အသည်းကင်ဆာဖြစ်နိုင်တဲ့ မှိုအဆိပ်ပါ ငရုပ်သီးမှုန့်တွေ မန္တလေးမှာတွေ့အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Getty Images
Image caption မှိုအဆိပ်ကြောင့် လတ်တလော အဆိပ်အတောက်ဖြစ်နိုင်တာ၊ ကိုယ်ခံအားနည်းစေတာ၊ မွေးရာပါရောဂါ တွေဖြစ်တာ၊ သန္ဓေသားကို ထိခိုက်နိုင်တာတွေအပြင် အဓိကတော့ အသည်းကင်ဆာကို ဖြစ်စေတယ်လို့ စစ်ဆေးတွေ့ရှိအတည်ပြုထား

အသည်းကင်ဆာဖြစ်နိုင်တဲ့ မှိုအဆိပ်ပါငရုပ်သီးမှုန့်တွေ မန္တလေးမှာတွေ့

အသဲကင်ဆာဖြစ်နိုင်တဲ့ မှိုအဆိပ်ပါ ငရုပ်သီးမှုန့်၊ အရောင်တင်မှုန့် တံဆိပ်အမျိုးအစားပေါင်း ၇၄ခုအထိ မန္တလေးမှာ တွေ့ထားရတယ်လို့ မန္တလေးတိုင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးပြောဆိုချက်ကို နိုဝင်ဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။

၂၀၁၉ခုနှစ်အတွင်း မန္တလေးတိုင်းထဲက ငရုပ်သီးမှုန့်နဲ့ အရောင်တင်မှုန့်အမျိုးအစားပေါင်း ၃၅၈ခုကို စစ်ဆေးရာမှာ မှိုအဆိပ်ပါတဲ့ အမျိုးအစားပေါင်း ၇၄ခုကို တွေ့ခဲ့တာဖြစ်ပါတယ်။

အဲဒီ အမျိုးအစား ၇၄မျိုးက မှိုအဆိပ် ပါဝင်နိုင်ခွင့်ရှိတဲ့ ပမာဏထက် ကျော်လွန်ပြီး ပါနေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မှိုအဆိပ်ကြောင့် လတ်တလော အဆိပ်အတောက်ဖြစ်နိုင်တာ၊ ကိုယ်ခံအားနည်းစေတာ၊ မွေးရာပါရောဂါ တွေဖြစ်တာ၊ သန္ဓေသားကို ထိခိုက်နိုင်တာတွေအပြင် အဓိကတော့ အသည်းကင်ဆာကို ဖြစ်စေတယ်လို့ စစ်ဆေးတွေ့ရှိအတည်ပြုထားကြတယ်လို့ သူကပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်ဆာ ရှိမရှိကို မြန်မြန် သိမယ့် ဆေးသစ်

တွေ့ရှိတဲ့ ငရုပ်သီးမှုန့်နဲ့ အရောင်တင်မှုန့်အမျိုးအစားတွေကို စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲရေး နည်းလမ်းတွေနဲ့ အရေးယူနေတယ်လို့ ဒေါက်တာနီနီအေးက ပြောပါတယ်။

အဲဒီမှိုအဆိပ်ကိုတော့ ငရုပ်သီးမှုန်တွေအပြင်၊ ဆန်၊ ဂျုံ၊ မြေပဲ၊ ပြောင်းဖူးတို့လို သီးနှံမျိုးတွေအပြင် ပဲပုပ်၊ နနွင်းနဲ့ နို့စားနွားတွေက ထွက်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း တွေ့ရနိုင်တယ်ကျန်းမာရေးဆိုင်ရာ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

မှိုအဆိပ်က အပူပိုင်းဒေသတွေမှာ အဓိကတွေ့ရတာဖြစ်ပြီးတော့ မှိုအဆိပ်မပါရှိအောင် ကောင်းမွန်စွာ အခြောက်ခံတာ၊ နေလှန်းတာ၊ အခြောက်ခံစက်တွေအသုံးပြုပြီး လိုအပ်တဲ့ အပူချိန်ရအောင်လုပ်တာတွေ ကိုပြုလုပ်ရမယ်လို့ ဒေါက်တာ နီနီအေးက ပြောပါတယ်။

