ဘုတ်ပြင်းမှာ တောဆင်ရိုင်းကိုသတ်ပြီး အရေခွံခွာ၊ နှာမောင်းဖြတ်ယူ

ဓာတ်ပုံ ရင်းမြစ်, Local Supporter
တောဆင်ရိုင်းကို အရေခွံ့ခွာ၊ နှာမောင်းဖြတ်ယူသွားတာ ဘိတ်နဲ့ ကော့သောင်းခရိုင်မှာ ၅နှစ်အတွင်း ပထမ ဆုံးပဲ၊ သတ်ခံရတာမဟုတ်ပဲ သူ့သဘာဝအလျောက်သေတာတွေကတော့ ၄ကောင်လောက်ပဲရှိတယ်
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာတောထဲက ဆင်ရိုင်းတကောင်ကို သတ်ဖြတ်ပြီး၊ ဆင်အရေခွံခွာကာ နှာမောင်းပါဖြတ်ယူသွားတယ်လို့ ဘုတ်ပြင်းမြို့နယ် သစ်တောအုပ် ဦးတင်မောင်လတ်က ဘီဘီစီကို နိုဝင်ဘာလ ၁ရက်နေ့မှာ ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာတောထဲမှာ အောက်တိုဘာ နောက်ဆုံးပတ်အတွင်းမှာ ဆင်မုဆိုးတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
သတ်ဖြတ်ခံရတဲ့ဆင်က ဟိုင်းဆင်အမျိုးအစားဖြစ်ပြီးတော့ အသက်ရွယ်အားဖြင့် ၄၅နှစ်အရွယ်လို့ သစ်တောဌာနက ခန့်မှန်းထားပါတယ်။
"တောဆင်ရိုင်းကို အရေခွံ့ခွာ၊ နှာမောင်းဖြတ်ယူသွားတာ မြိတ် နဲ့ ကော့သောင်းခရိုင်မှာ ၅နှစ်အတွင်း ပထမ ဆုံးပဲ၊ သတ်ခံရတာမဟုတ်ဘဲ သူ့သဘာဝအလျောက်သေတာတွေကတော့ ၄ကောင်လောက်ပဲရှိတယ်" လို့ ဦးတင်မောင်လတ်က ဘီဘီစီကိုပြောပါတယ်။
သတ်ဖြတ်သွားတဲ့ ဆင်မုဆိုးကိုတော့ မဖမ်းမိသေးပေမယ့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၄၁နဲ့ အမှုဖွင့်ကာ ဖမ်းဆီးနိုင်ရေး ပြင်ဆင်နေ တယ်လို့သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (မြန်မာ) WWF-Myanmar ကတော့ မြန်မာ့ဆင်တွေက နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်တော့မယ့် အနေအထားကို ရောက်နေပြီလို့ ထုတ်ပြန်ထားပါတယ်။ ဆင်စွယ်၊ ဆင်သားရေနဲ့ အခြားအစိတ်အပိုင်းတွေကို တရားမဝင်ရောင်းချဖို ဆင်တွေကို အမဲလိုက်သတ်ဖြတ်တာကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁ အရ မျိုးသုဉ်းမယ့် အန္တရာယ်ကနေ လုံးဝကာကွယ်ထားတဲ့တောရိုင်း တိရိစ္ဆာန် တွေကို သတ်ဖြတ်ရင်ထောင်ဒဏ် ၃နှစ်ကနေ ၁၀နှစ် အထိချမှတ်နိုင်တယ်လို့ ၂ဝ၁၈ ခုနှစ် မေလ ၂၁ ရက်နေ့က အသစ်ပြင်ဆင် ပြဋ္ဌာန်းခဲ့ ပါတယ်။
ဆင်တွေ ဘာကြောင့် ပြာငွေ့ ရှူ
၂၀၁၁ ခုနှစ်က နောက်ဆုံးကောက်ခံ ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင် ရေ ၁,၄၀၀ နဲ့ ၂,၀၀၀ ကြားရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒီနှစ်နောက်ပိုင်းတွေမှာ အသတ်ခံရမှုတွေ များလာတာကြောင့် အဲ့ဒီ အရေအတွက်ထက် အများကြီးနည်းနိုင်တယ်လို့လည်း ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကိုင် နေသူတွေက ပြောပါတယ်။
၂ဝ၁၅ ခုနှစ်မှာ တောဆင်ရိုင်း ၃၅ ကောင်နဲ့ ၂ဝ၁၆ မှာ တောဆင်ရိုင်း ၂၆ ကောင်၊ ၂ဝ၁၇-၁၈ ခုနှစ်မှာ ၅၉ ကောင်အထိ သတ်ဖြတ်ခံရတယ် လို့ စာရင်းဇယားတွေ အရ သိရပါတယ်။ ဆင်မုဆိုးတွေ အမဲလိုက်သတ်ဖြတ်မှုက အမျာဆုံးဖြစ်ပြီး တော့ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး မှာ တောဆင်ရိုင်းတွေ အများဆုံးသတ်ဖြတ်ခံနေရတယ်လို့ သစ်တောဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံပြီးရင် အာရှဆင်ကောင်ရေ အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင်ရေ ၁ဝဝ,ဝဝ ခန့်အထိ ရှိခဲ့ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံ တောဆင်ရိုင်းကောင်ရေဟာ ၂,ဝဝဝ အောက် ရောက်ရှိနေပြီလို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထား ကြပါတယ်။

မြန်မာ့ တောဆင် တွေ အသတ် ခံနေ ရတာတွေကို ပိုပြီး ကာကွယ်ဖို့ လို
ပြီးခဲ့တဲ့ ၆ နှစ်တာ ကာလ အတွင်း ဆင်သတ်ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ သိရှိ ထားရသမျှ ကောင်ရေ ၁၃၃ ကောင် သေဆုံး ခဲ့။