ထိုင်းကို ထွက်ပြေးတဲ့ ဦးစိုးထွန်းရှိန်ကို မြန်မာကို ပြန်လွှဲပေး

ဦးစိုးထွန်းရှိန်ကို ရဲတပ်ဖွဲ့အစောင့်အရှောက်နဲ့အတူ မန္တလေးကို ဆက်လက် လွှဲပြောင်းပေးခဲ့ပါတယ်။ ဓာတ်ပုံ မူပိုင် Tachileik News Agency
Image caption ဦးစိုးထွန်းရှိန်ကို ရဲတပ်ဖွဲ့အစောင့်အရှောက်နဲ့အတူ မန္တလေးကို ဆက်လက် လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ တရားခံပြေးအဖြစ် ကြေညာထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်ကို နိုဝင်ဘာ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်ကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်ကို လုံခြုံရေးအစောင့် အရှောက်နဲ့ လွှဲပြောင်း ပေးပါတယ်။

ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံဘက်ကနေ လွှဲပြောင်းပေးခဲ့ပြီး ရဲတပ်ဖွဲ့အစောင့်အရှောက်နဲ့အတူ မန္တလေးကို ဆက်လက် လွှဲပြောင်းပေး ခဲ့တယ်လို့ တာချီလိတ်မြို့ ဒုရဲမှူးလှဦးက ဘီဘီစီကိုအတည်ပြု ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့က ဘယ်လို ဆက်လက်လုပ်ဆောင်မလဲဆိုတာကို သူက ပြောဆိုခဲ့ခြင်း မရှိပါဘူး။

နှစ်ဖက် ရဲတပ်ဖွဲ့တွေ ချိတ်ဆက် လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူ ဦးချမ်းမြေ့စောက ဘီဘီစီကို ပြောပါတယ်။

"လေဆိပ်တန်းပြီး ဆင်းသွားတယ်၊ ဒီဘက်ကလည်း ရဲအဖွဲ့အစောင့်အရှောက်နဲ့ပေါ့နော်၊ သူ့ကို တယောက်တည်း သီးသန့်လွှဲတာခင်ဗျ၊ တခြားလူတွေနဲ့ ရောခေါ်လာတာမျိုးတော့ မဟုတ်ဘူး၊ ဒီဘက်မှာ လက်ခံပြီးတော့ တခါတည်း လေဆိပ်တန်းဆင်းသွားတာ သူတယောက်တည်းကို၊ ကားပေါ်မှာ အလုံပိတ်နဲ့ အထဲမှာ ဘာမှ မမြင်ရပါဘူး၊ ကားအလုံပိတ်နဲ့ လွှဲသွားတာ" လို့ သူက ပြောပါတယ်။

ဦးစိုးထွန်းရှိန်ဟာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ထဲက ဧက ၆ဝဝဝ ကျော်ကျယ်ဝန်းတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်ကို နိုင်ငံတော်နဲ့ စာချုပ်ချုပ်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီလို လုပ်ကိုင်ခဲ့ရမှာ ဦးစိုးထွန်းရှိန်ရဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ အစိုးရကို ပေးဆောင်စရာ ရှိတာကို မပေးဆောင်ဘဲ ပျက်ကွက်ခဲ့တဲ့ အပြင် လုပ်ကွက်ကို ပိတ်ပင်ပြီးနောက်မှာလည်း ရွှေတူးဖော်တာတွေကို တရားမဝင် ဆက်လက် လုပ်ကိုင်ခဲ့တဲ့အတွက် သတ္တုတွင်း ဥပဒေပုဒ်မ ၃ဝ(က)၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆၁တို့နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

ဦးစိုးထွန်းရှိန်ကို စွဲဆိုထားတဲ့ ပုဒ်မတွေက ထောင်ဒဏ် ၁ဝနှစ်အထိ အမြင့်ဆုံး ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။

ဦးစိုးထွန်းရှိန်အပါအဝင်နောက်ထပ် ၄ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားခံပြေး အဖြစ် ၂ဝ၁၉ ခုနှစ် မတ်လက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာ ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံမှာတွေ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးမယ် ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခု ထိုင်းရဲတပ်ဖွဲ့က တရားခံပြေး အဖြစ် ပြန်လည်လွှဲပြောင်း ပေးရာမှာတော့ ဦးစိုးထွန်းရှိန်တဦး တည်းသာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