ကယားဝန်ကြီးချုပ်ကို အမျိုးသားသစ္စာဖောက် အဖြစ် ကြေညာခဲ့တဲ့ ကရင်နီလူငယ်တွေ ထောင်၆ လ ကျ

ကရင်နီလူငယ်တွေ ထောင်ဒဏ် ၆လစီ ကျ ဓာတ်ပုံ မူပိုင် Alamy
Image caption ကရင်နီလူငယ်တွေ ကြေညာချက်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အမှု အတွက် ထောင်ဒဏ် ၆လစီ ကျ

ကယားပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင်တချို့ကို ကရင်နီ အမျိုးသား သစ္စာဖောက်အဖြစ် ကြေညာသူ ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက နိုဝင်ဘာ ၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၆ လချမှတ်လိုက် တယ်လို့ တရားခွင်ကို သွားရောက်နားထောင်ခဲ့တဲ့ ကယန်းမျိုးဆက်သစ် လူငယ် ဥက္ကဋ္ဌ ခွန်ဘားနဒ်က ဘီဘီစီကို ပြောပါတယ်။

မတ်၂၅ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင် တချို့နဲ့ ပတ်သက်ပြီး ကရင်နီလူငယ်တွေ ဘက်က စွပ်စွဲပြစ်တင်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့အမှု အတွက် ထောင်ဒဏ် ၆လစီ ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ကရင်နီလူငယ် ၆ ဦးဟာ ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားပေးရေး အဓိက လုပ်ဆောင်ခဲ့တဲ့ လူငယ်တွေဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု အကာအကွယ်ပေးရေး ဥပဒေ (နိုင်၊လွတ်၊လုံ) ပုဒ်မ ၁၀ နဲ့ စွဲချက်တင်ခဲ့တာပါ။

သူတို့ဟာ ချုပ်ရက်တွေ ထုတ်နုတ် ခံစားဖို့ ရှိတာကြောင့် ထောင်ထဲမှာ နောက်ထပ် တစ်လကျော်လောက်တော့ ဆက်နေရဖို့ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် UKSY
Image caption အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကရင်နီတွေ မေးခွန်းထုတ်

ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ လူငယ် ၆ဦးထဲက တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေး ကတော့ "အမျိုးသား တန်းတူရေးလို့ပြောပြီး တိုင်းရင်းသားတွေ အပေါ် ကျူးလွန်နေတာ ဟာနိုင်ငံရေး ရာဇဝတ်မှု ကျူးလွန်နေတာပဲ ဆိုတာ အားလုံး မျက်ဝါးထင်ထင် တွေ့ ကြရတာပဲ။ တိုင်းရင်းသားလူနည်းစုတွေ အပေါ် အကာအကွယ်ပေးတဲ့ ဥပဒေလိုမျိုးလိုအပ်တယ်ဆိုတာ ပြတာပဲ"လို့ ပြောပါတယ်။

"ကျွန်တော်တို့ ပြောချင်တာက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်တွေက ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေ ဖြစ်ပါတယ်။ ဒီသဘောတရားတွေကို ကျင့်သုံးတဲ့အချိန်မှာ အာဏာရှိတဲ့သူတွေက လိုသလိုဆွဲတဲ့ ပုံစံမျိုးနဲ့ ဥပဒေတွေကို သုံးထားပြီး အခုလို ထောင်ချတာကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် မကောင်းဘူး" လို့ ခွန်ဘားနဒ်က ပြောပါတယ်။

၂၀၁၉ ဖေဖော်ဝါရီလအတွင်းက လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံ မှာ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် စိုက်ထူမှုကို သပိတ်စခန်းဖွင့် ကန့်ကွက်ခဲ့ကြတာကို ပြည်နယ်အစိုးရက အင်အားသုံးဖြိုခွင်းလို့ ပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို၊ ပြည်နယ် စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမော်မော်နဲ့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီဝင်တွေကို နိုင်ငံတော် ရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးရဲ့ ရန်သူများ၊ ကျေးဇူးကန်းသူများ အဖြစ် ကရင်နီ လူငယ်တွေက မတ်လ မှာကြေညာချက် ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

အဲဒီ့ အတွက် လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ နိုင်၊လွတ်၊လုံ ပုဒ်မ ၁ဝ နဲ့ ကရင်နီ ပြည်သူ့အင်အားစု အဖွဲ့ဝင်တွေကို တရားစွဲခဲ့တာပါ။

ဓာတ်ပုံ မူပိုင် UKSY
Image caption ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်

အဲဒီနောက် ကရင်နီလူငယ်တွေကို ဇွန်လတုန်းက ဖမ်းဆီးခဲ့ပါတယ်။

ထောင်ဒဏ် ချမှတ်ခံလိုက်ရပေမယ့်လည်း ကရင်နီလူငယ်တွေအနေနဲ့ ကယားပြည်နယ်ကနေ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးနဲ့ပတ်သက်ပြီး တောင်းဆိုတဲ့ သဘောထား ပြောင်းလဲသွားခြင်း မရှိသလို ထောင်က လွတ်လာရင်လည်း မူလရပ်တည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ကရင်နီလူငယ်တွေရဲ့ သဘောထားကို ကရင်နီလူငယ် မူအန်းဂျေလာက ပြောပြပါတယ်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ကရင်နီလူငယ်တွေ အနေနဲ့ အခု ချမှတ်လိုက်တဲ့ပြစ်ဒဏ်ကို အယူခံဝင်သွားဖို့ မရှိဘူးလို့လည်း လူငယ်တွေရဲ့ဆန္ဒကို မူအန်းဂျေလာက ပြောပြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်နဲ့ ပတ်သက်ပြီး ကြေးရုပ်မရောက်ခင်ကတည်းက မထားဖို့ ကရင်နီလူငယ်ထုဘက်က ဆန္ဒပြ တောင်းဆိုခဲ့ကြ သလို ဆန္ဒပြတောင်းဆိုမှုတွေကြောင့် လူငယ်အများစု တရားစွဲဆို ဖမ်းဆီးခံရတာ တွေလည်းရှိခဲ့ပါ တယ်။