မြန်မာနိုင်ငံက ကင်ဆာအဖြစ်အများဆုံးနိုင်ငံတွေစာရင်းထဲမှာလည်း ပါဝင်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘရိုကိုလီ နဲ့ ကိုက်လန် က ကင်ဆာ ကို တွန်းလှန်နိုင်
Image caption တရုတ်နဲ့ ကိုရီးယားထုတ်ကားတွေရဲ့ ဈေးနှုန်းကလည်း သိန်း ၂၀၀ ကျော်ကနေစတင်တာဖြစ်လို့ အောက်ခြေလူတန်းစားတွေ ကားစီးနိုင်ဖို့ အခွင့်အရေးမရှိဘူး

၂၀၂၀ ကားမူဝါဒ ၂၀၁၉ခုနှစ်ထက် နှစ်သတ်မှတ်ချက် ထပ်တိုး

၂၀၂၀ခုနှစ် ကာတင်သွင်းခွင့်မူဝါဒမှာ လူစီးကားတွေတင်သွင်းခွင့်ကို ၂၀၁၇ခုနှစ်ထုတ်ကနေစပြီး ၂၀၂၀ အထိလို့ သတ်မှတ်လိုက်တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ထက် ထုတ်လုပ်နှစ် တစ်နှစ်ထက်တိုး လိုက်ပါ တယ်။

လက်ျာကပ်မောင်းတဲ့ စနစ်ကြောင့်လည်း တင်သွင်းတဲ့ကားတွေက ဘယ်မောင်းကားတွေသာတင်သွင်း ရမှာဖြစ်ပါတယ်။

အဲဒီသတ်မှတ်ချက်ကို မော်တော်ယာဉ်တင်သွင်းခြင်းနဲ့ သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက အောက်တိုဘာလ ၃၁ရက်မှာ သတ်မှတ်ထုတ်ပြန်တာဖြစ်ပါတယ်။

အနောက်နိုင်ငံကထုတ်လုပ်တဲ့ကားတွေက ဘယ်မောင်းအများစုဖြစ်ပြီးတော့ ဈေးနှုန်းအရ ကြီးမြင့်တာကြောင့် အခုသတ်မှတ်ချက်အရဆိုရင် ကားတစ်စီးတန်ဖိုး သိန်း ၈၀၀ ကျော်ကနေ သိန်း ၁၀၀၀ အထိရှိတဲ့ ကားတွေကိုသာ တင်သွင်းလို့ရမယ့်အနေအထားမှာ ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂျပန်က ကားဝါသနာအိုးများ

ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကလည်း ဘယ်မောင်းတွေကိုထုတ်လုပ်နေတာဖြစ်လို့ တရုတ်နဲ့ ကိုရီးယား ကားတွေ ဒါ့အပြင် ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ဘယ်မောင်းသတ်မှတ်ထုတ်လုပ်တဲ့ ခုနှစ်အတိုင်း ရှိတဲ့ ကားတွေကို ပြည်သူတွေက ဝယ်ယူစီးနင်းကြဖို့သာ လက်ရှိမူဝါဒက အားပေးရာရောက်တယ်လို့ ကားအရေး ဆောင်းပါးတွေရေးသားနေတဲ့ ဦးကျော်နိုင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ဘယ်မောင်နဲ့ မြင့်မားတဲ့ ထုတ်လုပ်တဲ့ ခုနှစ်သတ်မှတ်ချက်တွေကြောင့် အရည်အသွေးပိုင်းနိမ့်တဲ့ တရုတ်ကားနဲ့ ကိုရီးယားကားတွေအပြင် ပြည်တွင်းတပ်ဆင်တဲ့ အရည်အသွေးနိမ့်ကားတွေသာ အများဆုံး စီးနင်းကြရတာကြောင့် အသက်အန္တရယ်ကိုပါ ခြိမ်းခြောက်ရာ ရောက်နေတယ်လို့ သူကဆိုပါတယ်။

