တပ်တရားစွဲမှုအတွက် မြဝတီမင်းကြီး ကျောင်းတိုက်ကို အာမခံတင်

သိန်း ၁၀၀ နဲ့ အာမခံတောင်းရာမှာ မြဝတီမင်းကြီးကျောင်းတိုက် အာမခံတင် ဓာတ်ပုံ မူပိုင် MPA
Image caption သိန်း ၁၀၀ နဲ့ အာမခံတောင်းရာမှာ မြဝတီမင်းကြီးကျောင်းတိုက် အာမခံတင်

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင် အရိယဝံသာဘိဝံသကို အသရေဖျက်မှုနဲ့ တပ်မတော်က တရားစွဲထားမှုအတွက် အာမခံလျှောက်ထားရာမှာ သူရဲ့ အာမခံအတွက် မြဝတီမင်းကြီးကျောင်းတိုက်ကို အာမခံတင် ကိုယ်တိုင်လျှောက်ထားခဲ့တယ်လို့ ဆရာတော်က ဘီဘီစီကို ပြောပါတယ် ။

နိုဝင်ဘာလ ၇ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန် တရားရုံးမှာ ကနဦး ရုံးထုတ်ပြီးတော့ အာမခံအတွက် ကျပ် သိန်း ၁၀၀ အာမခံတောင်းရာမှာ ဆရာတော်က မြဝတီမင်းကြီးကျောင်းတိုက်ကို အခုလို အာမခံ တင်ခဲ့တာ ဖြစ်ပါတယ်။

မဘသ အဖွဲ့ကို နာမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ် သိန်း ၃၀၀ လှူဒါန်းမှု အပါအဝင်၊ တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုနဲ့ ပတ်သက်ပြီး မြဝတီမင်းကြီး ဆရာတော်ကို အရေးယူပေးဖို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက ပြည်ကြီးတံခွန် မြို့နယ် တရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ်မီဒီယာနဲ့ အင်တာဗျူးမှာ ဆရာတော်ရဲ့ ပြောကြားချက်တွေဟာ တပ်မတော်ကို ထိခိုက်စေတာလို့ ယူဆပြီး ဒုတိယဗိုလ်မှူးကြီး သော်တာထွေးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတာကို တရားရုံးက လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption အရေးယူပေးဖို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက တိုင်ကြား

"ကျောင်းတိုက်နဲ့ အာမခံပေးတဲ့ သဘောပေါ့ဗျာ။ တရားသူကြီးက ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးတင်ရ မယ်ဆိုလို့ အာမခံ တင်လိုက်တာ "လို့ ဆရာတော်က မိန့်ပါတယ်။

ဒီအမှု တရားရုံးကို လျှောက်တုန်းကတော့ ပုဒ်မ ၅၀၅ (က) နဲ့ပါ တရားစွဲဖို့လျှောက်ခဲ့တာပါ။

ရာဇသတ်ကြီးမှာ ပုဒ်မ ၅၀၅ (က) ကို ဖော် ပြထားတာက ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား သို့ တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကို သော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏တာဝန်ဝတ္တရားကို မလေးစားခြင်း သော်လည်းကောင်း၊ ပျက်ကွက်ခြင်း သော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုနိုင်တယ်လို့ ဖော်ပြထား ပါတယ်။

ဒါပေမယ့် တရားရုံးက ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲ လက်ခံခဲ့ပါတယ်။

ခေတ်သစ်မီဒီယာနဲ့ အင်တာဗျုးမှာ ဖြေခဲ့တဲ့ အကြောင်းရာတွေဟာ တပ်ကို ဂုဏ်သိက္ခာ ညှိုးစေတယ်၊ တပ်သားတွေကို စိတ်ဓာတ် ကျဆင်းစေတယ်ဆိုပြီး တရားစွဲတာလည်းဖြစ်ပါတယ်။

ဒီ့မတိုင်ခင် တပ်မတော်ကို ဝေဖန်တဲ့ အင်တာဗျုးပါစကားတွေကို ပြည်ကြီးတံခွန်က ဒုရဲမှူး ဝင်းကျော်ကျော်လွင် က ဟုတ်ပါသလားလို့ လာရောက်စစ်ဆေးမေးမြန်းခဲ့ပြီး ဆရာတော်က မှန်ပါတယ်လို့ရဲတပ်ဖွဲ့ ကို ပြောကြားခဲ့ ပါတယ်။

တရားရုံးဘက်ကတော့ တပ်မတော်က စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့ဘက်က စစ်ဆေးချက်တွေကို စိစစ်ပြီးမှ လက်ခံခဲ့တာ လို့ ယူဆရပြီး ပုဒ်မ ၅၀၅ (က) ကို ချန်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆရာတော်က ပြောပါတယ်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကို တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုမှုနဲ့ အရေးယူပေးဖို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တပ်မတော်က စက်တင်ဘာလက ဦးတိုက်လျှောက် တိုင်တန်းခဲ့ပါတယ်။

တပ်မတော်က မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်အပြင် ရွှေဝါရောင် ဆရာတော် နှစ်ပါးကိုလည်း တရားစွဲထား ပါသေးတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption နောက်ရုံးချိန်းကို တရားရုံးက နိုဝင်ဘာလ ၂၂ ရက်

ဆရာတော်ရဲ့အမှုကို ရှေ့နေဦးသိန်းသန်းဦးက လိုက်ပါဆောင်ရွက်ပေးမှာဖြစ်ပြီးတော့ နောက်ရုံးချိန်းကို တရားရုံးက လာမယ့် ၂၂ ရက် နေ့ ချိန်းဆိုလိုက်ပါတယ်။

တပ်မတော်ကို ဝေဖန်ပြောဆိုတာကြောင့် တပ်မတော်က တိုက်ရိုက် တရားစွဲဆိုမှု ၂၄ မှု၊ တပ်မတော်ကို ဝေဖန်လို့ ကြားက ဝင်ရောက်စွဲဆိုမှု ၆ မှု စုစုပေါင်း ၃၀ မှု ရှိကြောင်း၊ အခု တွက်ချက်မှုဟာ တပ်မတော်က တရားစွဲဆိုခဲ့ တဲ့ မြဝတီကျောင်းတိုက် ဆရာတော်အမှုရှေ့က အမှုတွေသာ ဖြစ်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အသံအဖွဲ့က ထုတ်ပြန်ထားပါတယ် ။

အခု တပ်က တရားစွဲထားတာနဲ့ ပတ်သက်လို့ ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့လည်း ဆရာတော်က ပြောပါတယ် ။

"ဘုန်းကြီးတို့မှာ ဓမ္မ မူဘောင်ရှိပါတယ်။ အာတူးပီလို့ ခေါ်ပါတယ်။ သာသနာ့တာဝန် ထမ်းဆောင်ရမယ်။ နိုင်ငံသားတစ်ယောက် ဖြစ်စေ အဖွဲ့စည်းဖြစ်စေ ဓမ္မလမ်းကြောင်းကို သွေဖည်ပြီး လုပ်နေရင် ပြောဖို့တာဝန် ဘုန်းကြီးတို့မှာ ရှိတယ်။ နိုင်ငံသားတိုင်းမှာလည်း ရှိပါတယ်။ Responsibility to Protect လို့ ခေါ်တာပေါ့"လို့ ဆရာတော်က ပြောပါတယ်။