တပ်ဘက်က ဖမ်းမိထားသူတွေကို ဓာတ်ပုံနဲ့ အေအေ ထုတ်ပြန်၊ သုံ့ပန်း လဲရေး အေအေကမ်းလှမ်း

စစ်သုံ့ပန်း ဓာတ်ပုံ မူပိုင် AA
Image caption တပ်မ ၇၇ လက်အောက်ခံ မှော်ဘီ ခမရ ၃၁၃ တပ်ကလို့ ပြော

ချင်းပြည်နယ် ပလက်ဝမြို့နယ် တိုက်ပွဲအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က တိုက်ပွဲမှာ စစ်သုံ့ပန်း ၁၃ ဦးနဲ့ စစ်လက်နက်ပစ္စည်း အချို့ကို အေအေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ အဲဒီ ဖမ်းဆီးရမိသူတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဓါတ်ပုံနဲ့တကွ အေအေဘက်က ထုတ်ပြန်လိုက်ပြီး စစ်သုံ့ပန်းလဲရေးကို အေအေဘက်က ထပ်မံ ကမ်းလှမ်းလိုက်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက သံသယနဲ့ ဖမ်းဆီးခံနေကြရတဲ့ အရပ်သားတွေကို ပြန်လည်လွှတ်ပေးမယ်ဆိုရင် တိုက်ပွဲတွေအတွင်းမှာ ဖမ်းဆီးရမိထားတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေကို ပြန်လည် လွှတ်ပေးမယ်လို့ ရက္ခိုင့်တပ်တော် အေအေက နိုဝင်ဘာလ၂၄ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

တကယ်လို့ သုံ့ပန်းတွေကို အလဲအလှယ်ပြုလုပ်မယ် ဆိုရင် အေအေဘက်က ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်း ပါနိုင်မလားလို့ ဘီဘီစီက မေးမြန်းခဲ့ရာမှာတော့ လွှတ်မပေးနိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

တပ်မတော်နဲ့ အေအေတို့ အကြား ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တစ်နှစ်ဝန်းကျင်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အေအေနဲ့ဆက်စပ် ပတ်သက်နေသူတွေ ဆိုပြီး တပ်မတော် စစ်ကြောင်း တွေရဲ့ ဖမ်းဆီး ခံနေရတဲ့ အရပ်သား ပြည်သူ ၁၅၀ လောက် ရှိနေပါတယ်။

အဲဒီ ဖမ်းဆီး ထိန်းသိမ်းခံနေကြရတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် အေအေဘက်က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သုံ့ပန်းတွေကိုလည်း ပြန်လည် လွှတ်ပေးမှာ ဖြစ်သလို သုံ့ပန်းချင်း အလဲအလှယ် လုပ်လိုတယ်လို့ အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AA
Image caption အေအေ ထုတ်ပြန်တဲ့ ဖမ်းမိလက်နက်တွေ

"တကယ်လို့ ကျွန်တော်တို့ ရခိုင် အရပ်သားတွေကို ပြန်ပြီးတော့ လွှတ်ပေးမယ်ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ဘက်ကလည်းပဲ အခု ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ပြန်ပြီးတော့ လွှတ်ပေးဖို့ ရှိတယ်။ ဒါပေမယ့် သူတို့ဘက်က လွှတ်မပေးဘူးဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ဘက်ကလည်း အလားတူ တုံ့ပြန်သွားမှာ ဖြစ်တယ်"လို့ ခိုင်သုခက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နေပြည်တော် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့တို့ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့တဲ့အတွက် တပ်မတော်ရဲ့ သဘောထားကို မသိရသေးပါဘူး။

သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်လို့ အေအေဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကိစ္စသာ ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့တာ မရှိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ပလက်ဝမြို့နယ်ထဲက ၂ နေရာလောက်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ် ဆိုပြီး နိုဝင်ဘာလ ၂၀ရက်နေ့က ဘီဘီစီကို အတည်ပြုခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ တပ်မတော်ဘက်က စစ်သုံ့ပန်းတွေကို အမှန်တကယ် ဖမ်းဆီးရမိထားတာ ဟုတ်မှန်တဲ့အကြောင်းကို ဖမ်းဆီးထားသူတွေရဲ့ဓါတ်ပုံတွေနဲ့တကွ အေအေဘက်က နို၀င်ဘာလ၂၄ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ခိုင်သုခကပြောပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ကို ပြေးဆွဲနေတဲ့ ရွှေနဒီ အမြန်ရေယာဉ်တစ်စီးကို အေအေဘက်က ရပ်တန့် တားဆီးခဲ့ပြီး ခရီးသည်တချို့ကို ဖမ်းဆီးသွားခဲ့ရာမှာ အဲဒီထဲက တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သုံ့ပန်းချင်း အလဲအလှယ် လုပ်မယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ် ညှိနှိုင်းစရာ အကြောင်းမရှိဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားတာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ အခုလိုမျိုး သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို လဲလှယ်ဖို့ ငြင်းဆိုနေတာဟာ မူးယစ်ဆေးဝါးတွေကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသလိုမျိုး ဖြစ်နေပြီး စစ်သုံ့ပန်းတွေလည်း ပိုင်ရှင်မဲ့ ဖြစ်နေရတယ်လို့ ခိုင်သုခက ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဒီလိုစစ်သုံ့ပန်း လဲမယ့်အစီစဉ်မှာ ပလက်ဝ ဇာတိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း မပါဘူးလို့လည်း အေအေဘက်က ပြောပါတယ်။

"ဦးဝှေ့တင်းကတော့ လွှတ်ပေးလိုက်လို့ရှိရင် ကျွန်တော်တို့အတွက် အန္တရာယ်ရှိတာပေါ့။ အဲ့ဒါကြောင့်မို့လို့ သူ့ကို ကျွန်တော်တို့ကတော့ ဆက်ပြီးတော့ ထိန်းသိမ်းထားမှာဖြစ်တယ်"လို့ ခိုင်သုခက ပြောပါတယ်။

ရွှေနဒီ ရေယာဉ်ပေါ်က ဖမ်းဆီးထားသူတွေထဲက စစ်ဘက်နဲ့ သက်ဆိုင်သူ ၁၆ ဦး၊ အခု ပလက်ဝမြို့နယ် တိုက်ပွဲအတွင်းက သုံ့ပန်း ၁၃ ဦးတို့ ရှိနေပြီး သူတို့ကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ရက္ခိုင်တပ်တော် အေအေက ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ခိုင်သုခက ပြောပါတယ်။