မြောက်ဦးမှာ တပ်ယာဉ်တန်း မိုင်း ၇ လုံးခွဲ တိုက်ခိုက်ခံရ

ကားတချို့ ထိခိုက်သွားခဲ့ပေမယ့် တခြားထိခိုက်မှုတွေ မရှိဘူးလို့ဆို ဓာတ်ပုံ မူပိုင် Myint Liwn
Image caption ကားတချို့ ထိခိုက်သွားခဲ့ပေမယ့် တခြားထိခိုက်မှုတွေ မရှိဘူးလို့ဆို

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြောက်ဦး အရှေ့ဘက် ရွာဟောင်းတောရွာအနီး တပ်မတော် အဓိက အသုံးပြု သွားလာနေတဲ့လမ်းမှာ အောက်တိုဘာ ၃၁ ရက်က တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကားတချို့ ထိခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က အတည်ပြု ပြောကြားပါတယ်။

ပေါက်ကွဲမှုတွေ မနက် ၁၀ နာရီကျော်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီနေရာဟာ အောက်တိုဘာ ၃၀ ရက်မှာလည်း ရီမုဒ်မိုင်း ဖောက်ခွဲ တိုက်ခိုက်ခံရတဲ့နေရာ ဖြစ်ပါတယ်။

တပ်မတော်ကားတန်းသွားတဲ့လမ်းမှာ မိုင်း ၇ လုံးပေါက်ကွဲပြီး တစ်လုံးက မကွဲပဲ သိမ်းဆည်းရမိခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် ကားတချို့ ထိခိုက်သွားခဲ့ပေမယ့် တခြားထိခိုက်မှုတွေ မရှိဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့ တပ်မတော်ယာဉ်တန်းက အုပ်ချုပ်မှုကိစ္စသွားတာပေါ့။ ရွာဟောင်းတောနဲ့ ဘုရားအုပ်အကြားမှာ တံတားတစ်ခုရှိတယ်။ အဲ့ဒီတံတားအကျော်မှာ မိုင်းခွဲတာတော့ ၈ လုံးခွဲတာပေါ့။ တစ်လုံးမကွဲဘဲ ၇ လုံး ကွဲတယ်။ လမ်းကတော့ ပျက်သွားတာပေါ့။ အုပ်ချုပ်မှုယာဉ်တန်းကားတစ်စီး မိုင်းစထိမှန်တယ်။ ဒါပဲရှိတယ်"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီနေရာမှာ တပ်မတော်ကားတန်းတွေ ရက်ဆက် မိုင်းခွဲ တိုက်ခိုက်ခံရတဲ့ အပေါ် တပ်မတော်ဖက်က နယ်မြေလုံခြုံရေးတွေဆောင်ရွက်နေတဲ့အတွက် ကျေးရွာသားတွေအနေနဲ့ အပြင်ကို ထွက်ဖို့ အခက်အခဲတွေ ရှိခဲ့တယ်လို့ ရွာဟောင်းတော ရွာသားတစ်ဦးက ပြောပါတယ်။

တပ်အင်အား ရာနဲ့ချီပြီး ကျေးရွာအပြင်ဘက်မှာ နေရာယူထားတာကြောင့် မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အသံကို ကြားလိုက်ရပေမယ့် အိမ်အပြင် ထွက်ဖို့အတွက် အခက်အခဲရှိတာကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရဘူးလို့ သူက ပြောပါတယ်။

"မိုင်းက မနက် ၁၀ နာရီလောက်က ပေါက်တယ်။ ကားနှစ်စီးကတော့ ပြန်သွားတယ်။ တစ်စီးကတော့ ပျက်သွားတယ်လို့ပြောပါတယ်။ ထိခိုက်တာတွေရှိတယ်လို့ ကြားတယ်။ အရပ်သားထိခိုက်မှုတော့မရှိဘူး။ ပိစိတောင်ဆင်းလမ်း ပန်းမြောင်းနဲ့ ကိုးသောင်း လမ်းဆုံနားမှာ ဖြစ်တာပါ"လို့ အမည်မဖော်လိုတဲ့ ရွာဟောင်းတော ကျေးရွာသားတစ်ဦးက ပြောပါတယ်။

မိုင်းခွဲ တိုက်ခိုက်ခံလိုက်ရပြီးနောက် တပ်မတော်ဘက်က လက်နက်ကြီး နှစ်ချက်ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် ကျေးရွာဘက်ကိုတော့ ပစ်ခတ်တာတွေ မရှိဘူးလို့လည်း ပြောပါတယ်။ ရွာကိုပစ်ခတ်မှု မရှိပေမယ့် ရွာသားတွေက စိုးရိမ်နေကြပါတယ်။

အဲ့ဒီလမ်းဟာ လက်ရှိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာဘက်ကို သွားလာရေးအတွက် တပ်မတော်က အဓိက အသုံးပြုနေတဲ့ လမ်းဖြစ်ပြီး မိုင်းဖောက်ခွဲမှုတွေ ဆက်တိုက် ဖြစ်နေတာပါ။