အဲဒီတရုတ်နဲ့ ကိုရီးယားထုတ်ကားတွေရဲ့ ဈေးနှုန်းကလည်း သိန်း ၂၀၀ ကျော်ကနေစတင်တာဖြစ်လို့ အောက်ခြေလူတန်းစားတွေ ကားစီးနိုင်ဖို့ အခွင့်အရေးမရှိဘူးလို့ သူကပြောပါတယ်။

အခုလို ထုတ်လုပ်တဲ့ နှစ်ကန့်သတ်မှုကို ၂၀၁၆ခုနှစ်နောက်ပိုင်းက စတင်ပြီး နှစ်စဉ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နျူကလီးယား ထိပ်ဖူးတပ်ဆင်ထားနိုင်ပြီး ရေငုပ်သင်္ဘောကနေ ဒုံးကျည် ပစ်လွှတ်တာကြောင့် ဒုံးကျည်တွေကို ရှာဖွေနိုင်ဖို့ ခက်ခဲသလို၊ ပစ်လိုတဲ့ ပစ်မှတ်တွေနဲ့ အနီးစပ်ဆုံးကို ရောက်ရှိကာ ပစ်ခတ်နိုင်ပါတယ်

ပဲ့ထိန်းဒုံကျည် ၂စင်းကို ဂျပန်ပင်လယ်ထဲ မြောက်ကိုးရီးယားပစ်လွှတ်စမ်းသပ်

ဂျပန်ပင်လယ်ပြင်ထဲကို ပဲ့ထိန်းဒုံးကျည် ၂စင်း မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးကလည်း ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ အရာဝတ္ထုကို ဟာမျိုးကို တွေ့ခဲ့ရတယ်လို့ အတည်ပြုပါတယ်။

ဒီလအစောပိုင်းမှာလည်း မြောက်ကိုရီးယားက ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ရတဲ့ ဒုံးကျည်အမျိုးအစား တွေကိုလည်း စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ မူပိုင် KCNA VIA REUTERS
Image caption အဲဒီဒုံးကျည်ကို မြောက်ကိုရီးယားရဲ့ ပြုံယမ်းတောင်ပိုင်းကနေ ပစ်လွှတ်တာလို့ ဆိုးလ်မြို့တော် ပူးပေါင်းရေးအဖွဲ့ရဲ့ အရာရှိက ပြောပါတယ်။

စမ်းသပ်ခဲ့တဲ့ဒုံးကျည်တွေကတော့ နျူကလီးယား ထိပ်ဖူးတပ်ဆင်ထားနိုင်ပြီး ရေငုပ်သင်္ဘောကနေ ဒုံးကျည် ပစ်လွှတ်တာကြောင့် ဒုံးကျည်တွေကို ရှာဖွေနိုင်ဖို့ ခက်ခဲသလို၊ ပစ်လိုတဲ့ ပစ်မှတ်တွေနဲ့ အနီးစပ်ဆုံးကို ရောက်ရှိကာ ပစ်ခတ်နိုင်ပါတယ်။

ကြာသာပတေးနေ့က ပစ်လွှတ်တဲ့ ဒုံးကျည်ကတော့ အရှေ့ပင်လယ်လို့ သိကြတဲ့ ဂျပန်ပင်လယ်ပြင် ထဲကို ရောက်ရှိခဲ့ပါတယ်။ အဲဒီဒုံးကျည်ကို မြောက်ကိုရီးယားရဲ့ ပြုံယမ်းတောင်ပိုင်းကနေ ပစ်လွှတ်တာလို့ ဆိုးလ် ပူးပေါင်းရေးအဖွဲ့ရဲ့ အရာရှိက ပြောပါတယ်။