ဘာဘ်ဘယ်မုန်တိုင်း အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသတချို့ နေရာကွက် မိုးကြီးနိုင်

ရန်ကုန်မိုး ဓာတ်ပုံ မူပိုင် AFP/Getty Images

ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဘာဘ်ဘယ်မုန်တိုင်း အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် တချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသ ဌာနဆီက သိရပါတယ်။

ဒီမုန်တိုင်း အရှိန်ကြောင့် ရန်ကုန်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ တိုင်းနဲ့ ချင်းနဲ့ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

"မိုးကြီးနိုင်တဲ့ အခြေအနေကြောင့် တောင်ကုန်းတောင်တန်း ဒေသတွေ ရှိတဲ့ ချင်းတို့ ဘာတို့မှာဆို မြေပြိုမှု ဘေးအန္တရာယ်တွေ သတိပြုဖို့လိုတယ်" လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ တောင်ကျချောင်းရေ ကျနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်လို့လည်း ဦးကျော်မိုးဦးက ပြောပါတယ်။

"အချိန်အကြာကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျလာတဲ့ အချိန်မှာလည်း တဟုန်ထိုးကျတာ ဖြစ်တဲ့အတွက် သတိပြုဖို့လိုတယ်" လို့ ပြောပါတယ်။

"အထူးသဖြင့်တော့ ချောင်းခြောက်တွေ ဘာတွေမှာ နေတဲ့သူတွေ။ မြစ်အကြီးတွေမှာ နေတဲ့သူတွေမှာတော့ တအားကြီး သက်ရောက်မှု မရှိနိုင်ဘူး" လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images

ဘာဘ်ဘယ် မုန်တိုင်းဟာ အခုအခါ အိန္ဒိယနိုင်ငံ ပါရာဒစ်မြို့ကို ဦးတည် ရွေ့လျားနေပြီး ဒီမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစပ်ကနေ ဝင်ပြီး အိန္ဒိယထဲကို ကုန်းတွင်းမုန်တိုင်းအနေနဲ့ သွားမှာဖြစ်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်း အရှိန်ကြောင့် အထူးသဖြင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနေတယ်။ မိုးသက်လေပြင်း တစ်နာရီကို ၅၅ မိုင်လောက် တိုက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးရွာသွန်းမှာ ဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ ချင်း၊ ရခိုင် တို့မှာ နေရာ စိပ်စိပ်က နေရာ အနှံ့အပြား မိုးရွာနိုင်တယ်။ နေပြည်တော်၊ တနင်္သာရီ၊ ကချင်၊ ရှမ်း ကယား၊ ကရင်၊ မွန် တို့မှာ နေရာ ကျဲကျဲ မိုးရွာ နိုင်တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်မှာတော့ ရန်ကုန်မှာ မိုးရွာခဲ့ပြီး မိုးရွာနေတာ နှစ်ရက်၊ သုံးရက် ဆက်တိုက် ရှိပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အားအလွန်ကောင်းတဲ့ ဒီ ဆိုင်ကလုန်း မုန်တိုင်းဟာ နိုဝင်ဘာလ ၈ ရက် ညနေ ၄ နာရီ ခန့်မှန်းချက်အရ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်ကို လာနိုင်ခြေ မရှိလို့ ဒီမုန်တိုင်းကို အဝါအရောင် အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသ ဌာနက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊‌ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်အောင် မိုးလေဝသ ဌာနက နှိုးဆော်ထားပါတယ်။