သုံ့ပန်းချင်း လဲလှယ်မယ်ဆိုတဲ့ အေအေ ထုတ်ပြန်ချက်အပေါ် တပ်မတော် တုံ့ပြန်မှု

တပ်မတော် ကင်းလှည့်စဉ် ဓာတ်ပုံ မူပိုင် AFP/Getty Images

ရသေ့တောင်မှာ ရွှေနဒီ ရေယာဉ်ပေါ်ကနေ အေအေ ရက္ခိုင့်တပ်တော်က ဖမ်းဆီးသွားသူတွေနဲ့ တပ်မတော်က ဖမ်းဆီးထားသူတွေကို သုံ့ပန်းချင်းလဲလှယ်မယ်ဆိုတဲ့ အေအေ အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်က ညှိနှိုင်းမှာ မဟုတ်ဘဲ အဖမ်းခံရသူတွေ လွတ်မြောက်ရေး စစ်ဆင်ရေး ဆက်လုပ်မယ်လို့ ပြောပါတယ်။

အေအေအဖွဲ့က ဖမ်းဆီးထားတဲ့ တပ်၊ရဲ နဲ့ စစ်ဘက်နဲ့ သက်ဆိုင်သူတွေဆိုသူ ၁၇ ယောက်နဲ့ တပ်မတော်က ဖမ်းထားသူတွေကို အပြန်အလှန် လဲလှယ်မယ်လို့ အေအေက နိုဝင်ဘာ ၁၁ ရက် မှာ ကြေညာခဲ့တာပါ။

"ဘယ်နိုင်ငံတကာ တပ်မတော်မှ ဒီလိုအကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံညှိနှိုင်းတာ၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ ညှိနှိုင်းတာ မရှိဘူး" လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီလို မညှိနှိုင်းပေမဲ့ အေအေရဲ့ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးအတွက် စစ်ဆင်ရေးကိုတော့ ဆက်လုပ်မယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အေအေက ဖမ်းဆီးတာတွေ နဲ့ တပ်မတော်က ဖမ်းဆီးထားတာတွေက အခြေအနေချင်း မတူဘူးလို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images

"ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း စစ်ဆေးခြင်းဆိုတာကို တရားဝင်ဆောင်ရွက်တာ။ တရားဥပဒေ ဘောင်ထဲက အဖွဲ့ ဖြစ်တယ်" လို့ ပြောပါတယ်။

"ဖမ်းဆီးစစ်ဆေးပြီးရင် တရားစွဲတင်ခြင်းကို တည်ဆဲ ဥပဒေအရပဲ တရားစွဲတင်ခြင်း၊ တရားရုံး အဆုံးအဖြတ်ခံယူပြီးတော့ တည်ဆဲ ဥပဒေ အရပဲ ဆောင်ရွက်တာ ဖြစ်တယ်။ တရားစွဲခံရတဲ့ သူတိုင်းလည်း အပြစ်ပေး အရေးယူခံရတာ မရှိဘူး။ လွတ်သွားတဲ့သူလည်း ရှိတာပဲ။ ဒါတရားရုံးရဲ့ အဆုံးအဖြတ်ပဲ။ အခြေအနေချင်း မတူပါဘူး" လို့ ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့က တရားစွဲတင်တယ်တို့ စစ်ဆေးဆောင်ရွက်တယ်ဆိုပေမဲ့ မတရားဖမ်းဆီးထားတဲ့သူ မရှိဘူး။ ကျွန်တော်တို့ ဖမ်းဆီးထားတဲ့လူတွေက စစ်ဆေးနေတဲ့လူတွေ ရှိတယ်။ မခိုင်လုံဘူး ဆိုရင် အရင်ကတည်းက တရားစွဲမတင်ဘူး။ ပြန်လွှတ်ပေးလိုက်တယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်က မသင်္ကာသူကို တရားစွဲလို့ တရားရုံးက လွှတ်ပေးရင်လည်း စောဒက မတက်ဘူးလို့ ပြောပါတယ်။

"စစ်တွေမှာ စရဖ တပ်ကြပ်တစ်ယောက် သတ်ဖြတ်ခံရတယ်။ ဒါနဲ့ ပတ်သက်ပြီး တရားစွဲတင်တယ်။ တရားရုံးက လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တဲ့ အပေါ် ကျွန်တော်တို့ ဘာမှ စောဒက တက်စရာ အကြောင်းမရှိဘူး။ ဒါသည် နိုင်ငံသားအားလုံး လိုက်နာရမယ့် တရား ဥပဒေ ဖြစ်တယ်" လို့ ပြောပါတယ်။

ဒါ့ကြောင့် အခု အေအေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတယ်ဆိုသူတွေ အနေနဲ့ ဥပေဒအရပဲ ဖြေရှင်းရမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"တရားစွဲတင်ထားတဲ့သူတွေကတော့ တရားဥပဒေရဲ့ အဆုံးအဖြတ်အတိုင်းပဲ ဖြစ်လိမ့်မယ်" လို့ ပြောပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်ထဲမှာ တပ်မတော်က ရခိုင်ပြည်နယ်ကနေ ဖမ်းထားတဲ့ အရပ်သားတွေနဲ့ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းထားတဲ့သူတွေကို အေအေ ဖမ်းထားတဲ့ စစ်ဘက်နဲ့ဆိုင်တဲ့ သူတွေနဲ့ အပြန်အလှန် လဲလှယ်မယ်လို့ ပါရှိပါတယ်။

အေအေ အဖွဲ့နဲ့ သက်ဆိုင်သူတွေဆိုပြီး ဖမ်းဆီး တရားစွဲ ခံရသူတွေထဲမှာ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီနဲ့ ညီမ၊ အေအေ ပြောခွင့်ရ ခိုင်သုခရဲ့ ယောက်ဖ တို့လည်း ပါဝင်ပါတယ်။