလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - ဘယ်သူမှ အပင်ပန်းခံပြီး အဲဒါတွေ ယူသွားစရာ အကြောင်း မရှိဘူး၊ သွားရလာရ ခက်ခဲတဲ့နေရာမှာ သူတို့စခန်းချထားတာ၊ အဲဒီနေရာတွေက မိခဲ့တဲ့ဟာတွေပဲ၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောစရာလည်း အကြောင်းမရှိဘူး။

ဘီဘီစီ- နောက်ပြီး အေအေပြောတဲ့အထဲမှာ ဗမာ၊ ရခိုင် တိုင်းရင်းသားတွေကြားမှာ အထင်လွဲအောင် လုပ်တယ်၊ အဲဒါမျိုး စွပ်စွဲထားတာတွေ ကော ဘယ်လို ဖြေရှင်းမလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - အဲဒါ လုပ်နေတဲ့ဟာ ရခိုင်ပါပဲ၊ ရှင်းရှင်းပဲ ကျွန်တော် ပြောလိုက်မယ်၊ ခင်ဗျား ဒီမှာ အေအေ ရောက်မလာခင်ကတည်းက၊ လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့ တပ်တွေ အဲဒီမှာရှိနေတာ၊ ဘာများ ပဋိပက္ခဖြစ်ပွားတာရှိခဲ့လို့လဲ၊ ရခိုင်၊ ဗမာ ဆိုတာလည်း မရှိခဲ့ဘူး။ နောက်ပြီးတော့ ဘင်္ဂါလီနဲ့ ပတ်သက်ပြီးဖြစ်လာရင် တိုင်းရင်းသားတွေကို ကျွန်တော်တို့ ကယ်ဆယ်ခဲ့ရတာပဲ၊ ဒီပုံရိပ်တွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖျက်နေတဲ့ လူတွေလည်းရှိတယ်။ ဘယ်သူက စလုပ်တာလဲ၊ ဒီ ရခိုင်-ဗမာ ခွဲခြားတဲ့ ဟာတွေကို တင်ထားတဲ့ ဟာတွေကနေ၊ ပြောတဲ့ဟာတွေကနေ သိနိုင်တယ်။

ဘီဘီစီ- ဒီဗီဒီယိုထဲမှာ အသတ်ခံရတယ်ဆိုတာ ကတော့ ထင်ရှားနေပြီလေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အေအေအပါအဝင်၊ တပ်မတော် အပါအဝင် အရပ်သားတွေ ရဲ့ လုံခြုံရေးအတွက် ဘယ်လောက်စဉ်းစားဖို့လိုမလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း - ကျွန်တော့်အနေနဲ့ ပြောစရာမရှိပါဘူးဗျ၊ ပြောစရာ မရှိဘူးဆိုတာက ခင်ဗျားတို့အနေနဲ့လည်း သိပြီးသားပဲ၊ ဒီဗီဒီယို ဖိုင်က ဘယ်သူ့ ဗီဒီယို ဖိုင်လဲ ဆိုတာလည်း မြင်ပြီးသားပဲ၊ စကားပြောနေတာ ဘယ်သူတွေ ပြောနေတာ၊ လက်နက်တွေ ကြည့်ရင် ဘယ်သူတွေဆိုတာ သိနေတာပဲ။